ရွှေလက်ကား ဈေးကွက်၌ တစ်ရက်လျှင် ပိဿာချိန် ၅ဝ အထိ အရောင်းအဝယ်ဖြစ်နေပြီး ရွှေပန်းထိမ်များမှ ဒီဇိုင်းသစ်များ ထုတ်လုပ်လျက်ရှိ

ရွှေလက်ကား ဈေးကွက်၌ တစ်ရက်လျှင် ပိဿာချိန် ၅ဝ အထိ အရောင်းအဝယ်ဖြစ်နေပြီး ရွှေပန်းထိမ်များမှ ဒီဇိုင်းသစ်များ ထုတ်လုပ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ   ရွှေလက်ကားဈေးကွက်၌ တစ်ရက်လျှင် ပိဿာ ချိန် ၅ဝ အထိ အရောင်းအဝယ်ဖြစ်နေပြီး လက်လီဈေးကွက်အတွက်လည်း ရွှေပန်းထိမ် လုပ်ငန်းများမှ ဒီဇိုင်းသစ်များ ထုတ်လုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး    ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ရွှေပန်းထိမ်လုပ်ငန်းများ ပုံမှန်ပြန်လည် လုပ်ကိုင်နေကြပြီး လက်ဝတ်ရတနာ ဈေးကွက်၌ အရောင်းအဝယ် အနည်းငယ်ပြန်လည် ကောင်းမွန်လာကာ ရွှေတုံးရွှေခဲဈေးကွက်မှာ အရောင်းအဝယ် ပိုမိုကောင်းမွန်လျက်ရှိကြောင်း  သိရသည်။

ထို့ပြင် ရွှေပန်းထိမ် လုပ်ငန်းများမှ 3D ဒီဇိုင်းများဖြင့် ထုတ်လုပ်ထားသည့်    ရွှေလက်ရာ သီးသန့်အပါအဝင် ရွှေနှင့်ကျောက်မျက် ရတနာလက်ရာဆန်း လက်ဝတ်ရတနာများကို ထုတ်လုပ်လာကြသည်။

ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင်များ အသင်းအနေဖြင့် ရွှေဈေးကွက် တည်ငြိမ်ရေးအတွက် ကုန်ကြမ်းရရှိရေး အပါအဝင် သယ်ယူပို့ဆောင်မှု အဆင်ပြေစေရန်၊ ဈေးကွက်အတွင်း ရွှေထိငွေထိ ရောင်းဝယ်ရေးများ အပါအဝင် ဈေးနှုန်းမြင့်တက်ခြင်းမရှိ စေရန် အဘက်ဘက်မှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။