ပန်ဆောင်မြို့ အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံ

ပန်ဆောင်မြို့ အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံ

ပန်ဆောင်  ဒီဇင်ဘာ   ၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှအသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် ပန်ဆောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဒုတိယအကြိမ် ထပ်မံ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ပန်ဆောင်မြို့အတွင်းရှိ  အခြေခံပညာ ကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၂၈ ဦးအား  ဒီဇင်ဘာ ၈ ရက်တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေး လာရောက်ထိုးနှံရန် ကျန်ရှိနေသည့်  ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ ၁၄ ရက်တွင် ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် ပန်ဆောင်မြို့  အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်း ပန်ဆောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးထံမှ သိရသည်။

ပန်ဆောင်ဒေသအတွင်း ကျောင်းပေါင်း ၂၆ ကျောင်းရှိပြီး အဆိုပါ ကျောင်းပေါင်း၂၆ ကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်း ၁၅ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၄၄၄ ဦးရှိကြောင်း၊ ယင်းကျောင်းသား၊ ကျောင်းသူ ၁၄၄၄ ဦးထဲမှ ကျောင်းသား၊ ကျောင်းသူ၅၇၂ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်   ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ပန်ဆောင်ဒေသအနေဖြင့် ဝေးလံခေါင်ဖျားသည့် ဒေသဖြစ်သည့်အတွက်  လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကာကွယ်ဆေး လာရောက်ထိုးနှံရန် ကျန်ရှိနေသည့် ကျေးရွာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး  ဆက်လက် ထိုးနှံပေးနိုင်ရန်  ဌာနဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယင်းမြို့အတွင်းရှိ ဆေးထိုးစုရပ်၌ ကာကွယ်ဆေးထိုးအဖွဲ့၊ ကြီးကြပ်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ  စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး   မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။