နိုင်ငံတော်နဲ့ တပ်မတော်အတွက် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်စေရန်၊ အင်ဂျင်နီယာ အရာရှိကောင်းများ ပေါ်ထွက်လာစေရန် မွေးထုတ်ပေးလိုက်သည့် တပ်မတော်နည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် မျိုးဆက်သစ် တပ်မတော်သား အရာရှိများ၏ စကားသံများ

နိုင်ငံတော်နဲ့ တပ်မတော်အတွက် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်စေရန်၊ အင်ဂျင်နီယာ အရာရှိကောင်းများ ပေါ်ထွက်လာစေရန် မွေးထုတ်ပေးလိုက်သည့် တပ်မတော်နည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် မျိုးဆက်သစ် တပ်မတော်သား အရာရှိများ၏ စကားသံများ

နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်မယ့် အမျိုးသားတပ်မတော်အတွက် လိုအပ်တဲ့လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ အင်ဂျင်နီယာဘွဲ့ရ အရာရှိကောင်းများကို မွေးထုတ်ပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်မတော်နည်းပညာ တက္ကသိုလ်ကို ၁၉၉၄ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ပြောင်းလဲတိုးတက်နေတဲ့ စစ်မှုအတတ်ပညာများ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများကို   ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်စေရန်၊ အင်ဂျင်နီယာ အရာရှိကောင်းများ ပေါ်ထွက်လာစေရန် တပ်မတော်နည်းပညာ တက္ကသိုလ်မှ မျိုးဆက်သစ်များကို နှစ်စဉ်မွေးထုတ် ပေးလျက်ရှိပါတယ်။ ယနေ့မှာ သင်တန်းဆင်းခဲ့တဲ့ တပ်မတော်နည်းပညာ တက္ကသိုလ် အမှတ်စဉ် (၂၃)ဗိုလ်လောင်းသင်တန်းမှ သင်တန်းဆင်းဗိုလ်လောင်းများနဲ့ တာဝန်ရှိသူများရဲ့ ရင်တွင်း စကားသံများကို ဖော်ပြပေးလိုက်ရပါတယ်။

ဗိုလ်မှူးကြီးသက်နိုင်ဦး (နည်းပြအရာရှိချုပ်)

    ကျွန်တော်ကတော့     တပ်မတော် နည်းပညာတက္ကသိုလ် လေ့ကျင့်ရေးဌာနမှာ နည်းပြအရာရှိချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကြီးသက်နိုင်ဦး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့တာဝန်ကတော့ တပ်မတော် နည်းပညာတက္ကသိုလ် လေ့ကျင့်ရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့  နည်းပြအရာရှိ/ စစ်သည်တွေကို ကွပ်ကဲကြပ်မတ်ပြီးတော့ (ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့ သုံးခုလုံး၏ အင်ဂျင်နီယာ အရာရှိတစ်ဦးတွင် ရှိသင့် ရှိထိုက်သော  အခြေခံ အရည်အချင်းများ အားလုံးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ပေးရမည့်အပြင် စည်းကမ်းရှိရေး၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စိတ်ဓာတ်၊ စည်းကမ်းနှင့်ကျန်းမာကြံ့ခိုင်ရေး၊ ပေါင်းသင်း ဆက်ဆံရေးတို့နဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် လေ့ကျင့်ပေးရတဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဗိုလ်လောင်းတွေကို လေ့ကျင့်သားပြည့်ဝတဲ့ အရာရှိတွေဖြစ်လာဖို့ အတွက် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ စစ်ရေးပြ၊ လက်နက်ငယ်၊ စစ်နည်းဗျူဟာဘာသာရပ်တွေ ပို့ချလေ့ကျင့်ပေးရာမှာ သင်တန်းနှစ်အလိုက် စစ်ပညာအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ကျောင်းဆင်းတဲ့အချိန်မှာ   တပ်စုမှူး အဆင့်ထိ စစ်ပညာရပ်တွေကို ကျွမ်းကျင် တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။   ဗိုလ်လောင်းတွေ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ပြီး သတ်မှတ်ကိုယ်အလေးချိန် ကိုက်ညီစေဖို့အတွက် နံနက်၊ ညနေ   ကြံ့ခိုင်ရေး သင်ခန်းစာတွေအပြင် ယုံကြည်မှုလေ့ကျင့်ခန်းတွေကိုပါ  စနစ်တကျ သင်ရိုးဇယားများ ရေးဆွဲပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ ဗိုလ်လောင်းတွေ အခြေခံစိတ်ဓာတ် ကောင်းမွန်စေဖို့နဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေဖို့ အတွက်လည်း သင်တန်းနှစ်အလိုက် အောင်စစ်သည် အားကစားပြိုင်ပွဲတွေ ကျင်းပပြုလုပ် ပြီးတော့   အဖွဲ့အစည်း စိတ်ဓာတ်ရှိလာအောင် လေ့ကျင့်သင်ကြား ပေးလျက်ရှိပါ တယ်။ ''ဗိုလ်လောင်းမှန်လျှင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရမည်'' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဗိုလ်လောင်းတွေ  စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေဖို့အတွက် ဝတ်စား ဆင်ယင်မှု စည်းကမ်း၊     အိပ်ဆောင်စည်းကမ်း၊ စားရိပ်သာစည်းကမ်း၊ စာပေ/စစ်ပညာသင်တန်းချိန်တွင် လိုက်နာရမည့် စည်းကမ်း စတဲ့ စည်းကမ်းချက်တွေ ချမှတ်ပြီး  တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးအရာရှိတွေကို အနီးကပ်ကြီးကြပ် ဆောင်ရွက်စေလျက်ရှိပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ''စစ်တိုက်နိုင်သော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်၊ အရည်အချင်းရှိသော အင်ဂျင်နီယာအရာရှိများဖြစ်ရမည်၊  စည်းကမ်းကောင်းသော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်'' ဆိုတဲ့လမ်းညွှန်ချက်နှင့် အညီ ဗိုလ်လောင်းတွေကို ကျောင်းဆင်းတဲ့အချိန်မှာ တပ်မတော် အတွက် အားထားရတဲ့   အင်ဂျင်နီယာ အရာရှိကောင်းတွေဖြစ်လာစေဖို့ အဓိကထား လေ့ကျင့်ပေးလျက်ရှိပါတယ်။ လေ့ကျင့်ရေး ထူးချွန်ဆုကို    ရွေးချယ်တဲ့အခါမှာ သင်တန်းကာလ    ခြောက်နှစ်အတွင်း စစ်ပညာနှင့် စိတ်ဓာတ်/စည်းကမ်း၊ အကျင့်စာရိတ္တ အပိုင်းတို့မှာ စုစုပေါင်း အမှတ်အများဆုံးရရှိသူ ၁ဝ ဦးအနက်မှ  အကျင့်စာရိတ္တ၊ စည်းကမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှာ စံပြဖြစ်သူ ဗိုလ်လောင်းတစ်ဦးကို တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၃)(ဆဋ္ဌမနှစ်-ဘီအီး) အောင်/ရှုံး ဆုံးဖြတ်ရေးနှင့်   ထူးချွန်ဆုရွေးချယ် သတ်မှတ်ရေး     အစည်းအဝေးတွင်  တပ်မတော်နည်းပညာ တက္ကသိုလ် အောင်/ရှုံး ဆုံးဖြတ်ရေးဘုတ် အဖွဲ့မှ လေ့ကျင့်ရေး ထူးချွန်ဆု   ပေးအပ်ချီးမြှင့်ရန် အတွက် စိစစ်ရွေးချယ်ခြင်းဖြစ်ပါတယ်။ မကြာမီ ကျောင်းဆင်းပြီး သက်ဆိုင်ရာ(ကြည်း၊ ရေ၊လေ) လက်ရုံးတပ်ဖွဲ့တွေမှာ    တာဝန်ထမ်းဆောင်ကြမယ့် တပည့်အရာရှိတွေကို မှာကြားချင်တာကတော့ ''အမိတက္ကသိုလ်မှ သင်ကြားပေးလိုက်တဲ့ စာပေပညာ၊ စစ်ပညာရပ်တွေကို    လက်တွေ့နယ်ပယ်မှာ နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုးရှိအောင် ကြိုးစား အသုံးချကြပါ၊ အနာဂတ် တပ်မတော်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အခန်းကဏ္ဍ    မြင့်မားတိုးတက်ရေးအတွက် ''ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်'' ဆိုတဲ့ဆောင်ပုဒ်အတိုင်း နိုင်ငံတော်နှင့် တပ်မတော် အတွက် သုတေသနပြု ဆန်းသစ်တီထွင်နိုင်တဲ့ အင်ဂျင်နီယာ အရာရှိကောင်းတွေ ဖြစ်အောင်   သုတေသနပြုတီထွင်ကြပါ၊ ဗိုလ်လောင်းဘဝမှာ စစ်ပညာနှင့်စာပေ ပညာတို့ကို လေ့ကျင့်သင်ကြားခဲ့မှု၊ လိုက်နာလုပ်ဆောင် ကျင့်ကြံခဲ့ရတဲ့နေထိုင်မှု၊ သွားလာမှု စည်းကမ်းတွေကို ''စံ''အဖြစ်ထားရှိပြီး မြန်မာ့တပ်မတော်မှာ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ အင်ဂျင်နီယာ အရာရှိကောင်းတွေဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြပါ''လို့ မှာကြားလိုပါတယ်။

ဒုတိယဗိုလ်မှူးကြီးမြင့်ဝင်း (ခေတ္တပါမောက္ခချုပ်)

    စာပေပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားခြင်း၊ စက်ရုံအလုပ်ရုံများ သို့သွားရောက်ပြီး ကိုယ်တိုင် လက်တွေ့ ဆောင်ရွက်စေခြင်းများ အပြင်ယုံကြည်ချက်၊ ခံယူချက်မြင့်မားစေဖို့အတွက်လည်း လေ့ကျင့်သင်ကြား ပေးလျက်ရှိပါတယ်။ ထူးချွန် ဆုအနေနဲ့ အောင်စစ်သည်ဆု၊ လေ့ကျင့်ရေး ထူးချွန်ဆုနဲ့   စာပေထူးချွန်ဆု၊ ဆု သုံးဆု ရွေးချယ်ခဲ့ပါတယ်။     ဒီနှစ်မှာတော့ ကျောင်းဆင်းအရာရှိ ၁၇၇ ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ အင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားပေးတဲ့အခါ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး   လေ့လာသင်ယူနိုင်အောင် ဆောင်ရွက်ပေးမှုကို    နည်းပြအပိုင်းနဲ့ ဗိုလ်လောင်းအပိုင်း နှစ်ပိုင်းခွဲခြားပြီး ဖြေကြားလိုပါတယ်။   နည်းပြများ သင်ကြားရေး ပိုမိုထိရောက်စေဖို့ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီမှတစ်ဆင့် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး  Onlineမှ သင်ကြားရေးဆိုင်ရာ Training များ Webinarများ တက်ရောက်နိုင်ခဲ့ပါတယ်။   ဗိုလ်လောင်းများကိုတော့ ရုရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့သို့ ပညာတော်သင်နှစ်ကြိမ်    စေလွှတ်နိုင်ခဲ့ပါတယ်။

ကျောင်းဆင်းအရာရှိငယ်များကို မှာကြားချင်တာကတော့ အင်ဂျင်နီယာ ကျင့်ဝတ်များကို လေးစားလိုက်နာ စောင့်ထိန်းကြပါ။ မိမိတတ်ကျွမ်းတဲ့ အင်ဂျင်နီယာပညာရပ်နဲ့ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးကြပါ။ ခေတ်နဲ့အညီပြောင်းလဲနေတဲ့ အင်ဂျင်နီယာ ပညာရပ်များကို အမြဲမပြတ်လေ့လာပြီး    ကြိုးစားအားထုတ် ဆောင်ရွက်ကြပါလို့ မှာကြားလိုပါတယ်။

ဗိုလ်လောင်း တင်မျိုးဦး  (အောင်စစ်သည်ဆု)

    ကျွန်တော်က   ဆယ်တန်းအောင်လို့ တပ်မတော်နည်းပညာ တက္ကသိုလ်ကို စတင်တက်ရောက်မယ် ဆိုကတည်းက မိဘဆွေမျိုးတွေက ဆုရအောင်ကြိုးစားပါလို့ ဝိုင်းဝန်းတိုက်တွန်းကြပါတယ်။     OTT ဝင်ခွင့်အောင်လို့  ဗိုလ်လောင်းစတက်တဲ့ အချိန်မှာလည်း အမှတ်စဉ်(၁၈)ဗိုလ်လောင်း သင်တန်းကျောင်းဆင်းပွဲကို   ကြည့်ရှုပြီး အကောင်းဆုံးအင်ဂျင်နီယာဆုရ ဗိုလ်လောင်းကို အားကျပြီး အကောင်းဆုံး အင်ဂျင်နီယာဆုရ ဗိုလ်လောင်းဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး စာပေပညာ၊ စစ်ပညာတွေကို   အပတ်တကုတ်ကြိုးစား သင်ယူပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း သေချာလိုက်နာပြီး   ကြိုးစားခဲ့ရပါတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့ အင်ဂျင်နီယာ အရာရှိတစ်ဦးဖြစ်လာခဲ့တဲ့ အတွက် အရမ်းကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ အင်ဂျင်နီယာ အရာရှိတစ်ဦးအနေနဲ့ မိဘကို အကောင်းဆုံးပြုစု လုပ်ကျွေးပြီး   နိုင်ငံ့တာဝန်တွေကို   အစွမ်းကုန် အားထုတ်ကြိုးပမ်း ထမ်းဆောင်သွားမယ်လို့ ကတိပြုပါတယ်။   အခုလို အင်ဂျင်နီယာ အရာရှိဖြစ်အောင် ငယ်ငယ်လေးကတည်းက အခုအချိန်အထိ အစစအရာရာထောက်ပံ့ပေးခဲ့သူ အားလုံးကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်။

 ဗိုလ်လောင်း ဝင်းမိုးသူ  (လေ့ကျင့်ရေးထူးချွန်ဆု)

    ကျွန်တော့်အနေနဲ့ လေ့ကျင့်ရေး ထူးချွန်ဆုရဖို့အတွက်    ကျောင်းတော်ကြီးကို စရောက်ကတည်းက   ကျောင်းကချမှတ်ထားတဲ့ စစ်စည်းကမ်းတွေ၊ ဆောင်ရန် ရှောင်ရန်တွေနဲ့ တိုက်တွန်းချက်၊ တားမြစ်ချက်တွေကို တိတိကျကျ လိုက်နာဆောင် ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ကျောင်းသည် စာပေပညာရော စစ်ပညာရော နှစ်ရပ်လုံးကိုပါ အလေးထား သင်ကြားပေးတာဖြစ်တဲ့အတွက်    နှစ်ရပ်လုံးကို မလစ်ဟင်းရအောင် ကြိုးစားခဲ့ရပါတယ်။ ထိုဆုကိုရဖို့အတွက်     သင်တန်းနှစ် ခြောက်နှစ်တာ ကာလအတွင်း ဗိုလ်လောင်း လုပ်ထုံးလုပ်နည်းပါ စည်းကမ်းများအတိုင်း တိတိကျကျလိုက်နာခဲ့ပြီး  စာပေပညာကိုလည်း ကြိုးစားခဲ့ရပါတယ်။ သင်တန်းဆင်းပြီးနောက်မှာ တာဝန်ထမ်းဆောင်တဲ့အခါ တပ်မတော်သားတိုင်း    လိုက်နာရမယ့် ကျင့်ဝတ်(၆ဝ)နှင့်အညီ လိုက်နာဆောင်ရွက်သွားပါမယ်။ ကျောင်းရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ''အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား'' ဆိုတဲ့အတိုင်း    တပ်မတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင်၊   တပ်မတော်ကြီး အင်အားရှိအောင် ကျွန်တော်တို့  အင်ဂျင်နီယာ အရာရှိတစ်ယောက်ပီပီ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်သွားပါမယ်။ အခုလို ခြောက်နှစ်တာ သင်တန်းပြီးလို့ ကျောင်းဆင်းတဲ့အခါမှာ ဆုရရှိတဲ့အတွက် အလွန်ပဲဝမ်းသာပီတိ ဖြစ်ရပါတယ်ခင်ဗျာ။ ဆုရရှိအောင် အဘက်ဘက်ကနေ သင်ကြားပြသပေးတဲ့ ကျောင်းအုပ်ကြီးနှင့် တကွ  ကျွန်တော့်ရဲ့ နည်းပြဆရာများနဲ့ ကျွန်တော့်ရဲ့အပတ်စဉ်တူ သူငယ်ချင်းတွေ၊ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ စီနီယာအစ်ကိုတွေနဲ့ ကျွန်တော့်ရဲ့ မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမအားလုံးကို  အထူးပဲ ကျေးဇူးတင်ပါတယ်။

ဗိုလ်လောင်း နေထက်ဝင်း  (စာပေထူးချွန်ဆု)

    ဗိုလ်လောင်းသင်တန်းစတက်ပြီး ပထမနှစ်မှစလို့ စာပေပညာကို အပတ်တကုတ် ကြိုးစားသင်ယူခဲ့ပါတယ်။ စာပေပညာကို သင်ယူရာမှာ ပထမနှစ်မှစ၍   တနေ့စာ တနေ့ မှန်မှန်ပြီးမြောက်သွားအောင် ကြိုးစားခဲ့ပါတယ်။ စစ်ပညာပိုင်း၌လည်း မလစ်လပ်ရအောင်ကြိုးစားပြီး လေ့လာသင်ယူခဲ့တဲ့အတွက်   စာပေထူးချွန်ဆုကို ရရှိခဲ့ခြင်း ပဲဖြစ်ပါတယ်။ ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ဆုလာဘ်ကို ရရှိခဲ့ တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ခေတ်မီတပ်မတော်အဖြစ် တည် ဆောင်ရာမှာ  အင်ဂျင်နီယာကဏ္ဍကနေ အကျိုးနိုင်စေဖို့အတွက် ကျောင်းဆင်းပြီးတဲ့အခါမှာ    အမိကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေနဲ့ နိုင်ငံတော် နှင့် တပ်မတော်အတွက် ကျရာအခန်းကဏ္ဍကနေ တာဝန်ကျေပွန်အောင် ထမ်း ဆောင်ပြီး နိုင်ငံတော်ကို အကျိုးပြုသွားပါမယ်။

ဗိုလ်လောင်း ခွန်သူရအောင် (ပအို့စ်လူမျိုး)

    ကျွန်တော်ကတော့ မွန်ပြည်နယ်၊ သထုံမြို့နယ်နေထိုင်တဲ့ ပအို့စ်တိုင်းရင်းသား လူမျိုးတစ်ဦးပဲဖြစ်ပါတယ်။   တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးကတည်းက အင်ဂျင်နီယာအရာရှိကောင်း တစ်ယောက် ဖြစ်ချင်ခဲ့တဲ့အတွက် တပ်မတော်နည်းပညာတက္ကသိုလ်ကို ရွေးချယ်တက်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသား ဖြစ်တဲ့အတွက် စတက်ရောက်ခဲ့စဉ်အခါက ဘာသာစကား အခက်အခဲ အနည်းငယ် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စီနီယာများ သွန်သင်ဆုံးမမှု၊ နည်းပြများရဲ့ လမ်းညွှန် သင်ကြားပေးမှုကြောင့် ၆ နှစ်တာ ကာလအတွင်း အခက်အခဲမရှိဘဲ ပညာသင်ကြားခွင့်ရခဲ့ပါတယ်။ ဒီနေ့ကတော့ ကျွန်တော် ကျောင်းဆင်းတဲ့နေ့ဖြစ်ပါတယ်။ ၆ နှစ်တာ ကာလအတွင်း စစ်ပညာ ဘာသာရပ်၊ အင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားခွင့်ရခဲ့ပြီး အင်ဂျင်နီယာအရာရှိတစ်ယောက် ဖြစ်ခွင့်ရခဲ့လို့ များစွာ  ဝမ်းသာဂုဏ်ယူမိပါတယ်။   မိဘညီအကိုမောင်နှမအနေနဲ့ ကျေနပ်ဂုဏ်ယူမိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျောင်းဆင်းပြီးတဲ့အချိန် နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်တွေကို တိုင်းပြည်နဲ့ ပြည်သူ့အတွက် စွမ်းစွမ်းတမံထမ်းဆောင်သွားပါမယ်လို့ ကတိပြုပါတယ်။