မြန်မာ့လက်ရွေးစင်အသင်းက တီမောလက်စ်တေအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ

မြန်မာ့လက်ရွေးစင်အသင်းက တီမောလက်စ်တေအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ

ရန်ကုန် ဒီဇင်ဘာ ၈

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က) အုပ်စု ဒုတိယပွဲစဉ်အဖြစ် ယနေ့မြန်မာ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် စင်ကာပူနိုင်ငံ၌ မြန်မာ့လက်ရွေးစင် အသင်းနှင့် တီမော လက်စ်တေ လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်  ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် အသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အသင်းနည်းပြ အန်တွမ်နီဟေးက ပွဲထွက် ကစားသမားများ အဖြစ် ဂိုးသမားနေရာတွင် မျိုးမင်းလတ်ကိုအသုံးပြုခဲ့ပြီး ဟိန်းဖြိုးဝင်း၊ ကျော်ဝင်းမိုး၊ လွင်မိုးအောင်၊ ဒေးဗစ်ထန်း၊ ဆမ်လမန်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ ခန့်မြတ်ကောင်း၊ လှိုင်းဘိုဘိုနှင့် သန်းပိုင်တို့ကို အသုံးပြုခဲ့သည်။

အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အသင်းက တီမောလက်စ်တေအသင်းကို ပွဲစကတည်းက ခြေစွမ်းပိုင်း အသာ၊ ဘောလုံး ပိုင်ဆိုင်မှုအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၁၄ မိနစ်တွင် တီမောလက်စ် တေအသင်း  ခံစစ်ကစားသမားများဖျက် ထုတ်ပုံမသေသပ်မှုများမှ တစ်ဆင့် သန်းပိုင် ကခေါင်းတိုက်၍ မြန်မာ့လက်ရွေးစင်အသင်း အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့၍ ပထမ ပိုင်းပြီးဆုံးချိန်တွင် မြန်မာ့လက်ရွေးစင် အသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း မြန်မာ့လက်ရွေးစင် အသင်းက  တရစပ် တိုက်စစ်ဆင် ဖိအားပေးကစားခဲ့ရာမှ    ပွဲချိန်တစ်လျှောက်လုံး အကောင်းဆုံး ခြေစွမ်းပြသလျက်ရှိနေသည့်  ကွင်းလယ်ကစားသမား မောင်မောင်လွင်က ပွဲချိန် မိနစ် ၅ဝ တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် လက်ကျန်အုပ်စု ပွဲစဉ်များအဖြစ် လာမည့် ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းအသင်းနှင့် ကစားရမည်ဖြစ်ပြီး   အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ကစားရမည် ဖြစ်ကြောင်း သိရသည်။