ဂန္ထဝင်အနုပညာရှင် စည်သူဒေါက်တာဗိုလ်ကလေးတင့်အောင် ကွယ်လွန်

ဂန္ထဝင်အနုပညာရှင် စည်သူဒေါက်တာဗိုလ်ကလေးတင့်အောင် ကွယ်လွန်

ငယ်ဘဝ

အမည်ရင်းဦးတင့်အောင်၊ အနုပညာအမည် ဗိုလ်ကလေး တင့်အောင်ကို အဘဦးဘသင်၊  အမိဒေါ်ဖွားသိန်းတို့မှ ဇွန်လ ၃ ရက် ၁၉၂၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရိုင်  ဘိုကလေးမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်းခြောက်ယောက်တွင် ဒုတိယသားဖြစ်ပြီး ဂီတလုလင်ဦးကိုကို၏ အစ်ကိုကြီးဖြစ်သည်။  

ဘိုကလေးမြို့၊  ကျုံမငေးမြို့နှင့် ကျိုက်လတ်မြို့ အမျိုးသား အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှု

၁၉၃၈ ခုနှစ် (၁၃ဝဝ ပြည့်အရေးတော်ပုံ) ကျောင်းသားသပိတ် မှောက်ရာမှ ကျောင်းပြန်မတက်တော့ဘဲ   ရဲတပ်၊ ဗမာ့လက်ရုံးတပ်၊  သံမဏိတပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကာ ၁၉၄ဝ-၁၉၄၁ ခုနှစ်တွင် နယ်ချဲ့အားတော်လှန်ရန် ဖွဲ့စည်းရာ၌ ပါဝင်ခဲ့၏။ ၁၉၄၂ ခုနှစ်တွင်  ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေတပ်) ဖွဲ့စည်းရာတွင် ပါဝင်ထမ်းရွက်ခဲ့ပြီး ဘီအိုင်အေ တပ်ဖျက်သိမ်းပြီးသည့်နောက် အနုပညာနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။

အနုပညာရှင်ဘဝနှင့်အတွေ့အကြုံ

၁၉၃၉ ခုနှစ်တွင် သီချင်းစတင်ရေးသားပြီး ၎င်းသီချင်းများကို ၁၉၄၇ ခုနှစ်တွင်စတင်၍ အသံလွှင့်ခဲ့၏။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ပြောင်းရွှေ့လာပြီး ညီဖြစ်သူ မောင်ကိုကို တူရိယာအဖွဲ့တွင် ဂီတာတီးသူအဖြစ် ပါဝင်ခဲ့၍ ပြဇာတ်ဝိဇ္ဇာဒဂုန်ဆရာတင်၏ တပည့်အဖြစ် ကာဌေးရုံ၊ ဝင်းဝင်းရုံတို့တွင် သီချင်းရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ တွဲဖက်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ရာမှ တစ်ဆင့်ပြီးတစ်ဆင့်တက်၍ ၁၉၅ဝ ပြည့်နှစ်တွင် ''အပြုံးလက်ဆောင်'' ပြဇာတ်ဖြင့် ဒါရိုက်တာဖြစ်ခဲ့သည်။  ၁၉၅၇ ခုနှစ်တွင် ပထမဦးဆုံးရုပ်ရှင်ဒါရိုက်တာအဖြစ်  ''နှောင်ကြိုးကိုငင်ပါ့မယ်လေ'' ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မြတ်မွန်ရတနာပြဇာတ်ကို စီစဉ်တင်ဆက်ခဲ့၍  မြတ်မွန်ရတနာပြဇာတ် စာအုပ်ကိုစာပေဗိမာန်မှ   ဖြန့်ချိထုတ်ဝေခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ရေးထားသည်ကို ဝတ္ထုအသွင်ပြန်လည် ရေးသားထုတ်ဝေသော  မမမိုးစာအုပ် ထွက်ရှိခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေဝါသနာ အလျောက် ဆောင်းပါးများရေးခဲ့ပြီး ပန်းဝင်္ကပါခေါင်းစဉ်ဖြင့် ဆောင်းပါးရှည်ကို ၁၉၈ဝ မှ ၁၉၈၂ ခုနှစ်အထိ ဂီတပဒေသာမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

ဗိုလ်ကလေးတင့်အောင်သည် သီချင်းများ ရေးသားခဲ့ရုံမက ရုပ်ရှင်ဘက်တွင်လည်း ၁၉၆၂ ခုနှစ်က ''ဆောင်းတစ်ညဝယ်'' ဇာတ်ကားကို လည်းကောင်း၊ ငယ်ကျွမ်းဆွေပြဇာတ်ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း ရုပ်ရှင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၁၂ ကားကို ရိုက်ကူးခဲ့သည်။

ဆုရရှိခဲ့မှုများ

ပန်းဝင်္ကပါစာအုပ်ဖြင့် ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆု၊ နိုင်ငံတော်မှချီးမြှင့်သော လူမှုထူးချွန်(ပထမအဆင့်)နှင့် ဝိဇ္ဇာထူးချွန်(ပထမအဆင့်)၊ ၂ဝ၁၂ ခုနှစ်တွင် စည်သူဘွဲ့နှင့် ဒေါက်တာဘွဲ့၊ ၂ဝ၁၇ ခုနှစ်   အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်တစ်သက်တာ ဆုများကိုရရှိခဲ့သည်။

အသင်းအဖွဲ့များတွင်ဆောင်ရွက်ခဲ့မှုများ

၁၉၇၉ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဂီတကောင်စီစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ၊ ၁၉၉၃ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် အရေးအကဲဖြတ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရုပ်ရှင်အစည်းအရုံး၏ နာယက၊ ဂီတအစည်းအရုံး၏ နာယက၊ ဘိုကလေးမြို့နယ် အသင်း၊ ကျိုက်လတ်မြို့နယ်အသင်း၊ ကျုံမငေးမြို့နယ်နှင့် စိတ်ပညာ အသင်းတို့တွင်လည်း  နာယကအဖြစ် လူမှုရေးကိစ္စများကို ဆောင်ရွက်ခဲ့သည်။

မြန်မာ့ရုပ်ရှင်နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြုသီချင်းကို ရေးစပ်သီကုံးခဲ့သည်။ မကွယ်လွန်မီအချိန်အထိ ဝါသနာပါသော တတ်ကျွမ်းသောဂီတ၊ ရုပ်ရှင်အနုပညာလုပ်ငန်းများကို အကြံပြုပံ့ပိုးပေးခဲ့သည်။

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် ၂၃းဝဝ နာရီတွင် ၉၆ ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင်အသက် နှစ်(၁ဝဝ)ပြည့်ရန်  လပိုင်းအနည်းငယ်သာ လိုချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။  ။