တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၂၂

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac doses တစ်သန်းသည် ယနေ့ နံနက် ၁ဝ နာရီတွင်    ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ CZ 8083 လေကြောင်းလိုင်းဖြင့်  ရောက်ရှိလာပြီး ကာကွယ်ဆေးများ လွှဲပြောင်း လက်ခံခြင်း အခမ်းအနားကို   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ   အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင် ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး   မစ္စတာချန်းဟိုင်က ကာကွယ်ဆေးများ    လှူဒါန်းရသည့် အကြောင်းရင်းအား ရှင်းလင်း ပြောကြားရာ ယနေ့ရောက်ရှိသော Sinovac ကာကွယ်ဆေး doses တစ်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinovac   ကာကွယ်ဆေး  dosesနှစ်သန်းအနက်   ပထမအသုတ်အဖြစ် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊   ကျန်ရှိသည့် ကာကွယ်ဆေးတစ်သန်းကို လာမည့်နှစ်ဆန်းပိုင်းတွင် တရုတ်-မြန်မာနယ်စပ်မှ တစ်ဆင့် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန (CDC) နှင့်  ကျန်းမာရေး ဝန်ထမ်းများအတွက် လေ့ကျင့်ရေး သင်တန်းကျောင်း စီမံကိန်းပြီးစီးပါက ကပ်ရောဂါကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်မှု၊ သုတေသနနှင့် ဝန်ထမ်းလေ့ကျင့်ရေးတို့တွင်  အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည် ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်းမှုဖြင့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ကိုဗစ်-၁၉ ကုသရေး စင်တာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍   တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက်ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံသည့် မှတ်တမ်းကို    အပြန်အလှန် လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့သည်  ရောက်ရှိလာသော   ကာကွယ်ဆေးများကို  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း သွားရောက်ကြည့်ရှုကြသည်။

အဆိုပါအခမ်းအနားသို့  ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ ကိုယ်စားလှယ်များ၊   နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်း ဒေသကြီး  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။