သာစည်မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်တို့ကို Stay at home အစီအစဉ်မှပယ်ဖျက်

သာစည်မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်တို့ကို Stay at home အစီအစဉ်မှပယ်ဖျက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

အမိန့်အမှတ်၊   ၅၃၅/၂ဝ၂၁

၁၃၈၃ ခုနှစ်၊  နတ်တော်လဆန်း   ၁၄   ရက်

(၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ  ၁၇   ရက်)

          ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို  ထုတ်ပြန်လိုက်သည်။

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (Coronavirus Disease 2019-COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါ ကူးစက်မှုများပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများ အနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။      သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့်ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲ အတည်ပြု လူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက် ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ် ဆောင်ရွက်စဉ် ကာလအတွင်း ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများအား

သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထား ဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ အားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော(၁၄)ရက်အတွင်း ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင် ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိ ရပါသည်။

၃။      သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အောက်ဖော်ပြပါ မြို့နယ်များမှ နေထိုင်သော ပြည်သူများအနေဖြင့် ၁၈-၁၂-၂ဝ၂၁ ရက်၊ နံနက်(၄)နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင်ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်-

    (က)သာစည်မြို့နယ်၊            

    (ခ )နွားထိုးကြီးမြို့နယ်။                  

 ၄။      အထက်ပါမြို့နယ်များအား  Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီး နောက်တွင်လည်း  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည် ဖြစ်သည်။

ဒေါက်တာသက်ခိုင်ဝင်း

ပြည်ထောင်စုဝန်ကြီး