အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVAXIN တစ်သန်းလှူဒါန်း

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVAXIN တစ်သန်းလှူဒါန်း

နေပြည်တော်  ဒီဇင်ဘာ  ၂၃      

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVAXIN တစ်သန်းအား  လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို     ဒီဇင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်  အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် H.E. Shri Harsh Vardhan Shringleက မြန်မာနိုင်ငံကြက်ခြေနီ အသင်းကိုယ်စားလှယ် ဦးမြင့်ထွန်းဟန်ထံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လွှဲပြောင်းပေးအပ်သည်။ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်နှင့်အတူ အိန္ဒိယကိုယ်စားလှယ်အဖွဲ့၊  မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယသံအမတ်ကြီး  ဆော်ရက်(ဘ်)ကူမားနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို  လေကြောင်း ဖြင့် အသုတ်လိုက် ပေးပို့သွားမည်ဖြစ်သည်။

ပထမအသုတ် ပို့ဆောင်မှုသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့   မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ကယ်ဆယ်ရေး လေယာဉ်ဖြင့် ဒီဇင်ဘာ ၂၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။