မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကျေးရွာများ အရောက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကျေးရွာများ အရောက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိ

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်  ရပ်ကွက်၊  ကျေးရွာများ အရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဟိုဂျစ်ကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ထိုးနှံပေးကြောင်း သိရသည်။

မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံ လာနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီက စီစဉ်ဆောင်ရွက်လျက်ရှိရာ  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့အထိ လူဦးရေ ၁၈၉ဝ ဦးကို ထိုးနှံပေးနိုင်ပြီဖြစ်သည်။

မယ်စဲ့မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း ကျဆင်းလာပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ မျိုးကွဲသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကြေညာခဲ့သည့် အိုမီခရွန် မျိုးဗီဇပြောင်းရောဂါသည်   အချိန်မရွေး ကူးစက် ဝင်ရောက်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး   အခြေခံ စည်းမျဉ်းများကို ဆက်လက်လိုက်နာရန် လိုအပ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့် ထိုးနှံသွားရန် လိုအပ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ   ဦးအောင်ကျော်သန်းက  ပြောကြားကြောင်း  သိရသည်။