ချယ်လ်ဆီးအသင်း ဝါရင့်ခံစစ်ကစားသမား သီယာဂိုဆေးလ်ဗားကို ၂ဝ၂၃ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်း ဝါရင့်ခံစစ်ကစားသမား သီယာဂိုဆေးလ်ဗားကို ၂ဝ၂၃ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်းသည် အသင်းမှ အဓိက ဝါရင့်ခံစစ် ကစားသမား သီယာဂိုဆေးလ်ဗားကို ၂ဝ၂၃ ခုနှစ် အထိ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘော တူညီမှုရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ် သီယာဂိုဆေးလ်ဗားသည် ၂ဝ၂ဝ ပြည့်နှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလက ပီအက်စ်ဂျီအသင်းမှ ချယ်လ်ဆီး အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပြီး   ယခုဘောလုံးရာသီ အကုန်တွင်  အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

သီယာဂိုဆေးလ်ဗားအပြင် ချယ်လ်ဆီးအသင်း ခံစစ်ပိုင်းတွင်  အဓိက  ခံစစ်ကစားသမားများ ဖြစ်သည့် အက်ပလီကွီတာ၊ ရူဒီဂါနှင့် ခရစ္စတန်ဆန်တို့ အနေဖြင့် လည်း   ယခုဘောလုံးရာသီအကုန်တွင်   အသင်းနှင့် စာချုပ်သက်တမ်း   အသီးသီး ကုန်ဆုံးမည်ဖြစ်သည်။   အဆိုပါ ကစားသမားများအား  ချယ်လ်ဆီးအသင်းက အသင်း၌ ဆက်လက်ထိန်းသိမ်း လိုသော်လည်း လက်ရှိတွင် သီယာဂိုဆေးလ်ဗား တစ်ဦးတည်းကိုသာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထားပြီး   ကျန်ကစားသမား သုံးဦးကို  အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ်ရှိနေသည်။

သီယာဂိုဆေးလ်ဗားသည် ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြပြီး အဓိက  ကစားသမားအဖြစ်    ပွဲထွက်ခွင့်ရရှိနေသူဖြစ်သည့် အတွက် ချယ်လ်ဆီးအသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရာတွင် အသက် ၃ဝ နှစ်အထက်ကစားသမားများကို တစ်နှစ်သာ စာချုပ်ချုပ်ဆိုသည့်မူအရ သီယာ ဂိုဆေးလ်ဗားကိုလည်း တစ်နှစ်သာ စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။