၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အီတလီစီးရီးအေ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို အင်တာမီလန် အသင်းနည်းပြဟောင်း ကွန်တီရရှိ

အီတလီနိုင်ငံအခြေစိုက်   နာမည်ကြီး အားကစား သတင်းဌာနဖြစ်သည့် Gazzetta Dello Sports က ရွေးချယ်ပေးအပ်သော ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အီတလီစီးရီးအေ ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို အင်တာမီလန်အသင်းနည်းပြဟောင်း လက်ရှိ စပါးအသင်းနည်းပြ ကွန်တီက ရရှိခဲ့ကြောင်း သိရသည်။

အသက် ၅၂ နှစ်အရွယ်   နည်းပြ ကွန်တီသည် ချယ်လ်ဆီးအသင်းမှ  ထွက်ခွာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ် ဇွန်လအထိ အင်တာမီလန်အသင်း၌ တာဝန်ယူကိုင်တွယ်ခဲ့ပြီး   ၂၀၂၀-၂၀၂၁  ဘောလုံးရာသီက    အင်တာမီလန်အသင်း အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေသည့် အီတလီစီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။

နည်းပြ ကွန်တီသည် ပြီးခဲ့သည့် ဘောလုံးရာသီက အီတလီစီးရီးအေချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့သော်လည်း ဘောလုံးရာသီပြီးဆုံးချိန်တွင် ကစားသမား အပြောင်းအရွှေ့ကိစ္စရပ်များနှင့် ပတ်သက်ပြီး အသင်းမှ တာဝန်ရှိသူများနှင့် သဘောထားမတိုက်ဆိုင်သည့်အတွက်    ယခုနှစ်   ဇွန်လကုန်ပိုင်းက အင်တာမီလန်အသင်းနှင့် နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။

နည်းပြကွန်တီသည်  အင်တာမီလန်အသင်းမှ နုတ်ထွက်ခဲ့ပြီးနောက်   ပြီးခဲ့သည့်နိုဝင်ဘာလက စပါးအသင်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သူ ဖြစ်သော်လည်း ပြီးခဲ့သည့်ဘောလုံးရာသီ စွမ်းဆောင်ရည်များကြောင့် အေစီမီလန်အသင်းနည်းပြ ပီအိုလီကို ကျော်ဖြတ်ပြီး တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ကွန်တီသည် စပါးအသင်း၌လည်း ပရီးမီးယားလိဂ်လေးပွဲ တာဝန်ယူ ကိုင်တွယ်ခဲ့ရာတွင် ရှုံးပွဲမရှိ သေးဘဲ တစ်ပွဲသရေရလဒ်နှင့် သုံးပွဲအနိုင် ရရှိအောင် စွမ်းဆောင်ထားနိုင်ကြောင်း သိရသည်။     

  Ref;Gazzetta Dello Sports