လူတိုင်းအမှတ်မှားနေကြတဲ့ သမိုင်းထဲက အမှန်တရားတချို့(၁)

သမိုင်းအချိန်မှာသင်ခဲ့ရတဲ့ တချို့သော ကမ္ဘာ့သမိုင်း အချက်အလက်တွေဟာ မှားနေတယ်လို့ ယူဆကောင်းယူဆနိုင်ပါလိမ့်မယ်။ သမိုင်းပညာရှင်တွေကတော့ လူသားတွေရဲ့သမိုင်းအကြောင်း ပိုမိုသိရှိနိုင်စေဖို့ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးကို သူတို့ရဲ့ အလုပ်ထဲမှာသာ နှစ်မြှုပ်ခဲ့ကြတဲ့သူတွေပါ။

ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ အမှားက အမှန်ဖြစ်ပြီး အမှန်ကအမှား ဖြစ်သွားတတ်တဲ့ သဘောသဘာဝအရ ဒီကနေ့ခေတ်လူတိုင်းသိရှိထားတဲ့ အမှန်တရားတချို့ဟာ မှားယွင်းနေတယ် ဆိုတာကို အခုတစ်ပတ်အတွက် ကမ္ဘာ့သမိုင်းကဏ္ဍကနေ ဖော်ထုတ် ရေးသားလိုက်ရပါတယ်။

ခရစ္စတိုဖာကိုလံဘတ်က အမေရိကတိုက်ကို ရှာတွေ့သူမဟုတ်ပါ

မိမိတို့အနေနဲ့ ကမ္ဘာ့သမိုင်းမှာ သင်ယူခဲ့ရတာက အမေရိကတိုက်ကို ရှာတွေ့သူသည် ခရစ္စတိုဖာကိုလံဘတ် ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းတော့ ခရစ္စတိုဖာကိုလံဘတ် အနေနဲ့ အမေရိကတိုက်ကို ရှာတွေ့တဲ့ အချိန်တုန်းက အဲဒီဒေသမှာ ဒေသခံပြည်သူများစွာဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက နေထိုင်နှင့်ပြီး ဖြစ်ပါတယ်။

အမေရိကတိုက်ကိုအမှန်တကယ်ရှာဖွေတွေ့ရှိသူက ဗိုက်ကင်းမျိုးနွယ်စုဝင် တစ်ဦးဖြစ်တဲ့ လိ(ဖ်)အီရီဆွန်ပါ။ သူဟာ ခရစ္စတိုဖာကိုလံဘတ်ထက် နှစ်ပေါင်း ၄၀၀ လောက်စောပြီး အမေရိကတိုက်ကိုခြေချနိုင်ခဲ့သူဖြစ်ပါတယ်။

ခရစ္စတိုဖာကိုလံဘတ်အနေနဲ့ ရောက်ရှိခဲ့တဲ့နေရာက အလယ်အမေရိကနဲ့တောင်အမေရိကဒေသတို့သာဖြစ်တာကြောင့် ယနေ့ခေတ်အမေရိကန်ပြည်ထောင်စုဖြစ်ပေါ်ရာနေရာကို သူ့အနေနဲ့ရောက်ခဲ့ခြင်းလုံးလုံးမရှိပါဘူး။

သူတို့ကိုကိတ်မုန့်စားခိုင်းလိုက် လို့ မာရီးအန်တွိန်းနိတ်မပြောပါ။

ပြင်သစ်တော်လှန်ရေးမစတင်မီ ပြင်သစ်နိုင်ငံရဲ့နောက်ဆုံးဘုရင်မဖြစ်တဲ့ မာရီးအန်တွိန်းနိတ်တစ်ယောက်ဟာ နာမည်ကျော်စကားတစ်ခွန်းဖြစ်တဲ့ သူတို့ကိုကိတ်မုန့်စားခိုင်းလိုက် ဆိုတဲ့စကားကိုပြောဖူးတယ်လို့ ယနေ့အချိန်

အထိသိရှိထားကြပါတယ်။

အဲဒီလိုပြောရတဲ့အကြောင်းရင်းကလည်း သူ့ရဲ့တောင်သူလယ်သမားဆင်းရဲသားတွေဟာ အငတ်ဘေးကြုံနေရပြီး ပေါင်မုန့်ကိုတောင်မှမစားနိုင်တော့တဲ့အချိန်မှာ ကိတ်မုန့်စားခိုင်းလိုက်ဆိုပြီး ပြောတာလို့ဆိုပြန်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းကျတော့ သူ့အနေနဲ့အဲဒီစကားကိုပြောခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတစ်စုံတစ်ရာမရှိပါဘူး။ တွေ့လည်းမတွေ့ရပါဘူး။ အဲဒီစကားရဲ့မူလဇာစ်မြစ်ကိုလိုက်ကြည့်တဲ့အခါ ဒဿနိကပညာရှင် ယွန်းယာ့ဟူးဆိုရဲ့ ဝန်ခံထွက်ဆိုချက်များဆိုတဲ့ စာအုပ်မှာတွေ့လိုက်ရပါတယ်။

ယွန်းယာ့ဟူးဆိုဟာ အဲဒီစာအုပ်ကို ၁၇၆၇ ခုနှစ်မှာရေးသားခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက မာရီးအန် တွိန်းနိတ်ဟာ ကလေးသာသာပဲ ရှိပါသေးတယ်။ နောက်တစ်ချက်ရှိတာက ပြင်သစ်တော်လှန်ရေး သမားတွေဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ရဲ့တရားလွန်မှုကို ဆန့်ကျင်တဲ့ အနေနဲ့  ဝါဒဖြန့်ရာမှာ အဲဒီစကားလုံးကို  ဘုရင်မက သုံးနှုန်းခဲ့တယ်ဆိုပြီး ပြောဆိုခြင်းကြောင့် ဒီကနေ့ထိတိုင် အမှတ်မှားနေရတာ ဖြစ်ပါတယ်။

 နပိုလီယံဘိုနာပတ် အရပ်မပုပါ

နပိုလီယံဘိုနာပတ်ဆိုရင် မသိတဲ့သူမရှိပါဘူး။  စစ်တိုက်ရာမှာအင်မတန်တော်တဲ့ စစ်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပေမယ့်လည်း သူဟာအရပ်ပုတယ်ဆိုတဲ့အချက်ကြောင့် ပိုပြီးလူသိများရပါတယ်။

တစ်ခါတလေများဆိုရင် ဝေ့စကုတ်ဝတ်ထားတဲ့လူပုလေးက သူ့ရဲ့စစ်တပ်ကြီးကိုဦးဆောင်တယ်ဆိုပြီး တော့တောင် ပြောဆိုကြတာမျိုးတွေအထိ ရှိပါတယ်။

တကယ့်အဖြစ်မှန်ကို ပြောရမယ်ဆိုရင်တော့ နပိုလီယံဘိုနာပတ်ရဲ့ အရပ်ဟာ ပျမ်းမျှအမြင့် ရှိပါတယ်။ သူ့ကိုအရပ်ပုတယ်လို့ ပြောကြတာကလည်း ပြင်သစ်နဲ့ဗြိတိသျှတို့ကြားက တိုင်းတာမှု စံနှုန်းစနစ် ကွဲပြားခြားနားမှုကြောင့် ဖြစ်ပါတယ်။ ပြင်သစ်စနစ်မှာဆိုရင် တစ်လက်မမှာ ၂ ဒသမ ၇ စင်တီမီတာ ရှိပါတယ်။  ဗြိတိသျှစနစ်မှာတော့ ၂ ဒသမ ၅၄ စင်တီမီတာရှိပါတယ်။ ဒါကြောင့် နပိုလီယံရဲ့ အရပ်က ၅ ပေ ၂ လက်မလို့ဆိုတဲ့  သမိုင်းအမှားကို ပြန်ပြောင်းတွက်လိုက်မယ်ဆိုရင် နပိုလီယံရဲ့ အမှန်တကယ် အရပ်အမြင့်က ၅ ပေနဲ့ ၆ လက်မခွဲရှိပါတယ်။

ကလီယိုပတ်ထရာဟာ အီဂျစ်လူမျိုးမဟုတ်ပါ

အလှဘုရင်မတစ်ပါးအဖြစ်တင်စားခြင်းခံရတဲ့ ကလီယိုပတ်ထရာဆိုရင် နိုင်းမြစ်ဝှမ်းရဲ့ဘုရင်မလို့တောင် ခေါ်ဆိုရတဲ့ အထိနာမည်ကြီးသူ ဖြစ်ပါတယ်။ ဒီလိုခေါ်ကြခြင်းကြောင့် ကလီယိုပတ်ထရာတစ်ယောက် အီဂျစ်လူမျိုးဖြစ်တယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ကလီယိုပတ်ထရာနဲ့ပတ်သက်ပြီး ပြောနေကြတဲ့စကားလုံးတွေအနက် အမှန်တရားတစ်ခုကတော့ သူ့ကိုအီဂျစ်ပြည်မှာမွေးတယ်ဆိုတာပါပဲ။

ဒါပေမဲ့အတိတ်ကိုပြန်လိုက်ကြည့်မယ်ဆိုရင် ကလီယိုပတ်ထရာရဲ့မိဘတွေဟာ မက်ဆီဒိုးနီးယားဂရိဒေသမှ ဖြစ်ပြီး သူ့ရဲ့ဖခင်ဟာဆိုရင်လည်း ကြီးမြတ်သောအလက်ဇန်းဒါးလက်အောက်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် ကလီယိုပတ်ထရာဟာ အီဂျစ်လူမျိုးမဟုတ်ဘူးလို့ပြောရခြင်းပါ။ သို့ပေသော်လည်း သွေးအားဖြင့် အီဂျစ်မဟုတ်တဲ့ ကလီယိုပတ်ထရာဟာ အီဂျစ်ထုံးတမ်းစဉ်လာတွေ၊ ရိုးရာဓလေ့တွေကို လက်ခံသူတစ်ယောက်

ဖြစ်ပြီး အီဂျစ်ဘာသာစကားကို ပထမဆုံးသင်ယူသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အလယ်ခေတ်ကလူတွေ ကမ္ဘာကြီးပြားတယ်လို့မထင်ခဲ့ပါ

တစ်ချိန်တုန်းက ကမ္ဘာကြီးဟာပြားတယ်ဆိုတဲ့ အဆိုတစ်ခုထွက်ပေါ်ခဲ့ဖူးပါတယ်။  ကမ္ဘာကြီးသည် အိမ်၌ပြား၍ကျောင်းတွင် လုံးပါသည် ဆိုတဲ့ဟာသ တစ်ပုဒ်တောင် ရှိပါသေးတယ်။

အဲဒီအဆိုထွက်ပေါ်လာခဲ့တာကလည်း  အမှောင်ခေတ်လို့ ခေါ်ကြတဲ့ အလယ်ခေတ်က လူတွေပြောဆိုမှုကြောင့် ဖြစ်တယ်ဆိုပြီး ဒီကနေ့ထိတိုင် အမှတ်မှားနေကြပါတယ်။

ဘာကြောင့် အမှောင်ခေတ်လို့ ခေါ်တာလဲဆိုရင် အဲဒီအချိန်အခါတုန်းက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မသိနားမလည်မှုတွေ တင်းကျမ်းပြည့်နေတာကြောင့် ဖြစ်တယ်ဆိုပြီး ပြောကြပါတယ်။

တကယ်တမ်းမှာတော့ ကမ္ဘာကြီးလုံးတယ်ဆိုတဲ့ အယူအဆဟာ ဘီစီ ၆ ရာစုခန့်ကတည်းက ထွက်ပေါ်လာတာဖြစ်ပြီး အလယ်ခေတ်ရောက်တဲ့ အချိန်မှာ ပညာရှင်တွေ၊ ပညာတတ်တွေဟာ ကမ္ဘာကြီးလုံးတယ် ဆိုတာကို ကောင်းကောင်းကြီး လက်ခံနေကြပါပြီ။

ဒါ့အပြင် ကမ္ဘာကြီးပြားတယ်လို့ အလယ်ခေတ်ကလူတွေ ပြောတယ်ဆိုတဲ့    ကောလာဟလတွေ ထွက်ပေါ်မှုရဲ့ အဓိက လက်သည်တရားခံတွေက ၁၉ ရာစုနှစ်လောက်က စာရေးဆရာတွေရဲ့ လက်ချက်ပဲ ဖြစ်ပါတယ်။

ကိုထက်