တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုးကန့်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ ၍ COVID -19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုးကန့်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ ၍ COVID -19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၈

မြန်မာနိုင်ငံ၏ အရိပ်အာဝါသအောက်တွင်နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုများ ဖြစ်သည့်အတွက် အချင်းချင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေပါက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာခြင်းကိုသာဖြစ်ပေါ်စေနိုင်သဖြင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မဖြစ်နိုင်သည့် နိုင်ငံရေးတောင်းဆိုမှုများကို မလုပ်ဆောင်ကြစေလိုဘဲ တိုင်းပြည်အတွက် ရေရှည်အကျိုးကိုကြည့်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မည်သို့ပါဝင်လျှောက်လှမ်းမည်ကို စဉ်းစားကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ကိုးကန့်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် ခန်းမတွင်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးဥက္ကဌ ဦးကျောက်တယ်ချန်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်၊     ပလောင်တိုင်းရင်းသားခေါင်းဆောင် ဦးအိုက်မုန်း၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးစိုင်းစံညွန့်၊ မုံးဝန်း(ဗမာ)တိုင်းရင်းသားခေါင်းဆောင် ဦးမြင့်လွင်၊ ကချင်တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသည့် ဦးနော်လီ၊ ဦးဒီးခွန်၊ ဦးဇုန်ခေါ၊ ခိုလုံလီရှော တိုင်းရင်းသားခေါင်းဆောင် ဦးကျော်မြင့်၊ ဆင်ကြော့၊ မန်ပန်၊ ကွတ်ခိုင်၊ တာမိုးညဲ၊ ပိန်းဆာ၊ နမ္မဘောဒ၊ လားရှိုးကြီးတို့မှ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး ကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာအနီးတစ်ဝိုက်၌ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့်အတွက် စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြင့်ငွေများပေးအပ်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် (တောင်ပိုင်း)ဒေသများသို့လည်း သွားရောက်၍ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နာမည်ကြီးပြီး ရှေးယခင်ကတည်းကပင် မိုးဟိန်းစစ်ဆင်ရေးကဲ့သို့သော ဘိန်းစစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ရကြောင်း၊ နိုင်ငံတကာတွင်လည်း မူးယစ်ဆေးဝါးကိုလက်မခံဘဲ မူးယစ်ဆေးဝါးနှင့် ပတ်သက်လာပါက မိမိတို့နိုင်ငံကိုပြောဆိုမှုများရှိနေကြောင်း၊ မိမိတို့နိုင်ငံတွင်မှ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ လာအို၊ မြန်မာ၊ ထိုင်း ဆက်စပ်နေသည့် ရွှေတြိဂံဒေသကို ပိုမိုပြောဆိုလျက်ရှိကြောင်း၊ ယခုကဲ့သို့ မူးယစ်ဆေးဝါးအမြောက်အမြားဖော်ထုတ်ရရှိသည့်အတွက် ဝမ်းသာမိသော်လည်း မြန်မာနိုင်ငံတွင်း၌ မူးယစ်ဆေးဝါးကင်းစင်မှုမရှိသေးသည်ကို ဖော်ပြသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၌ မူးယစ်ဆေးဝါးကင်းစင်ပပျောက်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး လက်နက်ကိုင်၍အခွင့်အရေးတောင်းဆိုမှုများသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုများကိုဖြစ်ပေါ်စေနိုင်သောကြောင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များထုတ်ပြန်ကာ  နိုင်ငံတော်မှအကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားသော်လည်း အချို့သောလက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း၊ ထပ်မံ၍လည်း ယခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများကိုရပ်စဲပေးထားသဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ထုတ်ပြန်စဉ်ကပင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့နှင့် ဆွေးနွေးရန် တိုက်တွန်းထားကြောင်း၊ ငြိမ်းချမ်းမှုမရှိပါက ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်မည်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်ရန် ခက်ခဲမည်ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ဒေသအတွက်၊ တိုင်းပြည်အတွက်လိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အနာဂတ်လူငယ်လူရွယ်များကို မြေတောင်မြှောက်ပေးကြရမည်ဖြစ်ကြောင်း၊ ပညာတတ်များဖြစ်စေရေး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေများကို ပေးနိုင်ရမည်ဖြစ်ကြောင်း။

ထိုသို့စာပေသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးကောင်းမွန်ရန်လိုအပ်မည်ဖြစ်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်နေထိုင်မှုစနစ်ရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်ဝန်းကျင်ကောင်းများကိုလည်း ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ ငြိမ်းချမ်းသောနယ်မြေများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသသည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ရေခံမြေခံနှင့် အခြေအနေကောင်းများရှိပြီးဖြစ်သဖြင့် အရည်အသွေးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသခံအများစုသည် စိုက်ပျိုးမွေးမြူရေးနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသူများဖြစ်သည့်အတွက် ထိုလုပ်ငန်းများကို နည်းပညာမြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်တွင် စနစ်တကျဆောင်ရွက်ထားရှိသဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားအဖွဲ့များ၏ နယ်မြေများတွင် ဆောင်ရွက်လိုပါကလည်း တပ်မတော်မှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆောင်ရွက်ရာတွင်လည်း သစ်ပင်များအများအပြားရှင်းလင်းရပြီး သစ်တောထိန်းသိမ်းမှုကို ထိခိုက်စေသည့် စိုက်ပျိုးမှုများကို ရှောင်ကျဉ်ကာ အကျိုးအမြတ်များပြားစေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်စေလိုကြောင်း၊ ဒေသကိုထိခိုက်စေမည့် လုပ်ငန်းများကို မလုပ်ကိုင်ကြစေလိုဘဲ သမ္မာအာဇီဝကျစွာဖြင့် အကျိုး ရှိမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြစေလိုကြောင်း။

COVID - 19 ရောဂါနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းအထိ တစ်ကမ္ဘာလုံးတွင် ကူးစက်ခံရသူ သန်း ၃၀ ကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ ၄ ထောင်ကျော် ရှိပြီဖြစ်ကြောင်း၊ နေ့စဉ် ရာနှင့်ချီ၍ ကူးစက်လျက်ရှိပြီး သေဆုံးသူများလည်းရှိကြောင်း၊   COVID – 19 ရောဂါပိုးသည် မမြင်ရ၊ မကြားရ၊ အနံ့ခံ၍ မရသည့်အတွက် တိုက်တွန်းချက် သတ်မှတ်ချက်များကို လိုက်နာကြရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် နေထိုင်ခြင်း ဖြင့်သာ မိမိကိုယ်ကိုယ် ကာကွယ်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့ဝင် များက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID - 19ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့်  Surgical Mask ၂၀ဝ၀ဝ ခု၊  N95 Mask ၅၀ဝ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride (25L) ၆ ပုံး၊ Examination Glove ၁၀ဝ၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူး၊ Personal Protective Equipment(PPE) ဝတ်စုံ ၃၀ဝ စုံနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကိုပေးအပ်ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးဥက္ကဌ ဦးကျောက်တယ်ချန်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အလုပ်အမှုဆောင် ဦးဝေဆန်းနှင့် ဦးခင်မောင်လွင် တို့က အသီးသီးလက်ခံကြသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ရေး ချုပ်နှင့် စစ်ထောက်ချုပ်တို့က COVID - 19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ကြရာ ပလောင်တိုင်းရင်းသား ခေါင်းဆောင် ဦးအိုက်မုန်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖွဲ့ဝင် ဦးသိန်းဇော်၊ ဆင်ကြော့ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင် ဦးလွယ်မောဝ်၊ ပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဖွဲ့ဝင် ဦးအိုက်ခ၊ ကွတ်ခိုင်မြို့မပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင် ဦးခွန်ဖုန်း၊ မန်ပန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်) ဦးစိုင်းမွန်းတို့က အသီးသီး လက်ခံရယူခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ကိုးကန့်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် များ၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။