တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ တပ်မှူးများနှင့်ဇနီးများအား တွေ့ဆုံအမှာစကား ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ တပ်မှူးများနှင့်ဇနီးများအား တွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ တပ်မှူးများ၊ အရာရှိများနှင့်ဇနီးများအား တိုင်းစစ်ဌာနချုပ်ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ လားရှိုးတပ်နယ်အတွင်းရှိ တပ်အသီးသီးမှ တပ်မှူးများ၊ အရာရှိများနှင့် ဇနီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်ကို ကာကွယ်ရန်ဖြစ်ပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန်၊ ပိုင်နက်နယ်မြေကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကာကွယ်ရေးအသိအမြင်စွမ်းပကားများကိုလည်း မြင့်မားအောင် လုပ်ဆောင်ပေးကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝိရေမြေဖြစ်တည်မှုအခြေအနေများအရ ပြည်သူတိုင်း ကာကွယ်ရေးအမြင်ရှိရန်လိုအပ်ပြီး ပြည်သူပါဝင်သည့် ကာကွယ်ရေးစွမ်းအားဖြစ်ရမည် ဖြစ်ကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်လိုအပ်ပြီး တိုင်းပြည်ကိုချစ်မှသာလျင် တိုင်းပြည်ကိုကာကွယ်လိုစိတ်ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ တိုင်းပြည်ကိုကာကွယ်လိုစိတ်များကို ယိမ်းယိုင်စေရန်နှင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်စေရန်၊ စုစည်းညီညွတ်သည့်အားများကို ယိုင်နဲ့သွားစေရန် လုပ်ဆောင်မှုများရှိနေသဖြင့် ဝိုင်းဝန်း ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေး စွမ်းပကားကိုထိခိုက်စေမည့် မည်သည့်ကိစ္စရပ်မျိုးကိုမဆိုမပေါ့ဆဘဲ အလေးအနက်ထားကာကွယ်ဆောင်ရွက်ကြစေလိုကြောင်း။

တပ်မတော်သားများအနေဖြင့် တူညီမှန်ကန်သည့် အမြင်များရှိရန်လိုအပ်မည်ဖြစ်ပြီး စုစည်းညီညွတ်သည့်အား ရှိရန်လိုကြောင်း၊ ထို့ကြောင့် ခေတ်အဆက်ဆက် တပ်မတော်အကြီးအကဲများက စုစည်းညီညွတ်သည့် အားကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် လမ်းကြောင်းဖော်ဆောင်ပေးန်ိုင်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ကိုကွပ်ကဲအုပ်ချုပ်ရသည့် တပ်မှူးများအနေဖြင့် မိမိတပ်ကိုကောင်းအောင်တည်ဆောက်ရမည်ဖြစ်ပြီး တပ်မှူးကောင်းစိတ်ဓာတ်၊ မိဘစိတ်ဓာတ်ဖြင့် လက်အောက်ငယ်သားများကို ရင်ဝယ်သားကဲ့သို့ ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်ကြရမည်ဖြစ်ကြောင်း။

COVID-19 ရောဂါကူးစက်မှုသည် မြင့်မားလျက်ရှိသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ခြင်းသည်သာလျင်အကောင်းဆုံးဖြစ်ပြီး ကျန်းမာအောင်နေထိုင်ကြရန်လိုကြောင်း၊ မိမိသာမက မိမိကွပ်ကဲအုပ်ချုပ်ရသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေးကိုလည်း ရင်အုပ်မကွာစောင့်ရှောက်ကြရန်လိုအပ်မည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တိုက်တွန်းချက်၊ တားမြစ်ချက်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ တိုက်တွန်းချက်၊ တားမြစ်ချက်ဆိုသည်မှာ စည်းကမ်းပင်ဖြစ်သောကြောင့် မိသားစုများအလိုက် စည်းကမ်းစနစ်တကျနေထိုင်ကြရန်လိုအပ်မည်ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်သည် မှန်သမျှကို ကျန်းမာရေးအကာအကွယ်ဖြင့်သာ လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ အလင်းရောင်ကောင်းစွာရရှိခြင်း၊ လေကောင်းလေသန့်ရရှိခြင်း နှင့် သန့်ရှင်းစွာနေထိုင်ခြင်းတို့သည် ရာနှုန်းပြည့်မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ အားကစားကိုလည်း ပြုလုပ်ကြရန်လိုအပ်ကြောင်းနှင့် တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးက ဆေးရုံသမိုင်းအကျဉ်း၊ ဆေးကုသပေးနိုင်မှုအခြေအနေများနှင့် နယ်လှည့်အထူးကုဆေးအဖွဲ့များစေလွှတ်၍ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုနှင့် အသိပညာပေးဟောပြောနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။ ယင်းနောက်  ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ သွားရောက်၍ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒ  အားဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် န၀ကမ္မအလှူငွေများဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များပြန်လည်ပေးအပ်သည်။ ထို့နောက် သီရိသုခဆောင်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် သီတင်းသုံးခဲ့သော ဆရာတော်ကြီးများ၏ အရိုးပြာဓာတ်တော်များအား ဖူးမြော်ကြည်ညိုကာ သီရိဓမ္မကလျာဏသုခဆောင်ရှိ ဆရာတော်ကြီး၏ ရုံးခန်းနှင့် စာကြည့်တိုက်များကို လှည့်လည်ကြည့်ရှုသည်။ ယင်းနောက် ကျောင်းဝန်းအတွင်း မြတ်စွာဘုရား၏ ဓာတ်တော်၊ မွေတော်များထားရှိရန် ဓာတ်တော်တိုက်တည်ဆောက်နေမှုအခြေအနေများနှင့် မဟာဗုဒ္ဓဝင်ပြတိုက်ဆောက်လုပ်ထားရှိမှုများအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

အဆိုပါ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသည် လွန်ခဲ့သော အချိန်ကာလက လူသူအရောက်အပေါက်နည်းပါးပြီး မထင်မရှားကျောင်းငယ်လေးသာဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်အသီးသီးမှ သီတင်းသုံးတော်မူလာခဲ့ပြီးနောက် မြန်မာသက္ကရာဇ် ၁၃၄၈  ခုနှစ်တွင် ကန်မိန်းကျောင်းဆရာတော်၏ တပည့်ရင်းဖြစ်သူ ဆရာတော်ဦးပဏ္ဏိတအား  ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးတော်မူစေခဲ့ကြောင်း၊ ဆရာတော်ဦးပဏ္ဏိတနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လုံမြို့မှ အရှင်ပုညနန္ဒတို့မှာ အလွန်ရင်းနှီးပြီး ဆရာတော် ဦးပဏ္ဏိတ ၏ မေတ္တရပ်ခံမှုကြောင့် အရှင် ပုညနန္ဒ သည် ၁၃၄၉ ခုနှစ် တွင် မန်ဆူရှမ်းကျောင်း၌ အတူတကွသီတင်းသုံးတော်မူခဲ့ကြောင်း၊ ဆရာတော် အရှင်ပုညနန္ဒ သီတင်းသုံးတော်မူပြီးနောက်ပိုင်း မန်ဆူဆုတောင်းပြည်စေတီတော်မြတ်ကြီး၏ တန်ခိုးတော်ကြောင့်သော်လည်းကောင်း၊ ဆရာတော်၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဆောင်ရွက်မှုများကြောင့်လည်းကောင်း မန်ဆူရှမ်းကျောင်းသို့ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအပြင် အထင်ကရပုဂ္ဂိုလ်များပင် လာရောက်ခဲ့ကြကြောင်း၊ ၁၃၆၇ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဏိတ ပျံလွန်တော်မူပြီးနောက်ပိုင်း ဆရာတော် အရှင်ပုညနန္ဒသည် ကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့ကာ ဆရာတော်ကြီးသည် ဘာသာရေး၊ သာသနာရေး၊ လူမှုရေးနှင့်  ဗုဒ္ဓသာသနာထွန်းကားရေးဆိုင်ရာများကို ယနေ့အချိန်အထိ အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။