နိုင်ငံ၏လုံခြုံရေးကို ကာကွယ်ရန် ရုရှားနိုင်ငံတွင် အခွင့်အရေးရှိဟု ဗလာဒီမာပူတင်ပြော

နိုင်ငံ၏လုံခြုံရေးကို ကာကွယ်ရန် ရုရှားနိုင်ငံတွင် အခွင့်အရေးရှိဟု ဗလာဒီမာပူတင်ပြော

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံ၏ လုံခြုံရေးကို ကာကွယ်ရန်  အခွင့်အရေးရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။

ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့ ဒီဇင်ဘာ ၇ ရက်တွင် အွန်လိုင်းမှ တစ်ဆင့်တွေ့ဆုံ ဆွေးနွေးပြီးနောက် ဗလာဒီမာပူတင်က ယခုကဲ့သို့   လူသိရှင်ကြား ထုတ်ဖော်ပြောခြင်း ဖြစ်သည်။

သမ္မတနှစ်ဦးတွေ့ဆုံစဉ် ရုရှားနိုင်ငံ အနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပါက အနောက်နိုင်ငံများ၏ ပြင်းထန်သော စီးပွားရေးအရ တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးသည်။

ထို့နောက် ရုရှားနိုင်ငံသည် ငြိမ်းချမ်းစွာ ဆောင်ရွက်သော  နိုင်ငံခြားရေး မူဝါဒကို ချမှတ်ထားသော်လည်း နိုင်ငံ၏ လုံခြုံရေးကို ကာကွယ်ရန် အခွင့်အရေးရှိကြောင်း ဗလာဒီမာပူတင်က   ဂရိဝန်ကြီးချုပ်နှင့် ဒီဇင်ဘာ ၈ ရက်တွင်  တွေ့ဆုံစဉ်ပြောသည်။

ဗလာဒီမာပူတင်က ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ထားခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ ပြောဆိုရန်ငြင်းပယ်ထားသော်လည်း NATO တပ်ဖွဲ့၏ ရုရှားနိုင်ငံအနီး လှုပ်ရှားမှုများကို သေချာစောင့်ကြည့်နေသည်ဟု ပြောထားသည်။

ယူကရိန်းနိုင်ငံက NATO တပ်ဖွဲ့သို့ ဝင်နိုင်ခြေရှိမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ ယူကရိန်းအနေဖြင့် NATO တပ်ဖွဲ့ဝင်နိုင်ငံဖြစ်သွားပါက နောက်ဆက်တွဲ ဖြစ်လာနိုင်သည်များမှာ  ယင်းနိုင်ငံအတွင်း NATO တပ်ဖွဲ့က စစ်စခန်းများ တည်ဆောက်ခြင်းနှင့်  စစ်အင်အား ဖြန့်ကြက်ခြင်းတို့ဖြစ်ပြီး ထိုအရာများသည် ရုရှားနိုင်ငံကို ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း  ဗလာဒီမာပူတင်က ပြောသည်။

ထို့ပြင် NATO တပ်ဖွဲ့အနေဖြင့် အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်လာခြင်းသည် ရုရှားနိုင်ငံအတွက် အလွန်အကဲဆတ်သော ကိစ္စဖြစ်ကြောင်း၊ ထိုအခြင်းအရာသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို ထိန်းသိမ်းမှုနှင့် ပတ်သက်၍ အဓိက အကျဆုံးသော   မေးခွန်းများအနက်တစ်ခုဖြစ်ကြောင်း ရုရှားသမ္မတက ဆက်ပြောသည်။