ထောပတ်သီးများကို အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်မှုပုံစံ ပြောင်းလဲလာခြင်းကြောင့် ပြည်တွင်း ထောပတ်သီးဈေးကွက် ပိုမိုတွင်ကျယ်လာ

ထောပတ်သီးများကို အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်မှုပုံစံ ပြောင်းလဲလာခြင်းကြောင့် ပြည်တွင်း ထောပတ်သီးဈေးကွက် ပိုမိုတွင်ကျယ်လာ

ထောပတ်သီးများကို   အွန်လိုင်းစနစ် အသုံးပြုကာ အရည်အသွေး အာမခံသည့် စနစ်ဖြင့် ရောင်းဝယ်မှုပုံစံ ပြောင်းလဲလာခြင်းကြောင့် စားသုံးသူများ၏ ယုံကြည်မှုပိုမိုရရှိလာကာ  ပြည်တွင်းဈေးကွက်ပိုမို တွင်ကျယ်လာကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ  ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင်    ထောပတ်သီးလှိုင်လှိုင် ပေါ်သည့် ရာသီချိန်ဖြစ်သောကြောင့် ရပ်နီး ရပ်ဝေးမှထွက်ရှိသော  ထောပတ်သီးများ ဈေးကွက်အတွင်းသို့   အပြိုင်အဆိုင်ဝင် ရောက်လျက်ရှိပြီး ပြည်ပသို့တင်ပို့နိုင်ရန် အခက်အခဲများ ရှိနေခြင်းကြောင့် ပြည်တွင်း ဈေးကွက်၌  တွင်ကျယ်စွာရောင်းချနိုင်စေရေး ရောင်းဝယ်မှုပုံစံ အမျိုးမျိုးဖြင့်  ဈေး ကွက်ရရှိစေရန် ဆောင်ရွက်လာကြကြောင်း သိရသည်။

''အခုထောပတ်သီးရာသီမှာ  အွန်လိုင်း  စနစ်ကို အသုံးပြုပြီး ပြည်တွင်းဈေးကွက်က စားသုံးသူတွေကို အာမခံစနစ်နဲ့ ရောင်းချပေးနေပါတယ်။ အွန်လိုင်းကနေ ရောင်းချ ရာမှာလည်း ထောပတ်သီး ထွက်ရှိတဲ့အရပ်ဒေသ အသီးသီးက   ခြံရှင်တွေတိုင်ပင်ပြီး ရောင်းချသူတွေနဲ့ စားသုံးသူတွေ  နှစ်ဦး နှစ်ဖက်အဆင်ပြေတဲ့ ဈေးနှုန်းနဲ့   ညှိနှိုင်း ရောင်းချနေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ  ဈေးကွက်အတွင်း   ပေါပေါများများ ဝင်ရောက်လာရင်  လက်ရှိဈေးနှုန်းထက် လျော့ကျလာနိုင်တဲ့ အနေအထား ရှိလာနိုင် ပါတယ်''ဟု ဦးမျိုးညွန့်က ပြောသည်။

အသီးအရွယ်အစားအလိုက် အလေးချိန်ခွဲကာ  ကီလိုစနစ်ဖြင့်  ရောင်းချမှုများပြီး Hass ထောပတ်သီး A-grade တစ်ကီလိုလျှင် ငွေကျပ် ၉၅ဝဝ မှ ၁ဝဝဝဝ ဝန်းကျင် ရှိပြီး  B-grade တစ်ကီလိုလျှင် ငွေကျပ်  ၈၅ဝဝ ဝန်းကျင်၊ C-grade နှင့် C-grade အောက် တစ်ကီလိုလျှင် ငွေကျပ် ၆၅ဝဝ မှ  ၇ဝဝဝ ဝန်းကျင်ဖြင့် ရောင်းချကြကြောင်း၊  အလုံးအရွယ်အစား ကြီးပြီး အရည်အသွေးကောင်းသည့် ထောပတ်သီး တစ်လုံးလျှင် ပျမ်းမျှငွေကျပ် ၁၅ဝဝ ဝန်းကျင် ရှိကြောင်း သိရသည်။