ကင်ဆာရောဂါ ကုသဆောင်နှင့် ဆောက်လုပ်ဆဲ ၇ ထပ်ဆေး ကုသဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေး

ကင်ဆာရောဂါ ကုသဆောင်နှင့် ဆောက်လုပ်ဆဲ ၇ ထပ်ဆေး ကုသဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်  ဒီဇင်ဘာ  ၂၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက်  ဆေးတက္ကသိုလ်(၁) စာကြည့်တိုက်ရှိ  အစည်းအဝေးခန်းမမှ တစ်ဆင့် ယနေ့ နံနက်  ၉  နာရီခွဲတွင် Zoom Meeting ဖြင့် လာမည့် ၂ဝ၂၂ ခုနှစ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း၌    အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covishield ၁၃ ဒသမ ၄ သန်း၊ Sasakawa Foundation မှ လှူဒါန်းသည့် Covaxin ၂ သန်း၊ အိန္ဒိယနိုင်ငံမှ လှူဒါန်းမည့် Covaxin  ၁ သန်း၊ တရုတ်နိုင်ငံမှ လှူဒါန်းမည့်  Sinovac ၁ သန်း ရရှိရန် ရှိကြောင်း၊ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light  ၁ သန်း၊ ဖေဖော်ဝါရီလမှ စတင်၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် Sinopharmကာကွယ်ဆေးများ လစဉ် ၁ သန်းခန့် ရရှိရန်ရှိသည့်အတွက်  ကာကွယ်ဆေးများကို စနစ်တကျ အလေအလွင့်၊  အပျက်အစီးမရှိဘဲ ထိရောက်စွာ အသုံးပြုနိုင်ရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လာမည့် ၂ဝ၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   ရန်ကုန်ပြည်သူ့ဆေးရုံကြီး  ကင်ဆာရောဂါ ကုသဆောင်(၅ ထပ်ဆောင်) သို့ သွားရောက်၍ ကင်ဆာရောဂါ ဝေဒနာရှင်များ စိတ်ချမ်းသာစွာ ဆေးကုသနိုင်ရေး ကင်ဆာရောဂါလူနာများ ဓာတ်ရောင်ခြည် ကုသမှုအတွက် စောင့်ဆိုင်းရသည့်အချိန် လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   ၇  ထပ် ဆေးကုသဆောင် (အသစ်) ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှု စစ်ဆေးကာ အလေအလွင့် မရှိစေရေး၊ သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး၊   သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး  ဆောင်ရွက်သွားကြရန်  လမ်းညွှန်မှာကြားသည်။ ထို့နောက်  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ Training Center တွင်  ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် တွေ့ဆုံ၍ လူနာများ အားကိုးနိုင်သည့် ဆေးရုံဖြစ်ရေး၊ စေတနာဖြင့် လက်ခံ ကုသမှုပေးရေး တို့ကိုလမ်းညွှန်မှာကြားပြီး တက်ရောက်လာသူများ၏  တင်ပြဆွေးနွေးချက်များအား ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)၊ ဒေါက်တာကျော်ရွှေ၊ ပါမောက္ခချုပ်(ဆေး တက္ကသိုလ်(၁)ရန်ကုန်)၊ ဒေါက်တာထွန်းမင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။