ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၄၇၆ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၅၂ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၃၂  ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၄၇၆ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၅၂ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၃၂  ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၁၉

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၈-၁၂-၂ဝ၂၁ ရက် ည ၈ နာရီမှ ၁၉-၁၂-၂ဝ၂၁ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၄၇၆ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅၂ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၃၂ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၈၉၇၈၇ဝ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၈၂၅၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၂၉၂ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၅ဝ၅၃၉၅ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ခုနစ်ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂၂ဝ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ၁၈-၁၂-၂ဝ၂၁ ရက်အထိ   လူဦးရေ စုစုပေါင်း ၁၉၈ဝ၃ဝ၂၄ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၃၇၄၅၄၇၇ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆ဝ၅၇၅၄၇ ဦး ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍  ၁၈-၁၂-၂ဝ၂၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအကြိမ်ရေ စုစုပေါင်း  ၃၃၅၄၈၅ဝ၁ ကြိမ်ထိုးနှံပြီးဖြစ်သည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသည် ၁၉-၁၂-၂ဝ၂၁ရက်  ညနေ ၅ နာရီအချိန်အထိ နိုင်ငံပေါင်း ၉၅ နိုင်ငံတို့တွင် ပျံ့နှံ့လျက်ရှိကာ အတည်ပြုလူနာစုစုပေါင်း ၄၅၇၁၄ ဦးရှိပြီး အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ သြစတြေးလျနိုင်ငံ အစရှိသည်တို့တွင် အတည်ပြု တွေ့ရှိရပြီးဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော  အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   ဒေသတွင်းနိုင်ငံများ ဖြစ်သော  သီရိလင်္ကာနိုင်ငံ၊  နီပေါနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊ မလေးရှား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း    ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိကြောင်း   သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက် စာမျက်နှာ www.moh.gov.mm တွင်    ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။