အိန္ဒိယကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး လိုက်ပါလာသော ရဟတ်ယာဉ်ပျက်ကျ၊ ကွယ်လွန်သူ ၁၃ ဦးရှိ

အိန္ဒိယကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး လိုက်ပါလာသော ရဟတ်ယာဉ်ပျက်ကျ၊ ကွယ်လွန်သူ ၁၃ ဦးရှိ

အိန္ဒိယကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးအပါအဝင် လူ ၁၄ ဦး လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးနာဒူးပြည်နယ်၌ ဒီဇင်ဘာ ၈ ရက်တွင်ပျက်ကျမှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါရဟတ်ယာဉ်ပျက်ကျမှုတွင် ဒဏ်ရာရရှိသူ တစ်ဦးသာရှိပြီး ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ကျန် ၁၃ ဦးမှာ ကွယ်လွန်သွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်    ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်နှင့်ဇနီး အပါအဝင် တပ်မတော်မှ တာဝန်ရှိသူများ   ရုတ်တရက် ကွယ်လွန်ရခြင်းအပေါ် မဖော်ပြနိုင်လောက်အောင် ဝမ်းနည်းကြောင်း၊ ဗိုလ်ချုပ်ကြီး၏ အချိန်မတိုင်မီ ကွယ်လွန်မှုက အိန္ဒိယ တပ်မတော်အတွက်    ပြန်လည်အစားထိုး မရသော ဆုံးရှုံးမှုဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရက်ချနက်ဆင်းက လူမှုကွန်ရက်တွင် ရေးထားသည်။

ဗိုလ်ချုပ်ကြီးဘီပင်ရာဝပ်သည် နိုင်ငံတော်အတွက် သူမတူသော ဇွဲသတ္တိနှင့် လုံ့လဝီရိယတို့စိုက်ထုတ်ပြီး အမှုထမ်းခဲ့သူဖြစ်ကြောင်းနှင့် ၎င်း၏လက်ထက်တွင် ကာကွယ်ရေးတပ်ဖွဲ့များကို ပေါင်းစည်းမှုအတွက် အစီအစဉ်များ ရေးဆွဲချမှတ်ခဲ့သူဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးက ဆက်ပြောသည်။

အဆိုပါရဟတ်ယာဉ်သည် တမီးနာဒူးပြည်နယ်၏ မြို့တော် ချန်နိုင်းမြို့၏ အနောက်တောင်ဘက် ၅၃၈ ကီလိုမီတာခန့် အကွာ နေးဂီရီခရိုင်ရှိ ကူနူးအရပ်၌ ပျက်ကျခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဘီပင်ရာဝပ်သည် နယူးဒေလီမြို့မှ ကိုယမ်ဘာတူရှိ ဆူလူရူမြို့သို့ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင်ရောက်ရှိ လာခြင်းဖြစ်သည်။    ထို့နောက် ဆူလူရူ လေတပ်စခန်းမှနေ၍  နေးဂီရီတောင်ရှိ ဝယ်လင်တန်မြို့သို့ ဆက်လက်ထွက်ခွာပြီး မကြာမီ မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ တွင် ရဟတ်ယာဉ်ပျက်ကျခြင်းဖြစ်သည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သည့် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်သည် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ကြည်းတပ်ဦးစီးချုပ်အဖြစ် သုံးနှစ်တာဝန် အပြည့်ထမ်းဆောင်ပြီးနောက် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာသူဖြစ်ကြောင်း   သိရသည်။