မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂ဝ၂၃ အာရှဖလားပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည်

မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂ဝ၂၃ အာရှဖလားပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည်

မြန်မာ့လက်ရွေးစင်  အမျိုးသား ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂ဝ၂၃ အာရှဖလားပြိုင်ပွဲ တတိယ အဆင့်ခြေစစ်ပွဲကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည်ဟု အာရှဘောလုံးအဖွဲ့ချုပ် (င AFC) က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အာရှဘောလုံး အဖွဲ့ချုပ်က ၂ဝ၂၃ အာရှဖလား ပြိုင်ပွဲအတွက် ခြေစစ်ပွဲကို ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့်အတူ ပူးတွဲကျင်းပခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများအနေဖြင့် ၂ဝ၂၃ အာရှဖလားပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲစဉ်များကို ဆက်လက် ကစားရမည်ဖြစ်သည်။

၂ဝ၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲ  ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်များ အပြီးတွင်  ဂျပန်၊  တောင်ကိုရီးယား၊ ကာတာ၊ သြစတြေးလျ၊ အီရန်၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆော်ဒီအာရေဗျ၊ အိုမန်၊ ဗီယက်နမ်၊ ယူအေအီးနှင့် အီရတ်အသင်းတို့က တတိယအဆင့်ခြေစစ်ပွဲကစားရမည် မဟုတ်ဘဲ ၂ဝ၂၃ အာရှဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် ရရှိမည်ဖြစ်သည်။

အာရှဘောလုံး အဖွဲ့ချုပ်က ၂ဝ၂၃ အာရှဖလား ပြိုင်ပွဲ  တတိယအဆင့်ခြေစစ်ပွဲကို  ပြိုင်ပွဲဝင်အသင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လေးသင်းပါ ခြောက်အုပ်စုခွဲကာ    တစ်အုပ်စုချင်းစီတွင်  အိမ်ရှင်နိုင်ငံ တစ်နိုင်ငံစီရွေးချယ်ပြီး ကျင်းပမည်ဖြစ်ကာ အုပ်စုတစ်ခုချင်းစီမှ အုပ်စုပထမ ရရှိသည့်အသင်း ခြောက်သင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယငါးသင်း စုစုပေါင်း ၁၁ သင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

လက်ရှိတွင် ၂ဝ၂၃ အာရှဖလားပြိုင်ပွဲ တတိယ အဆင့်ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲရန် ဆီဒင်အဆင့် သတ်မှတ်ချက်အရ  မဲအိုးနံပါတ် (၁) ၌  ဥဇဘတ်ကစ္စတန်၊ ဘာရိန်း၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ ပါလက်စတိုင်းနှင့် အိန္ဒိယအသင်း၊ မဲအိုးနံပါတ် (၂) ၌ တာဂျစ်ကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ ကူဝိတ်နှင့် မြန်မာအသင်း၊ မဲအိုးနံပါတ် (၃) ၌ ဟောင်ကောင်၊ ယီမင်၊  အာဖဂန်နစ္စတန်၊  မလေးရှား၊  မော်လ်ဒိုက်နှင့် စင်ကာပူအသင်း၊ မဲအိုးနံပါတ် (၄)၌ နီပေါ၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် ကမ္ဘောဒီးယားအသင်းတို့ပါဝင်ခဲ့ကြသည်။

၂ဝ၂၃ အာရှဖလားပြိုင်ပွဲကို ၂ဝ၂၃ ခုနှစ် ဇွန်လမှ ဇူလိုင်လအထိ တရုတ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး   ပြိုင်ပွဲကို အိမ်ရှင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ သြစတြေးလျ၊ အီရန်၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆော်ဒီအာရေဗျ၊ အိုမန်၊ ဗီယက်နမ်၊ ယူအေအီး၊ အီရတ်အသင်းတို့နှင့် အတူ တတိယအဆင့်ခြေစစ်ပွဲ အဆင့်မှ တက်ရောက်လာမည့် အသင်း ၁၁ သင်းအပါအဝင် စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းအနေဖြင့် ၂ဝ၂၃ အာရှဖလားပြိုင်ပွဲခြေစစ်ပွဲမတိုင်မီ စင်ကာပူနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည့်   ဆူဇူကီးဖလားပြိုင်ပွဲကို  ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး အဆိုပါပြိုင်ပွဲအပြီးတွင်  ၂ဝ၂၃အာရှဖလားပြိုင်ပွဲ  တတိယအဆင့် ခြေစစ်ပွဲအတွက် ဆက်လက်ပြင်ဆင်မည် ဖြစ်ကြောင်း သိရသည်။