ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ မြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတစ်ခု၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာ မြင့်မားစေခြင်းကြောင့် အလေးထား ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အတွင်းမှ အလားအလာရှိသည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာပြီး တိုင်းဒေသကြီးဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင် နိုင်စေရန် အားကစားစိတ်ဓာတ် အမြဲထားရှိဖို့ လိုအပ်ကြောင်း၊ ပြိုင်ပွဲကြီးကြပ် ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများ အနေဖြင့်လည်း နည်းစနစ်တကျ ပြိုင်ပွဲဥပဒေများ အတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန် လိုကြောင်း မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပွဲကြည့်ပရိသတ်များက အုပ်စုပတ်လည်အဖြစ် တောင်ငူခရိုင်(ခ)အသင်းနှင့် ပဲခူးခရိုင်(က) အသင်းတို့ နှစ်ယောက်တွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခရိုင်မှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ၄ဝ ဦးပါဝင်ကာ အုပ်စုပတ်လည်ဖြင့် နှစ်ယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂ဝ၁၆ ခုနှစ်တွင် အမျိုးသား အသင်းလိုက်ပြိုင်ပွဲ ရွှေတံဆိပ်၊ ၂ဝ၁၈ ခုနှစ်တွင် အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ ရွှေတံဆိပ်၊ အမျိုးသားလေးယောက်ပြိုင်ပွဲ ရွှေတံဆိပ်အပြင် စုပေါင်းတံခွန်စိုက်ဖလား ပါရရှိသည်အထိ အောင်မြင်မှုများ ရရှိကြောင်း သတင်းရရှိသည်။