သြစတြေးလျက ထပ်တိုး ကာကွယ်ဆေး ထိုးရမည့် စောင့်ဆိုင်းချိန် ကာလကို လျှော့ချမည်

သြစတြေးလျက ထပ်တိုး ကာကွယ်ဆေး ထိုးရမည့် စောင့်ဆိုင်းချိန် ကာလကို လျှော့ချမည်

သြစတြေးလျအစိုးရသည် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးကူးစက်မှု မြင့်တက်နေစဉ် ပြည်သူများ အတွက် ထပ်တိုးကာကွယ်ဆေး ထိုးရမည့် စောင့်ဆိုင်းချိန်ကာလကိုလျှော့ချမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို ထပ်တိုးကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ခြောက်လပြည့်မှသာ ထိုးခွင့်ရရှိမည်ဟု အစိုးရက ယခင်က ထုတ်ပြန်ထားသည်။

သို့သော် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လာသည့်အတွက် ထပ်တိုးကာကွယ်ဆေး  ထိုးရမည့်   စောင့်ဆိုင်းချိန်ကာလကို ခြောက်လမှငါးလသို့ လျှော့ချမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဂရက်ဟန့်ကပြောသည်။

ထိုသို့စောင့်ဆိုင်းချိန်ကို လျှော့ချလိုက်သည့်အတွက် ထပ်တိုးကာကွယ်ဆေး ထိုးခွင့်ရရှိမည့်သူ အရေအတွက်သည် ၁ ဒသမ ၅ သန်းအထိ ရှိလာကြောင်း ဒေသတွင်း သတင်းစာတစ်စောင်က ဖော်ပြထားသည်။

အစ္စရေးနိုင်ငံမှရရှိသော အချက်အလက်များအရ ထပ်တိုးကာကွယ်ဆေး ထိုးခြင်းသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှုန်းကို လည်းကောင်း၊ အသက် ၄ဝ အထက်ရှိသူများတွင် ရောဂါပြင်းထန်မှုကို လည်းကောင်း၊ အသက် ၆ဝ ကျော်များတွင် သေဆုံးနှုန်းကို လည်းကောင်း လျှော့ချပေးနိုင်ကြောင်း တွေ့ရသည်ဟု ဂရက်ဟန့်က ပြောထားသည်။

သြစတြေးလျနိုင်ငံအနေဖြင့် ၎င်းတို့၏ ထပ်တိုးကာကွယ်ဆေးထိုး လုပ်ငန်းအတွက် ဖိုင်ဇာနှင့်မိုဒါနာ ကုမ္ပဏီထုတ်ဆေးများကို အသုံးပြုသွားမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် ကာကွယ်ဆေး အပြည့်အဝ ထိုးပေးနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်းရှိ အသက် ၁၆ နှစ်အထက်ရှိသူ ၉ဝ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးထားပြီးဖြစ်ကြောင်း သိရသည်။