ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမအကြိမ်အဖြစ် (၁၆) သင်းအဆင့်အတွက် မဲခွဲမှုပြုလုပ်ရာတွင် လွဲမှားမှုများဖြစ်ပေါ်ပြီး နှစ်ကြိမ်တိုင် မဲခွဲမှုပြုလုပ်ခဲ့ရ

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမအကြိမ်အဖြစ် (၁၆) သင်းအဆင့်အတွက် မဲခွဲမှုပြုလုပ်ရာတွင် လွဲမှားမှုများဖြစ်ပေါ်ပြီး နှစ်ကြိမ်တိုင် မဲခွဲမှုပြုလုပ်ခဲ့ရ

၂ဝ၂၁-၂ဝ၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆) သင်း ရှုံးထွက်အဆင့်အတွက် မဲခွဲပွဲတွင် နည်းပညာပိုင်း မှားယွင်းမှုတချို့နှင့် မဲအိုးအတွင်း အသင်း ထည့်သွင်းမှု မှားယွင်းခြင်း စသည့်လွဲမှားမှုများ ဖြစ်ပေါ် ခဲ့သောကြောင့်   ပြိုင်ပွဲသမိုင်းတစ်လျှောက်  ပထမ အကြိမ်အဖြစ်  နှစ်ကြိမ်တိုင်မဲခွဲမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

 ၂ဝ၂၁-၂ဝ၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆) သင်းရှုံးထွက် အဆင့်အတွက် မဲခွဲပွဲကို ဒီဇင်ဘာ ၁၃  ရက် မြန်မာစံတော်ချိန် ညနေ ၅  နာရီခွဲက ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့ရှိ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ  ဘင်ဖီကာနှင့်  ရီးယဲလ်မက်ဒရစ် အသင်း၊ ဗီလာရီးယဲလ်နှင့် မန်စီးတီးအသင်း၊ အက်သလက်တီကိုနှင့်  ဘိုင်ယန်မြူးနစ်အသင်း၊  ဆဲလ် ဘတ်နှင့်   လီဗာပူးအသင်း၊  အင်တာမီလန်နှင့်   အေဂျက်အသင်း၊ စပို့တင်းလစ္စဘွန်းနှင့် ဂျူဗင်တပ်စ်အသင်း၊ ချယ်လ်ဆီးနှင့် လိုင်လီအသင်း၊ ပီအက်စ်ဂျီ နှင့်  မန်ယူအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

သို့သော် မဲခွဲမှုပြုလုပ်စဉ် အုပ်စု (B) မှ ဒုတိယ နေရာ၌ ရပ်တည်ခဲ့သည့် အက်သလက်တီကို အသင်းနှင့် တွေ့ဆုံမည့် အသင်းကို ရွေးချယ်ရာတွင် ဥရောပ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက အုပ်စုပထမ နေရာမှ ဘိုင်ယန်မြူးနစ်အသင်း၊ အေဂျက်အသင်း၊ ဂျူဗင်တပ်စ်အသင်း၊ လိုင်လီအသင်းနှင့် မန်ယူအသင်း တို့ပါဝင်သည့် မဲဘောလုံးများကို မဲနှိုက်ရွေးချယ်မည့် မဲအိုးအတွင်း ထည့်သွင်းရမည်ဖြစ်သော်လည်း အဆိုပါ အသင်းများမှ မန်ယူအသင်းပါဝင်သည့် မဲဘောလုံး ပါဝင်လာခြင်း မရှိခဲ့ဘဲ  အက်သလက်တီကိုအသင်းနှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည့် လီဗာပူးအသင်း ၏ မဲဘောလုံးသာ    လွဲမှားစွာ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်အားလုံးမဲခွဲမှု အပြီးတွင် အက်သလက်တီကို အသင်းမှ တာဝန်ရှိသူများသည် ၎င်းတို့တွေ့ဆုံရမည့် အသင်းတွင် တစ်အုပ်စုတည်းမှ လီဗာပူးအသင်း ပါဝင်နေပြီး လွဲမှားနေသည့်အတွက် ဥရောပဘောလုံး အဖွဲ့ချုပ်ထံ တင်ပြကာ    မဲခွဲမှုပြန်လည်ပြုလုပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

 ဥရောပဘောလုံး အဖွဲ့ချုပ်က မှားယွင်းမှုဖြစ်ပွားခဲ့ ပြီးနောက် ပထမအကြိမ် မဲခွဲထားသည့်ရလဒ်အတိုင်း အတည်ပြုရန် သို့မဟုတ် ပြန်လည် မဲခွဲမှုပြုလုပ်ရန် အတွက် ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများနှင့် ချက်ချင်းဆွေးနွေးခဲ့ရာ   မဲခွဲမှုပြန်လည် ပြုလုပ်ရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

မဲခွဲမှုပြန်လည် ပြုလုပ်အပြီးတွင်  ဆဲလ်ဘတ်နှင့် ဘိုင်ယန်မြူးနစ်အသင်း၊    စပို့တင်းလစ္စဘွန်းနှင့် မန်စီးတီးအသင်း၊ ဘင်ဖီကာနှင့် အေဂျက်အသင်း၊ ချယ်လ်ဆီးနှင့် လိုင်လီအသင်း၊ အက်သလက်တီကို နှင့်  မန်ယူအသင်း၊   ဗီလာရီးယဲလ်နှင့်  ဂျူဗင်တပ်စ် အသင်း၊    အင်တာမီလန်နှင့်   လီဗာပူးအသင်း၊   ပီအက်စ်ဂျီနှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့ တွေ့ဆုံခဲ့ကြသည်။