၂ဝ၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသရောင်းချပွဲ စတုတ္ထနေ့ ဆက်လက် ကျင်းပ

၂ဝ၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသရောင်းချပွဲ စတုတ္ထနေ့ ဆက်လက် ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂ဝ

၂ဝ၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲ(Mini Gems Emporium) စတုတ္ထနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်းပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့်    ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ပြပွဲတတိယနေ့တွင် ကျောက်စိမ်းအတွဲ အမှတ်(ဝဝ၁) မှ (၂၅ဝ)အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၁၉၉ တွဲရောင်းချနိုင်ခဲ့ကြောင်း ကြေညာပြီး ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ်(၂၅၁)မှ (၅ဝဝ)အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ရတနာ ကုန်သည်များက ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅ဝဝ)အထိ တင်သွင်းထားသည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေ ၃ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီတွင်   ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် ပြပွဲဗဟို ကော်မတီဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း(၃၃ဝ)ကို ဒီဇင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ပြည်တွင်း ပြည်ပရတနာ ကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း (၃၃ဝ)ရောင်းချပေးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်းအတွဲ (၅ဝ၁) မှ (၇၈ဝ)အထိ ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။