ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၁၆

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန်ကာကွယ် တားဆီးနိုင်ရေး ဝန်ကြီးဌာနများအကြား လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်တို့ တက်ရောက်သည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက်ရှိပြီး အရှေ့တောင်အာရှ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင်လည်း တွေ့ရှိနေရပြီဖြစ်ပါကြောင်း။

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ဝင်ရောက်လာမှု စောင့်ကြပ်ကြည့်ရှုခြင်း အနေဖြင့်   ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊   တပ်မတော် ဆေးသုတေသန တပ်တို့နှင့်  ကမ္ဘာ့ကျန်းမာရေး အဖွဲ့အသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုများ  ပြုလုပ်လျက် ရှိပါကြောင်းနှင့် လက်ရှိအချိန်အထိ ပြည်တွင်း၌ အိုမီခရွန်ရောဂါပိုး မတွေ့ရှိသေးပါကြောင်း။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို   နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်နေပြီဖြစ်ပြီး    နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိနှုန်း အနေဖြင့်  ၂ ရာခိုင်နှုန်းခန့်သာ ရှိသည်ကို တွေ့ရှိရပါကြောင်း။

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုးရောက်ရှိကူးစက်မှုမြင့်မားလာချိန်တွင် နယ်စပ်ဒေသများနှင့်  လေကြောင်းခရီးလမ်းမှ တစ်ဆင့်  နိုင်ငံခြားမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ၊ သံတမန်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များထံမှ ရောဂါပိုး ကူးစက်ဝင်ရောက်နိုင်မှုများကို   တားဆီး ကာကွယ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြစေလိုပါကြောင်း။

ထို့ပြင်  မျိုးရိုးဗီဇပြောင်း  အိုမီခရွန်ရောဂါပိုး တွေ့ရှိလာပါကလည်း ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ကြပါရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က  အမှာစကား ပြောကြားရာတွင် ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း ကဏ္ဍ၏ သဘောသဘာဝမှာ အခြားကဏ္ဍများနှင့် ဆက်စပ်နေပြီး  သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရပါကြောင်း၊ လက်ရှိအချိန်တွင်    ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍   ကျန်းမာရေးကဏ္ဍနှင့် အထူးပူးပေါင်း ဆောင်ရွက်ရပါကြောင်း။

လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး ဖြေလျှော့မှုများကြားတွင် စည်းမျဉ်းစည်းကမ်း လိုက်နာမှုများ တဖြည်းဖြည်း လျော့ကျလာပါက  ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာမည်ဖြစ်ပြီး နိုင်ငံတော် ဝန်ကြီးချုပ်မှလည်း စည်းမျဉ်းစည်းကမ်း တင်းကျပ်မှုများကို     ဂရုစိုက်ဆောင်ရွက်ကြရန်   လမ်းညွှန် မှာကြားထားပါကြောင်း။

ဟိုတယ်နှင့်ခရီးသွား ကဏ္ဍအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊   ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ   ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အသီးသီးဆွေးနွေးခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဆွေးနွေးပြောကြားရာတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးသည် အိမ်နီးချင်းနိုင်ငံများတွင် တွေ့ရှိနေရပြီဖြစ်ပြီး    မိမိတို့နိုင်ငံသို့ အချိန်မရွေး ဝင်ရောက်လာနိုင်သည့် အခြေအနေတွင် ရှိပါကြောင်း၊ အဆိုပါရောဂါပိုး ဝင်ရောက်မလာစေရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်၍ အချိန်ဆွဲထားရန် လိုအပ်ပါကြောင်း။

ထိုသို့အချိန်ဆွဲထားနိုင်ခြင်း အားဖြင့် ကွာရန်တင်းစင်တာများ၊ ကုသရေးစင်တာများ၊ အထူးကြပ်မတ် ကုသဆောင်များ ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း၊  ရောဂါပိုး အကြောင်းပိုမိုသိရှိလာ၍ ပြည်သူလူထုအား ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများနှင့်  ကုသရေးလုပ်ငန်း လမ်းညွှန်များ၊ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကိုလည်း  ပိုမိုထိရောက်စွာ ပြင်ဆင်ဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူးများ    ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။