ဆန္ဒပြအိန္ဒိယလယ်သမားများ ကိုယ့်အိမ်ကိုယ်ပြန်ကြပြီ

အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီမြို့၌ တစ်နှစ်နီးပါးကြာဆန္ဒပြမှုများ လုပ်ဆောင်နေသည့် လယ်သမား များသည် ဒီဇင်ဘာ ၁၁ ရက်တွင်  ၎င်းတို့ပိုင်ပစ္စည်းများကို ထုပ်ပိုးကာ   ယာယီတဲများကိုဖျက်ပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြပြီဖြစ်ကြောင်း  သိရသည်။

အဆိုပါ လယ်သမားများသည် အစိုးရ၏ လယ်ယာစိုက်ပျိုးရေးမူဝါဒကို ဆန့်ကျင်ဆန္ဒပြခြင်း ဖြစ်ကာ ထိုမူဝါဒသည် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ပုဂ္ဂလိကကုမ္ပဏီများထံဝကွက်အပ်ခြင်းဖြစ်သည်ဟု လယ်သမားများကပြောသည်။

ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက လယ်သမားများကန့်ကွက်ထားသည့် အငြင်းပွားဖွယ်လယ်ယာစိုက်ပျိုးရေး ဥပဒေသုံးခုကို ရုပ်သိမ်းကြောင်းကြေညာပြီးနောက်  ဆန္ဒပြလယ်သမားများက  ကိုယ့်အိမ်ကိုယ်ပြန်ခြင်း ဖြစ်သည်။

ဆန္ဒပြလယ်သမားများသည် ဒီဇင်ဘာ ၁၁ ရက်တွင် ပျော်ရွှင်စွာအောင်ပွဲခံကာ အဝေးပြေးလမ်းမများ တစ်လျှောက် ၎င်းတို့ချထားသည့်အတားအဆီးများကို ဖယ်ရှားခြင်းနှင့်   ယာယီတဲများကို ဖျက်ခြင်းတို့ လုပ်ဆောင်သည်။

လယ်သမားများသည် အစိုးရအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များအတွက် အနည်းဆုံး ငွေကြေးတန်ဖိုးကို သတ်မှတ်ပေးရန်လည်း တောင်းဆိုခဲ့ရာ အစိုးရက ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးမည်ဟု ကတိပေးထားသည်။

အလားတူ အစိုးရသည် ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူ လယ်သမားအယောက် ၇၀၀ ကျော်၏ မိသားစုများသို့ နစ်နာကြေးပေးရန်လည်း သဘောတူသည်။

အဆိုပါ အငြင်းပွားဖွယ်လယ်ယာစိုက်ပျိုးရေးဥပဒေသုံးခုကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင်  ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကာ လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံတော်ကထိန်းချုပ်မှုလျှော့ပြီး ပုဂ္ဂလိက ကဏ္ဍများသို့ လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ရန် ရည်ရွယ်ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း  သိရသည်။                     

 Ref: TST