အမျိုးသားများနှင့်ဆီးကျိတ်ကင်ဆာ

ကမ္ဘာပေါ်တွင် ဆီးကျိတ်ကင်ဆာဖြစ်ပွားသော အမျိုးသားများဟာ ပျမ်းမျှအချိန် ၁၈ မိနစ် တိုင်းမှာ တစ်ဦးနှုန်းသေဆုံးနေကြပါတယ်။   “ယောက်ျား မှာဆီး၊ မိန်းမမှာမီး”ဟူသော ဆိုရိုး စကားအတိုင်း အမျိုးသားများကို ဒုက္ခပေးလေ့ရှိသော ဆီးကျိတ်ကို ဆေးပညာအရ  သုက်ရည် ဂလင်းဟုဆိုကြပါတယ်။ သက်လတ်ပိုင်းအရွယ်သို့ရောက်ရှိလာသော အမျိုးသားတစ်ယောက် တွင် သုက်ရည်ဂလင်း ပြဿနာဖြစ်လာနိုင်ခြေ  အလွန်များပြားလာတဲ့အတွက် ဆရာဝန်နှင့် မှန်မှန်ဆေးစစ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်လည်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများက အမျိုးသားများတွင်ဖြစ်ပွားတတ်သော    ဆီးကျိတ်ရောဂါ အကြောင်းကို သတိပေးလိုသော ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလကို Prostate Cancer Awareness Month  ဆီးကျိတ်ကင်ဆာ သတိထားရမယ့် လတစ်လအဖြစ် အထူးတလည်သတ်မှတ်ဆော်သြ ပေးထားခြင်းဖြစ်ပါတယ်။

ဆီးကျိတ်၏အရေးပါပုံ

ဆီးကျိတ်ဆိုတာ မျိုးပွားစေသည့်အကျိတ်ဖြစ်ပြီး သစ်ကြားသီးအရွယ်ခန့်ရှိပါတယ်။ ထိုအကျိတ် ဟာ ဆီးအိမ်၏ အောက်ခြေတွင်တည်ရှိကာ လိင်ကျန်းမာရေးနှင့် ဖိုမမျိုးပွားခြင်းအတွက် အရေးပါသည့် အကျိတ်ဖြစ်ပါတယ်။ 

ဆီးကျိတ်ကင်ဆာနှင့်အခြားရောဂါများ

ဆီးကျိတ်တွင် ပြဿနာရှိပြီး ရုတ်တရက်ကြီးထွားလာပါက ဆီးလမ်းကြောင်းကို ဖိထားသော ကြောင့် ဆီးများမထိန်းနိုင်ခြင်း၊  ဆီးသွားစဉ်နာကျင်ခြင်း၊ ညှစ်၍ဆီးသွားရသည့်အတွက် သက်သောင့်သက်သာမရှိခြင်းနှင့် ဆီးထဲတွင်သွေးပါခြင်း စသည့်ဝေဒနာများကို ခံစားကြရပါ တယ်။ အခြေအနေဆိုးရွားပါက သုက်ရည်ဂလင်းထဲတွင် ကင်ဆာအဖုအကျိတ်ဖြစ်ပေါ်လာ တတ်ပါတယ်။ ထိုအခြေအနေမျိုးမှာ ဆေးဝါးကုသမှုကောင်းစွာမခံယူခဲ့ပါက ခန္ဓာကိုယ်၏ အခြားနေရာများထိပါ ကင်ဆာဆဲလ်များပျံ့နှံ့တတ်ပါတယ်။ အမျိုးသားများဆီးသွားရာတွင် ပုံမှန်အနေအထားမဟုတ်တော့ဘဲ ထူးခြားသည့်လက္ခဏာ တစ်စုံတစ်ရာဖြစ်လာသော အခါများ တွင်လည်းကောင်း၊ ဆီးကျိတ်ရောင်ရမ်းသော အခါတွင်လည်းကောင်း မပေါ့ဆဘဲ ဆရာဝန်နှင့်ပြ သင့်ပါတယ်။ ပျမ်းမျှ အသက် ၃၀ နှစ်နှင့် ၅၀ နှစ်အကြားရှိ အမျိုးသားများမှာ မကြာခဏ ဆီးကျိတ်ရောင်ရမ်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။   ထိုသို့ရောင်ရမ်းခြင်းဟာ ဗက်တီးရီးယားပိုး ကြောင့်   ရောင်ရမ်းနိုင်သလို အခြားပြဿနာကြောင့်လည်း  ရောင်ရမ်းနိုင်ပါတယ်။

ဆီးလမ်းကြောင်းမှ   ဗက်တီးရီးယားပိုးဝင်၍ ဆီးကျိတ်ရောင်ရမ်းသောအခါများတွင် အဖျား တက်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ကြွက်သားများကိုက်ခဲနာကျင်ခြင်း၊ လိင်အင်္ဂါနာကျင်ခြင်းနှင့် ဆီးသွားရာ၌ပုံမှန်မဖြစ်ခြင်း စသည့်ရောဂါလက္ခဏာများ  ခံစားရတတ်ပါတယ်။ ဗက်တီးရီးယား ပိုးကြောင့်မဟုတ်ဘဲ ဆီးကျိတ်ရောင်ရမ်းသောအခါများတွင်လည်း  အလားတူဖော်ပြပါ  ရောဂါ ဝေဒနာများအတိုင်း   ခံစားကြရပါတယ်။ သို့သော် ရောဂါကူးစက်ခြင်းဇာစ်မြစ်ကို အဖြေရှာရန် ခက်ခဲပါလိမ့်မယ်။

ဆီးကျိတ်အရွယ်အစား စတင်ကြီးထွားရောင်ရမ်းလာခြင်း

အသက် ၄၀ ကျော် အမျိုးသားများတွင် ဝှေးစေ့မှထွက်သော ဟော်မုန်းဓာတ်လျော့နည်းသွား သောကြောင့် သုက်ရည်ဂလင်းစတင်ပြီး ရောင်ရမ်းကြီးထွားလာတတ်ကြပါတယ်။ ထိုအခြေ အနေမျိုးမှာ ဆီးပြတ်တောင်းပြတ်တောင်းသွားခြင်း၊ ဆီးသွားရာ၌ အားမရခြင်းနှင့် ဆီးအိမ်ထဲ မှာ ဆီးများကျန်နေသေးသည်ဟုခံစားရခြင်း စသည်တို့ကဲ့သို့သော ပိတ်ဆို့သည့်လက္ခဏာများ ဖြစ်လာတတ်ပါတယ်။ ထို့ပြင်တချို့အမျိုးသားများတွင် ၎င်းင်းလက္ခဏာများနှင့် ဆန့်ကျင်ဘက် ဖြစ်သော ဆီးပမာဏထွက်ရှိမှု  များပြားလာခြင်း၊ ဆီးသွားလိုစိတ်ပြင်းပြခြင်းနှင့် ဆီးသွားနေစဉ်  ဆီးအိမ်နာကျင်ခြင်း စသည့်လက္ခဏာတို့လည်း ဖြစ်တတ်ပါတယ်။

ဆီးကျိတ်ကြီးထွားရောင်ရမ်းခြင်း ဝေဒနာသည် အသက်ကိုခြိမ်းခြောက်အန္တရာယ်ပြုသည်ဟု မဆိုလိုသော်လည်း အမျိုးသားများ၏ ဘဝသက်တမ်းကိုတော့ ထိခိုက်စေသည်မှာ ဧကန်မလွဲပါ ဘဲ။ အကျိတ်ကြီးထွားလာသောအခါ၌ ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့် ဆီးမထိန်းနိုင် ခြင်း စသည့်ပြဿနာများ ဖြစ်လာပါပြီ။ အဆိုပါအခြေအနေမျိုးတွင် ဆရာဝန်နှင့်ဆွေးနွေး တိုင်ပင်ကာ ထိရောက်စွာဆေးဝါးကုသမှုခံယူသင့်ပြီး ဝေဒနာရှင်ကလည်း ညနေစောင်းပိုင်းမှစ၍ ရေကို အနည်းငယ်လျှော့၍သောက်ခြင်း၊  အရက်သေစာ သောက်စားခြင်းမှရှောင်ရှားခြင်း၊  ကဖိန်းဓာတ်ပါသောအရည်များကို လုံးဝမသောက်ခြင်း၊  ဆီးရွှင်ဆေးကဲ့သို့သော ဆီးဆေးများကို မမှီဝဲခြင်း စသည်ဖြင့် မိမိကိုယ်ကိုဆင်ခြင်ဖို့လိုအပ်ပါတယ်။

ဆီးကျိတ်ကင်ဆာ 

မိသားစုရာဇဝင်ကိုဆန်းစစ်ကြည့်ရာ၌   ဖခင်သို့မဟုတ် ညီအစ်ကိုများတွင် ဆီးကျိတ်ကင်ဆာ ရှိကြလျှင် သင်သည်လည်း အသက် ၄၀ နောက်ပိုင်းတွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများ ပါတယ်။ ဆိုးရွားပြင်းထန်လာသောအခြေအနေမှာ  ၎င်းင်းကင်ဆာဆဲလ်များဟာ ခန္ဓာကိုယ်ထဲရှိ ကုသရန်ခက်ခဲသော နေရာများဖြစ်ကြသည့် သွေးဖြူဥများ၊ အရိုးများနှင့် အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများထိပါ ပျံ့နှံ့သွားနိုင်ပါတယ်။

ကာကွယ်တားဆီးခြင်း

အကယ်၍ သင့်မှာအထက်ပါရောဂါလက္ခဏာများ မပြသေးသော်လည်း သင်သည် အသက် ၄၀  ရောက် ချိန်မှစ၍  ဆီးကျိတ်ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ အာဟာရ ပြည့်ဝစွာစားသောက်ခြင်းကလည်း ထိုရောဂါဝေဒနာကို  တစ်ဖက်တစ်လမ်းက ဟန့်တား ကာကွယ်ပေးသကဲ့သို့ ပြည့်ဝဆီမြင့်မားစွာပါရှိသောအစားအစာများကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ သွေးထဲမှာ ဟိုက်ဒရိုဂျင်ပါသော အဆီပမာဏမြင့်မားခြင်းကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပေါ်နိုင်၍ သကြားပါသောဖျော်ရည်များ   သောက်သုံးမှုကိုရှောင်ရှားပါ။ အနီရောင်အသား များ၊ တာရှည်ခံအသားများ၊ ဆားဖြင့်တာရှည်ခံအောင်ပြုလုပ်သော အစား အစာတွေကိုရှောင်ပါ။ ဆားစားသုံးမှုပမာဏမြင့်မား ခြင်းက ဆီးကျိတ်ကင်ဆာအန္တရာယ်ကိုမြင့်တက်စေ၍  ဆား အငန်လျှော့စားပါ။ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ကျောက်ဖရုံသီး၊ မန်ကျည်းသီးမှည့်၊ ကညွတ်၊ သဘာဝဆန်၊ ဂျုံ၊ ပဲ၊  ပြောင်းစားပါ။ ဟင်းလျာများကို သံလွင်ဆီ၊ မြေပဲဆီတို့ကဲ့သို့  မပြည့်ဝဆီ ဖြင့်သာ ချက်ပြုတ်စားသောက်ပါ။ ပင်လယ်ငါးကြီးများတွင်  Omega-3 fatty acids  များ ကြွယ်ဝစွာပါရှိသောကြောင့် ကင်ဆာရောဂါကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊  ကြက်သွန်မြိတ်နှင့် ပဲပုပ်တို့မှာပါရှိတဲ့ Allyn Sulfa ဓာတ်က ကင်ဆာရောဂါ တိုက်ထုတ်ပေးနိုင်သော အစွမ်းသတ္တိများစွာရှိနေပါတယ်။ ဆီးကျိတ်ကြီးထွားရောင်ရမ်းသော အခါများမှာ ကန်စွန်းရွက်ကိုထောင်း၍ ရောင်ရမ်းသောနေရာတွင်အုံပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ အထူးသဖြင့် နနွင်းမှုန့်ကို ပန်းဂေါ်ဖီ(အဖြူ)နှင့်တွဲဖက်၍ ချက်စား ခြင်းက  ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အကင်စာတွေ အစားများ သူတို့မှာ ကျောက်ကပ်သာမက အူမကြီး၊ ပန်ကရိယနှင့် ဆီးကျိတ်ကင်ဆာများပါ ပိုအဖြစ်များကြ ကြောင်း ကင်ဆာအသင်းကြီးက ဆိုပါတယ်။ ဝိုင်နီကို ရက်သတ္တပတ်လျှင် လေးခွက်မျှ  ပုံမှန်သောက်သုံးပေးခြင်းဖြင့် သုက်ရည်ဂလင်းကင်ဆာဖြစ်နိုင်ခြေအလားအလာကို   ၅၀ ရာခိုင် နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ မှိုထဲတွင်ပါရှိသော Selenium ဓာတ်တစ်မျိုးက အမျိုးသားများ ရာဂစိတ်တက်ကြွလာစေရန်  နှိုးဆော်ပေးနိုင်စွမ်းရှိသည့်ပြင် အမျိုးသားများ၏ ဆီးကျိတ် ကင်ဆာဖြစ်ပေါ်လာမှုကို ၆၅ ရာခိုင်နှုန်း  ကာကွယ်ပေးနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာရောဂါ ရှိ၊ မရှိကိုစစ်ဆေးခြင်း

(၁) ဆရာဝန်က  လူနာ၏စအိုလမ်းကြောင်းထဲမှ လက်ဖြင့်နှိုက်၍ ဆီးကျိတ် အရွယ်အစား ပြောင်းလဲမှုစစ်ဆေးခြင်းကို ဆေးပညာအရ  Digital Rectal Exam(DRE) ဟုခေါ်ပါတယ်။

(၂) Prostate-specific antigen(PSA) နည်းဖြင့်လည်း  ထိုကင်ဆာရောဂါ ရှိ၊ မရှိကို စစ်ဆေး နိုင်ပြီး ထိုနည်းက သုက်ရည်ဂလင်းမှထုတ်ပေးသော  သွေးထဲရှိ ပရိုတင်းပမာဏကို တိုင်းတာ စစ်ဆေးသောနည်းဖြစ်ပါတယ်။ အကယ်၍ ပရိုတင်းပမာဏ  မြင့်မားနေခြင်းဟာ သုက်ရည် ဂလင်းကင်ဆာရှိကြောင်းကို  ဖော်ပြနေခြင်းဖြစ်ပါတယ်။

(၃) Ultrasound ဖြင့် စမ်းသပ်နိုင်ပါတယ်။ စအိုလမ်းကြောင်းထဲတွင် ပြွန်တစ်ခုထည့်၍ သုက်ရည်ဂလင်း အနားထိရောက်အောင် အသံလှိုင်းကိုဖြတ်သန်းစေကာ  ကွန်ပျူတာထဲတွင် ပေါ်လာသောပုံရိပ်ကိုကြည့်၍ ကင်ဆာရောဂါ ရှိ၊ မရှိကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

(၄) အလွန်သေးငယ်သောအပ်ဖြင့် နမူနာတစ်သျှူးစကိုထုတ်ယူပြီးနောက်  အနုကြည့် မှန်ဘီလူး အောက်မှာ  ဆဲလ်အကျိတ်စစ်ဆေးခြင်းကိုတော့ Biopsy ခေါ် အသားမျှင်ကိုထုတ်၍  ဓာတ်ခွဲ စစ်ဆေးနည်းလို့ခေါ်ပါတယ်။

အစားအစာနှင့်ဆီးကျိတ်ကင်ဆာ

ဆေးသုတေသီများ၏ အသစ်တွေ့ရှိချက်များအရ စားသုံးသောအစားအစာများတွင် ပြည့်ဝဆီ ပါဝင်မှုများပြားခြင်းက အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာ ပိုမိုဆိုးရွားစေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အဆီအများအပြားပါဝင်သော  အသားများ၊ နို့ခဲ၊ ဒိန်ခဲများကို လွန်ကဲစွာ စားသုံးလေ့ရှိသော အမျိုးသားများမှာ ပိုမိုဆိုးရွားတဲ့ ဆီးကျိတ်ကင်ဆာဖြစ်လာနိုင်ခြေ  ပို၍မြင့်မားပါတယ်။ ၎င်းပြည့်ဝဆီများလွန်ကဲခြင်းက နှလုံးနှင့်သွေးကြော ဆိုင်ရာရောဂါများ ကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ သို့သော် သွေးထဲတွင် ကိုလက်စထရောများပြားခြင်းအတွက် သွေးတွင်းအဆီကျဆေးများကိုသောက်သုံးနေရတဲ့ အမျိုးသားများမှာတော့  ဆီးကျိတ်ကင်ဆာ ပိုမိုဆိုးရွားနိုင်ခြေနည်းပါးကြောင်းကိုလည်း   တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် အမျိုးသားများ အနေဖြင့် ပြည့်ဝဆီပါဝင်မှုများပြားသော အစားအစာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်နှင့် သွေးထဲတွင် ကိုလက်စထရောပမာဏများပြားနေပါက ဆရာဝန်နှင့်ပြသပြီး သင့်လျော်သော ကုသမှုခံယူသင့်ပါတယ်။

“Precaution is Better than Cure” ဆိုသော ဆိုရိုးစကားရှိပါတယ်။ ဆိုလိုရင်းမှာ “ရောဂါ ဖြစ်လာမှကုသခြင်းထက်  ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံး” ဖြစ်ပါတယ်။ လူ့ဘဝသည် ရခဲလှသဖြင့် လူသားအားလုံး  သက်တမ်းစေ့နေနိုင်ရေးအတွက် မိမိနှင့်တကွ၊ မိမိ၏မိသားစု၊ ဆွေမျိုးသားချင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့တွင် အမျိုးသား များနှင့် ဆီးကျိတ်ကင်ဆာ ကျန်းမာရေးဗဟုသုတရှိစေလိုပါကြောင်း စေတနာအရင်းခံဖြင့် တိုက်တွန်းလိုက်ရပါတယ်။  ။

မှတ်ချက်။ အကယ်၍ ကျန်းမာရေးလမ်းညွှန်ကို ဖတ်ရှုနေသောသင်သည် အမျိုးသမီး တစ်ယောက်ဖြစ်နေပါလျှင် သင်၏ဖခင်၊ ခင်ပွန်း၊ အစ်ကို၊ မောင်၊သား၊ မြေးတို့အား ဤ ကျန်းမာရေးလမ်းညွှန်ဗဟုသုတကို လက်ဆင့်ကမ်းမျှဝေပေးကြစေလိုပါသည်။