(၇၄)နှစ်မြောက် တပ်မတော်(လေ)တပ်တော်ဝင်အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် လေသူရဲများနှင့်တာဝန်ရှိသူများ၏ စကားသံများ

(၇၄)နှစ်မြောက် တပ်မတော်(လေ)တပ်တော်ဝင်အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် လေသူရဲများနှင့်တာဝန်ရှိသူများ၏ စကားသံများ

ရွှေဝါရောင်လွှမ်းသော အမိမြန်မာပြည်ကို ဖြူစင်သောစိတ်ထားဖြင့် အပြာရောင်မိုးကောင်းကင်ထက်မှ ကာကွယ်စောင့်ရှောက် လျက်ရှိသော တပ်မတော်(လေ)သည် (၇၄)နှစ်တိုင်ရှိခဲ့ပြီးဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တပ်မတော်(လေ)၏ သမိုင်းများသည်  ကမ္ဘာတည်သရွေ့ တည်တံ့နေလျက်ရှိပါတယ်။ ခေတ်မီတပ်မတော်(လေ)ဖြစ်အောင် ခေတ်အဆက်ဆက်တွင်   စွမ်းရည်ထက်မြက် အောင်လုပ်ဆောင်လျက်ရှိပါတယ်။   ထိုကဲ့သို့ နည်းပညာစွမ်းရည် ထက်မြက်အောင် လုပ်ဆောင်မှုနှင့်အတူ စွမ်းရည်ပြည့်ဝလျက် ရှိသော လေသူရဲကောင်းများကို မွေးထုတ်ပေးလျက်ရှိရာ ယခုအခါ (၇၄)နှစ်မြောက် တပ်မတော်(လေ)  တပ်တော်ဝင် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ယခုတပ်တော်ဝင်အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ လေသူရဲများနှင့် တာဝန်ရှိသူများ၏ စကားသံများကို ယခုလိုဖော်ပြလိုက်ပါတယ်။

ဒုတိယဗိုလ်မှူးကြီး  မျိုးထက်ဝင်းအေး

(ပျံသန်းမှုဘေးအန္တရာယ်  ကင်းရှင်းရေးတာဝန်ခံအရာရှိ)

ဒီနေ့အခမ်းအနားမှာ ပါဝင်ပျံသန်းမည့် အုပ်ဖွဲ့အမျိုးအစား ၇ မျိုး၊ လေယာဉ်/ရဟတ်ယာဉ် ၁၁ မျိုး စုစုပေါင်း ၂၉ စင်းဖြင့် ပျံသန်း သရုပ်ပြသွားမှာဖြစ်ပါတယ်။ သရုပ်ပြ ပျံသန်းကြမည့် အုပ်ဖွဲ့အမျိုးအစားတွေကတော့ ကြိုးကြာအုပ်ဖွဲ့မှာ နိုင်ငံတော်အလံ ချိတ်ဆွဲပျံသန်းသည့် Mi-17 ရဟတ်ယာဉ် ၁ စင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံချိတ်ဆွဲပျံသန်းသည့် Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စင်းတို့က အတန်းလိုက်အုပ်ဖွဲ့ပုံသဏ္ဌာန်(Composite Trail Formation) ပျံသန်းသရုပ်ပြသွားမှာ ဖြစ်ပါတယ်။ တပ်မတော်(လေ)မှ သုတေသနပြုထုတ်လုပ်ထားသော  MTX-1A အမောင်းသင်လေယာဉ် ၁ စင်း၊  H-120 ရဟတ်ယာဉ် ၂ စင်းတို့က  မြားဦးသဏ္ဌာန်အုပ်ဖွဲ့ပုံစံ(Composite Arrow Head Formation)ဖြင့် ပျံသန်းသရုပ်ပြ သွားမှာ ဖြစ်ပါတယ်။ ရန်နိုင်အုပ်ဖွဲ့အနေနဲ့ Grob-120 TP အမောင်းသင်လေယာဉ် ၅ စင်းက မြားဦးပုံသဏ္ဌာန် အုပ်ဖွဲ့ပုံစံ(Arrow Head Formation)ဖြင့် ပျံသန်း သရုပ်ပြသွားမှာ ဖြစ်ပါတယ်။ ရန်အောင်အုပ်ဖွဲ့အနေနဲ့ ATR-72 သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်း၊ Beech-1900D သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စင်းတို့ဟာ (Composite Arrow Head Formation)  မြားဦးပုံသဏ္ဌာန်အုပ်ဖွဲ့ပုံစံဖြင့်  ပျံသန်းသရုပ်ပြ သွားမှာဖြစ်ပါ တယ်။ ရဲမာန်အုပ်ဖွဲ့အနေနဲ့ K-8 ဂျက်တိုက်လေယာဉ် ၅ စင်းဖြင့် နိုင်ငံတော်အလံကို ကိုယ်စားပြုသည့်အနေနဲ့ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ်ပြီး (Arrow Head Formation) ဖြင့် ပျံသန်းသရုပ်ပြခြင်း၊ (Arrow Head Formation) ဖြင့် Smoke Trail ထုတ်လွှတ်၍ ရှုရပ်သို့ ဦးတည်ပျံသန်းပြီး K-8 လေယာဉ် ၃ စင်းဖြင့် အပေါ်သို့  ဒေါင်လိုက်ထောင်တက်ခွဲထွက်ခြင်း (Upward Bomb Bust)နှင့် K-8 လေယာဉ် ၂ စင်းက တစ်စင်းနှင့်တစ်စင်း လက်ယှက် ထိုးဖြတ် သန်းခြင်း(Cross Over)ပြုလုပ်၍  စွမ်းရည်ပြသပျံသန်းသွားမှာဖြစ်ပါတယ်။ ယက္ခအုပ်ဖွဲ့အနေနဲ့ Yak-130 တိုက်လေယာဉ် ၃ စင်းတို့က Arrow Head Formation မြားဦးပုံသဏ္ဌာန်အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းသရုပ်ပြပြီးနောက် ညာဘက်သို့ကွေ့၍ ရှုရပ်သို့ ဦးတည်ပျံသန်းပြီး အုပ်ဖွဲ့ဒေါင်လိုက်နောက်သို့ကျွမ်းထိုးခြင်း (Formation Loop Maneuver) ပျံသန်းသရုပ်ပြသွားမှာ ဖြစ်ပါတယ်။  ရာဇာအုပ်ဖွဲ့အနေဖြင့် MiG-29 SM ဘက်စုံသုံး  ဂျက်တိုက်လေယာဉ် ၆ စင်းပါဝင်တဲ့ ရာဇာအုပ်ဖွဲ့ဟာ Wedge Formation သပ်ပုံ သဏ္ဌာန်အတိုင်း ပျံသန်းသရုပ်ပြခြင်း၊ Wedge Formation သပ်ပုံသဏ္ဌာန်အုပ်ဖွဲ့ပုံစံအတိုင်း ညာဘက်သို့ကွေ့သွားပြီး ရှုရပ်သို့ ဦးတည် ပျံသန်းမှာဖြစ်ပါတယ်။ ထို့နောက် ဘယ်ဘက်သို့ Left Turn ပြုလုပ်၍ Wedge Formation ပုံစံအတိုင်း ရှုရပ်သို့ နောက်တစ်ကြိမ် ဦးတည်ပျံသန်းပြီး MiG-29 SM လေယာဉ် ၄ စင်းမှ အမြင့်သို့ ရုတ်တရက်ဆွဲတင်ခြင်း(Pull Up)ပြုလုပ်၍ အုပ်ဖွဲ့မှ ခွဲထွက်ပြီး ကျန် MiG-29 SM လေယာဉ် ၂ စင်းမှ တိုက်လေယာဉ်၏ အခြေခံလှုပ်ရှား စစ်ကစားမှုပုံစံ (Basic Fighter Maneuver) များအား သရုပ်ပြပျံသန်းခြင်း၊ ရှေ့မှပျံသန်းထွက်ပြေးရန် ကြိုးစားနေသော ရန်သူ့တိုက်လေယာဉ်အား မိမိတိုက်လေယာဉ်မှ ကြားဖြတ် ဟန့်တားတိုက်ခိုက်ချေမှုန်းနိုင်ရန် လက်နက်ပစ်လွှတ်တိုက်ခိုက်ပျံသန်းခြင်း၊ ရန်သူ့တိုက်လေယာဉ်မှလည်း ကြားဖြတ် ဟန့်တားတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ရန်အတွက် (Derry Turn) ရုတ်တရက်ဆန့်ကျင်ဘက် အရပ်မျက်နှာသို့ကွေ့၍ ရှောင်တိမ်း ပျံသန်းခြင်းနှင့် မိမိတိုက်လေယာဉ်မှလည်း ရန်သူ့တိုက်လေယာဉ်အား ထက်ကြပ်မကွာလိုက်လံတိုက်စစ်ဆင်ပျံသန်းခြင်း၊ ဝေဟင်-ဝေဟင်ကြားဖြတ်တိုက်ခိုက်မှု  စစ်နည်းဗျူဟာတစ်ခုဖြစ်သော (Barrel Roll Attack) ပြောင်းရစ်ပုံသဏ္ဌာန်ဖြင့် ရန်သူ့တိုက် လေယာဉ်နောက်သို့ အမြန်ဆုံးချဉ်းကပ် ဝင်ရောက်ပျံသန်းပြီး လက်နက်ပစ်လွှတ်ရန် ချိန်ရွယ်ပျံသန်းခြင်း၊ မိမိတိုက်လေယာဉ်မှ ရန်သူ့တိုက်လေယာဉ်အား HUD တွင် တိကျစွာချိန်ရွယ်ပြီး တိုက်ခိုက်ချေမှုန်းရန် အသင့်ဖြစ်နေမှုကို ပျံသန်းသရုပ်ပြခြင်း၊ ကြားဖြတ် ဟန့်တားတိုက်ခိုက်ခံရသော ရန်သူ့တိုက်လေယာဉ်မှ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ရန်အတွက် မီးကျည်(Flare)များ ပစ်လွှတ်ရှောင်တိမ်းပျံသန်းခြင်းနှင့် MiG-29SM ဘက်စုံသုံးတိုက်လေယာဉ် ၄ စင်းတို့က (Box Formation)ဖြင့် (Formation Break) အုပ်ဖွဲ့ပုံစံမှ ရုတ်ခြည်းခွဲထွက်ပျံသန်းခြင်းနှင့် (Deploy Flare) မီးကျည်များပစ်လွှတ်၍ (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ် လည်နေ့အခမ်းအနားနှင့် လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားအား ဂုဏ်ပြုသရုပ်ပြပျံသန်းခြင်းများကို ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ဗိုလ်ကြီးချမ်းမြေ့ကိုကို (ကြိုးကြာအုပ်ဖွဲ့ အုပ်ဖွဲ့ခေါင်းဆောင်)

ကျွန်တော့်အနေနဲ့ နိုင်ငံတော်အလံ ချိတ်ဆွဲပျံသန်းတဲ့ ကြိုးကြာအုပ်ဖွဲ့မှာ အုပ်ဖွဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ယူ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ခေါင်းဆောင် Mi-17 ရဟတ်ယာဉ် ၁ စင်းမှ နိုင်ငံတော်အလံကို ချိတ်ဆွဲပြီး Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စင်းတို့က တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ) အလံများကိုချိတ်ဆွဲလျက် Composite Trail Formation ခေါ် အတန်းလိုက် အုပ်ဖွဲ့ပုံသဏ္ဌာန်ပုံစံဖြင့် အုပ်ဖွဲ့ပျံသန်းသွားမှာ ဖြစ်ပါတယ်။ ကြိုးကြာအုပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် ကျရောက် လာနိုင်တဲ့ မည်သည့်ဘေးအန္တရာယ်မျိုးကိုမဆို တပ်မတော်(လေ)အနေနဲ့ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် အမျိုးဘာသာ သာသနာကို ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲကာ စည်းလုံးညီညွတ်စွာဖြင့် ကာကွယ်စောင့်ရှောက် သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပျံသန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုပျံသန်းသရုပ်ပြနိုင်ဖို့အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးများကို ပြုလုပ်ခြင်း၊ သရုပ်ပြပျံသန်းမှုတွင် ပါဝင်တဲ့ အုပ်ဖွဲ့များအလိုက် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ခြင်းနှင့် လက်တွေ့ပျံသန်း လေ့ကျင့်တဲ့အခါမှာ တွေ့ကြုံရသည့် အခက် အခဲတွေအပေါ် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ပေါင်းစပ်ညှိနှိုင်းသုံးသပ်ပြီး ပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ အခုလို သရုပ်ပြပျံသန်းခွင့်ရတဲ့အတွက် ဖြစ်ပေါ်ရတဲ့ခံစားချက်ကတော့ နိုင်ငံတော်အလံနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများကို သယ်ဆောင်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ပျံသန်းအလေးပြုခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။ တပ်မတော်(လေ)အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်များအပြင် သဘာဝဘေးအန္တရာယ်နှင့်  လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး တာဝန်များကိုလည်း ထမ်းဆောင်ရသလို ယခုကဲ့သို့ နိုင်ငံတော်အဆင့်အခမ်းအနားမှာ ပါဝင်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းမြောက်ပီတိဖြစ်မိပါကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်ကြီးမျိုးသူ (တံခွန်အုပ်ဖွဲ့ အုပ်ဖွဲ့ဝင်)

တပ်တော်ဝင် အခမ်းအနားမှာ တာဝန်ယူဆောင်ရွက်ရတဲ့ အခန်းကဏ္ဍကတော့ ကျွန်တော်တို့က မတူညီတဲ့လေယာဉ်၊ ရဟတ်ယာဉ် တွေ အုပ်ဖွဲ့ပျံသန်းတဲ့ တံခွန်အုပ်ဖွဲ့မှာ အုပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ တံခွန်အုပ်စုဟာဆိုရင်  တပ်မတော်(လေ)မှ သုတေသနပြု   ထုတ်လုပ်ထားသော MTX-1A အမောင်းသင်လေယာဉ် ၁ စင်း၊ H-120 ရဟတ်ယာဉ် ၂ စင်းတို့ က Composite Arrow Head Formation ခေါ် မြားဦးသဏ္ဌာန်အုပ်ဖွဲ့သရုပ်ပြပျံသန်းခြင်း၊ Chandelle Maneuver ခေါ် လေသူရဲမှ လေယာဉ်အား တိကျပိုင်နိုင်စွာ ထိန်းချုပ်မောင်းနှင်ပြီး အနည်းဆုံးအကွာအဝေးအတွင်း လားရာ၏ဆန့်ကျင်ဘက် ၁၈၀ ဒီဂရီသို့ကွေ့ ၍ပျံတက်ခြင်း၊ Lazy Eight Maneuver ခေါ် အင်္ဂလိပ်အက္ခရာ “8” ပုံသဏ္ဌာန်အား လေသူရဲမှအထက်သို့ ပျံတက်ခြင်း၊ အောက်သို့ ကွေ့၍ ပြန်လည်ဆင်းသက်ခြင်းကို အထက်အောက်ပျံသန်း လှုပ်ရှားမှုအချိုးညီညီ ဆက်လက်ပျံသန်း သရုပ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ယခုလို ပျံသန်းနိုင်ဖို့အတွက် အုပ်ဖွဲ့အချင်းချင်းညှိနှိုင်းခြင်း၊ အုပ်ဖွဲ့အတွင်းရှိ အမျိုးအစားမတူတဲ့ လေယာဉ်၊ ရဟတ်ယာဉ်များနှင့် ညှိနှိုင်းခြင်း၊ လက်တွေ့ပျံသန်းခြင်းများနဲ့  လေယာဉ်၊ ရဟတ်ယာဉ်များအလိုက် ဟန်ချက်ညီညီ အချိန်ကိုက်ဆောင်ရွက်နိုင်ရေး အဓိက လေ့ကျင့်ခဲ့ပါတယ်။ ပျံသန်းပြသရတဲ့ ရည်ရွယ်ချက်ကတော့ တပ်မတော် (လေ)ရဲ့အမျိုးအစားမတူညီတဲ့  လေယာဉ်/ ရဟတ်ယာဉ် များနဲ့    လေသူရဲများရဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခြင်းပဲ ဖြစ်ပါ တယ်။ အခုလို တပ်မတော်(လေ)မှ သုတေသနပြုထုတ်လုပ် ထားသော MTX-1A အမောင်းသင်လေယာဉ်ဖြင့် နိုင်ငံတော် အခမ်းအနားမှာ လေယာဉ်မောင်းနှင်သရုပ်ပြပျံသန်းခွင့်ရတဲ့အတွက် ပြောမပြတတ်အောင် အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်။ နောင်အနာဂတ်မှာလည်း ယခုထက် ပိုမိုအဆင့်မြင့်မားတဲ့ သုတေသနပြု ထုတ်လုပ်သော လေယာဉ်/ရဟတ်ယာဉ်များကို စမ်းသပ်မောင်းနှင်ခွင့်ရရှိအောင် ဆက်လက်ကြိုးစားသွားပါမယ်။ ယခုလိုအခမ်း အနားမှာ အုပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ဟန်ချက်ညီညီ အချိန်ကိုက် ပျံသန်းနိုင်ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်မှူးဝင်းမင်းထွန်း (ရဲမာန်အုပ်ဖွဲ့ အုပ်ဖွဲ့ခေါင်းဆောင်)

ဒီနေ့တပ်တော်ဝင်အခမ်းအနားနှင့် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အခမ်းအနားမှာ ရဲမာန်အုပ်ဖွဲ့ အုပ်ဖွဲ့ခေါင်းဆောင်အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ပျံသန်းသရုပ်ပြမှုအနေနဲ့ K-8 ဂျက်တိုက်လေယာဉ် ၅ စင်းတို့ဟာ Arrow Head Formation ခေါ် မြားဦး ပုံသဏ္ဌာန်အုပ်ဖွဲ့ပုံစံဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြု သွားမှာဖြစ်ပါ တယ်။ ရဲမာန်အုပ်ဖွဲ့မှ K-8 ဂျက်တိုက်လေယာဉ် ၅ စင်းတို့ဟာ နိုင်ငံတော်အလံကိုကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်း ရောင်၊ အနီရောင် မီးခိုးတန်း Smoke Trail များကိုထုတ်လွှတ်လျက် ပျံသန်းသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျက်တိုက် လေယာဉ်များသည် Arrow Head Formation ဖြင့် Smoke Trail ထုတ်လွှတ်၍  ရှုရပ်သို့ ဦးတည်ပျံသန်းပြီး K-8 လေယာဉ် ၃ စင်းဖြင့် အပေါ်သို့ ဒေါင်လိုက်ထောင်တက်ခွဲထွက်ခြင်း(Upward Bomb Bust) နှင့် K-8 လေယာဉ် ၂ စင်းက တစ်စင်းနှင့်တစ်စင်း လက်ယှက်ထိုး ဖြတ်သန်းခြင်း(Cross Over)ပြုလုပ်၍ စွမ်းရည်ပြသ ပျံသန်းသွားမှာ ဖြစ်ပါတယ်။

ယခုလို ပျံသန်းနိုင်ဖို့အတွက် အုပ်ဖွဲ့အတွင်း ဆွေးနွေးတိုင်ပင်ခြင်း၊ အချင်းချင်းပေါင်းစပ်ညှိနှိုင်းခြင်း၊ လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်ကင်းစွာဖြင့် လက်တွေ့ပျံသန်းခြင်းများတွင် လေယာဉ်တစ်စင်းချင်းစီအလိုက် ဟန်ချက်ညီညီ  အချိန်ကိုက်ဆောင်ရွက်နိုင်ရေး အဓိကလေ့ကျင့်ခဲ့ပါတယ်။ ယခုလိုအခမ်းအနားမှာ အုပ်ဖွဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ ဟန်ချက်ညီညီ အချိန်ကိုက်ပျံသန်းနိုင်ခြင်းနှင့်အတူ စွမ်းရည်ပြသခွင့်ရခဲ့တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

ဒုတိယဗိုလ်မှူးကြီးကျော်အောင်

(ရာဇာအုပ်ဖွဲ့ အုပ်ဖွဲ့ခေါင်းဆောင်)

ဒီနေ့တပ်တော်ဝင်အခမ်းအနားနှင့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အခမ်းအနားမှာ ရာဇာအုပ်ဖွဲ့ခေါင်းဆောင်အနေနဲ့ ပါဝင်ဆောင် ရွက်ခဲ့ပါတယ်။ ဒီနေ့တပ်တော်ဝင်အခမ်းအနားနှင့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့အခမ်းအနားမှာ ရာဇာအုပ်ဖွဲ့ ခေါင်းဆောင် အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အပိုင်းကတော့ MiG-29 SM ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၆ စင်းပါဝင်တဲ့ ရာဇာအုပ်ဖွဲ့ဟာ Wedge Formation (သပ်ပုံသဏ္ဌာန်)အတိုင်း ပျံသန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို အုပ်ဖွဲ့ပျံသန်းအလေးပြုခြင်း၊ ရာဇာအုပ်ဖွဲ့ဟာ Wedge Formation (သပ်ပုံသဏ္ဌာန်)အုပ်ဖွဲ့ပုံစံအတိုင်း ညာဘက်သို့ ကွေ့သွားပြီး ရှုရပ်သို့ ဦးတည်ပျံသန်းမှာဖြစ်ပါတယ်။ ထို့နောက်  ဘယ်ဘက်သို့  Left Turn ပြုလုပ်၍ Wedge Formation ပုံစံအတိုင်း ရှုရပ်သို့ နောက်တစ်ကြိမ် ဦးတည်ပျံသန်းပြီး MiG-29 SM လေယာဉ် ၄ စင်းမှအမြင့်သို့ ရုတ်တရက်ဆွဲတင်ခြင်း(Pull Up)ပြုလုပ်၍ အုပ်ဖွဲ့မှ ခွဲထွက်သွားပြီး ကျန် MiG-29 SM လေယာဉ် ၂ စင်းမှ တိုက်လေယာဉ်၏ အခြေခံလှုပ်ရှားစစ်ကစားမှု  ပုံသဏ္ဌာန်(Basic Fighter Maneuver) များအား သရုပ်ပြပျံသန်းခြင်း၊ ရှေ့မှပျံသန်းထွက်ပြေးရန်ကြိုးစားနေသော ရန်သူ့တိုက်လေယာဉ်အား မိမိတိုက် လေယာဉ်မှ   ကြားဖြတ် ဟန့်တားတိုက်ခိုက်ချေမှုန်းနိုင်ရန် လက်နက်ပစ်လွှတ်တိုက်ခိုက်ပျံသန်းခြင်း၊  ရန်သူ့တိုက်လေယာဉ်မှလည်း ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုမှလွတ်မြောက်နိုင်ရန်အတွက် Derry Turn ခေါ် ရုတ်တရက် ဆန့်ကျင်ဘက် အရပ်မျက်နှာသို့ ကွေ့၍ ရှောင်တိမ်းပျံသန်းခြင်းနှင့် မိမိတိုက်လေယာဉ်မှလည်း ရန်သူ့တိုက်လေယာဉ်အား ထက်ကြပ်မကွာ လိုက်လံတိုက်စစ်ဆင် ပျံသန်းခြင်း၊ ဝေဟင်-ဝေဟင်ကြားဖြတ်တိုက်ခိုက်မှု  စစ်နည်းဗျူဟာတစ်ခုဖြစ်သော Barrel Roll Attack ခေါ်  ပြောင်းရစ် ပုံသဏ္ဌာန် ဖြင့် ရန်သူ့တိုက်လေယာဉ်နောက်သို့ အမြန်ဆုံးချဉ်းကပ်ဝင်ရောက်ပျံသန်းပြီး လက်နက်ပစ်လွှတ်ရန်ချိန်ရွယ်ပျံသန်းခြင်း၊ မိမိတိုက် လေယာဉ်မှ ရန်သူ့တိုက်လေယာဉ်အား HUD တွင်တိကျစွာချိန်ရွယ်ပြီး တိုက်ခိုက်ချေမှုန်းရန် အသင့်ဖြစ်နေမှုကို  ပျံသန်း သရုပ်ပြခြင်း၊ ကြားဖြတ်ဟန့်တား တိုက်ခိုက်ခံရသော ရန်သူ့တိုက်လေယာဉ်မှ ဒုံးကျည် ပစ်ခတ်တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ရန်အတွက် မီးကျည် (Flare)များ ပစ်လွှတ်ရှောင်တိမ်းပျံသန်းခြင်းနှင့် MiG-29 SM ဘက်စုံသုံးတိုက်လေယာဉ် ၄ စင်းတို့က(Box Formation)ဖြင့် Formation Break ခေါ် အုပ်ဖွဲ့ပုံစံမှရုတ်ခြည်းခွဲထွက်ပျံသန်းခြင်းနှင့် (Deploy Flare) မီးကျည်များပစ်လွှတ်ပြီး သရုပ်ပြပျံသန်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ယခုလို သရုပ်ပြပျံသန်းနိုင်ဖို့အတွက်  အုပ်ဖွဲ့အတွင်းမှာ ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း၊ သရုပ်ပြပျံသန်းမည့် လေသူရဲများအလိုက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ လက်တွေ့ပျံသန်းလေ့ကျင့်တဲ့အချိန်မှာ တွေ့ကြုံရသည့် အခက်အခဲတွေအပေါ် သုံးသပ်ပြင်ဆင်ပြီး လေ့ကျင့်မှုများ ပြုလုပ်ရပါတယ်။ ယခုလို တပ်တော်ဝင်အခမ်းအနားမှာ မြန်မာ့ တပ်မတော်(လေ)ရဲ့ လေသူရဲများအနေဖြင့် မိမိတို့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ပါဝင်ပျံသန်းခဲ့ကြပါတယ်။ လေသူရဲများအနေဖြင့် မိမိတို့ကို ပေးအပ်လာသည့်တာဝန်ဝတ္တရားကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထမ်းဆောင်ခဲ့ကြပါတယ်။ ယခုလို  တာဝန်ဝတ္တရား များကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ကြတဲ့ လေသူရဲအရာရှိများကိုလည်း ကျေးဇူးတင်ပါတယ်။ ယခုလို လေယာဉ်၊ ရဟတ်ယာဉ် များ လေထဲကို အချိန်မီပျံတက်နိုင်အောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ စက်မှုလက်မှုအရာရှိ/စစ်သည်များ၊ တပ်မတော်(လေ) လေသူရဲ များဟာဆိုရင် နိုင်ငံတကာမှာရှိတဲ့ လေသူရဲများထက် အရည်အသွေး၊ အရည်အချင်းများအတိုင်း ပျံသန်းနိုင်ကြတယ်ဆိုတာ ယခု တပ်တော်ဝင်အခမ်းအနားမှာ မြင်တွေ့ရမှာဖြစ်တယ်။ ယခုလို တပ်တော်ဝင် အခမ်းအနားမှာ အုပ်ဖွဲ့ခေါင်းဆောင် တစ်ဦးအနေနဲ့ ဟန်ချက် ညီညီ အချိန်ကိုက် ပျံသန်းနိုင်ခဲ့တဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်မှူးကျော်လင်းမောင် (ပြခန်းတာဝန်ခံအရာရှိ)

တပ်မတော်(လေ) တပ်တော်ဝင်အခမ်းအနားမှာ  ကျွန်တော်တို့ပြခန်းအနေနဲ့ ခင်းကျင်းပြသလာခဲ့တာဆိုရင် ယခုနှစ်ဆိုရင် ၁၀ နှစ်ရှိပြီဖြစ်ပါတယ်။ နှစ်စဉ်တပ်မတော်(လေ)ရဲ့ နှစ်ပတ်လည်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ်တစ်ခုအနေနဲ့ ခင်းကျင်းပြသထားခြင်းဖြစ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ခင်းကျင်းပြသရသလဲဆိုတော့ တပ်မတော်(လေ)ရဲ့ သမိုင်းကို သိရှိစေရန်နှင့် ဘယ်လိုကြိုးစားပြီး တည်ဆောက်ပေးခဲ့ရသလဲဆိုတာတွေကို တန်ဖိုးထားလာ တတ်စေရန်ရည်ရွယ်ပြီး ခင်းကျင်းပြသထားခြင်း   ဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းကို ကဏ္ဍ ၆ ခုနဲ့ ခင်းကျင်းပြသထားပါတယ်။ ကဏ္ဍ ၆ ခုကတော့  သမိုင်းမှတ်တမ်းဓာတ်ပုံများကဏ္ဍ၊ ခေတ်မီလက်နက်များအခန်းကဏ္ဍ၊ စက်မှုလက်မှုအခန်းကဏ္ဍ၊ မျိုးဆက်သစ် တိုက်လေယာဉ်များ အခန်းကဏ္ဍ၊ တပ်မတော်(လေ)၏ တီထွင်ထုတ်လုပ်ထားမှုများအခန်းကဏ္ဍ၊ တောတွင်း၊ ရေပြင်အသက် ကယ်ကူပစ္စည်းများ အခန်းကဏ္ဍ စသည်ဖြင့် ခင်းကျင်းပြသထားပါတယ်။ သမိုင်းမှတ်တမ်းဓာတ်ပုံများ ကဏ္ဍမှာဆိုရင် လေကြောင်း သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့တဲ့ တပ်မတော်(လေ)ရဲ့ကြိုးစားခဲ့မှု သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ နိုင်ငံတော်ကို ကျရာအခန်းကဏ္ဍမှ ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ခေတ်မီသော တပ်မတော်(လေ) တစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် အရည်အချင်းပြည့်ဝတဲ့ အမျိုးသား/အမျိုးသမီးလေသူရဲများ၊ အဆင့်မြင့် လေယာဉ်/ရဟတ်ယာဉ်များအား ကိုင်တွယ်အသုံးပြုစေနိုင်သည့် စက်မှု လက်မှုအရာရှိ/စစ်သည်၊ စစ်သည်အစားခန့်၊ အမျိုးသား/ အမျိုးသမီးများ ပေါ်ပေါက်လာစေရန်အတွက် မွေးထုတ်ပေးမှုမှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားပါတယ်။ ခေတ်မီလက် နက်များ အခန်းကဏ္ဍမှာဆိုရင် လက်ရှိတပ်မတော်(လေ)တွင်  အသုံးပြုလျက်ရှိသော ခေတ်မီလက်နက်များနှင့် နိုင်ငံတကာတွင်  အသုံးပြုလျက်ရှိသော ထိပ်တန်းခေတ်မီလက်နက်များကို ဗဟုသုတရစေရန်အလို့ငှာ ခင်းကျင်းပြသထားပါတယ်။  စက်မှုလက်မှု ပစ္စည်းများ ကဏ္ဍအနေနဲ့ဆိုရင်  ယခုလက်ရှိ  တပ်မတော်(လေ)တွင်   အသုံးပြုလျက်ရှိသော လေယာဉ်/ရဟတ်ယာဉ်များ၏ ပျံသန်းမှု တွင် အထောက်အကူဖြစ်စေသော ပစ္စည်းများကို ခင်းကျင်းပြသထားပါတယ်။

မျိုးဆက်သစ်တိုက်လေယာဉ်များအခန်းကဏ္ဍမှာဆိုရင် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော ထိပ်တန်းလေယာဉ်များအား ဗဟုသုတရစေရန်အလို့ငှာ ခင်းကျင်းပြသထားပါတယ်။ တပ်မတော်(လေ)၏တီထွင် ထုတ်လုပ်ထားမှုများအခန်းကဏ္ဍမှာဆိုရင် လေယာဉ် ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင် တီထွင်ထုတ်လုပ်ထားသည့် လေကြောင်းလမ်းညွှန်စက်၊ အီလက်ထရွန်နစ် အတတ်သင် ကျောင်းမှ တီထွင်ထုတ်လုပ်ထားသည့်  အလိုအလျောက်ပိုးသတ်ဆေးဖျန်း၊ လုံခြုံရေးစစ်ဆေးသည့်စက် စသောပစ္စည်း များအား ခင်းကျင်းပြသထားပါတယ်။ တောတွင်း၊ ရေပြင် အသက်ကယ်ကူပစ္စည်းများအခန်းကဏ္ဍမှာဆိုရင် တောတွင်း  အသက် ကယ်ကူပစ္စည်းများ၊ ရေပြင်အသက်ကယ်ကူပစ္စည်းများအား အများပြည်သူဗဟုသုတရစေရန် အလို့ငှာ ခင်းကျင်းပြသထားပါတယ်။

နိုင်ထွန်း၊ အောင်ပြည့်စိုး