ဆေးဖက်ဝင်အပင်များနှင့်အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်အပင်များနှင့်အဓိကပျောက်ကင်းနိုင်သောရောဂါများ

စံပယ်

အင်္ဂလိပ်အမည် - Jasmin

မျိုးရင်း - Oleaceae

ရုက္ခဗေဒအမည် -            Jasminum Arbore Cens                        (စံပယ်ရိုးရိုး)

                        -           Jasminum Augustifolium                     (စံပယ်ကြီး)

အဓိကဆေးဖက်ဝင်ပုံ

ချောင်းဆိုးရောဂါ၊ အမောရောဂါ၊ အဆုတ်ရောဂါ၊ လေပူပန်းနာရောဂါ၊ ကလေးသူငယ်နာရောဂါ၊ မီးယပ်သွေးချုပ်ရောဂါများအတွက် ဆေးဖက်ဝင်အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သည်။ စံပယ်ကြီး(တောစံပယ်)များသည် ချုံနွယ်ကြီးများအဖြစ် အချို့ဒေသများ တွင် အလိုအလျောက်ပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အပင်ပဉ္စငါးပါး၊ အရွက်၊ အပွင့်များ ဆေးဖက်ဝင် အသုံးပြုသည်။

အပင်ပုံသဏ္ဌာန်

ချုံနွယ်ပင်မျိုးဖြစ်သည်။ အရိုင်းပေါက်လျှင် နွယ်တက်တတ်သည်။ အရွက်မှာ ဇွန်ရွက်ထက် အနည်းငယ်ပိုကြီးသည်။  အပွင့်မှာ အဖြူရောင်ရှိသည်။ အချို့စံပယ်မျိုးတွင် ခရမ်းရောင်အနည်းငယ်နှောသည်။ အပွင့်သေး၊ အပွင့်ကြီးစံပယ်မျိုးကိုလိုက်၍ ကွဲပြားသည်။ အလွန်မွှေးသည်။ အပွင့်မှာ ဇွန်ပွင့်ထက် အနည်းငယ်ကြီးသည်။

ဆေးကျမ်းများအဆို

စံပယ်ရိုးရိုး၏အရွက်သည် ဝမ်းမီးတောက်စေသည်။ ဂုဏ်နှင့်စွမ်းရည်အားဖြင့် အရွက်သည် သလိပ်ကို ပျော်စေတတ်သည်။ တွန့်ချုံ့စေတတ်သည်။ လူကိုဝဖြိုးစေသည်။

စံပယ်ကြီး တောစံပယ်၏အရသာနှင့် အကျိုးသွားမှာ အပွင့်သည်ခါး၏။  ဖန်၏။  ရင့်လျှင်အနည်းငယ် ချို၏။ အေး၏။ ဂုဏ်နှင့် စွမ်းရည်မှာ ၎င်း၏အပွင့်သည် နှလုံး၊  ဆီးချို၊  သည်းခြေဖောက်ပြန်သောရောဂါ၊ ကိုယ်သားကိုယ်ရည် အလွန်ပူသောရောဂါ၊ ရေငတ်ခြင်း၊ အရေပြားရောဂါ၊ သွားကိုက်သွားနာ၊ မျက်စိရောဂါတို့ကို ကောင်းစေနိုင်သည်။

ဆေးဖက်ဝင်အသုံးပြုပုံ

၁။  မီးယပ်သွေးချုပ်ရောဂါဖြစ်လျှင် စံပယ်(ရိုးရိုး)အရွက်၏သတ္တုရည်ကိုသောက်ခြင်းဖြင့် မီးယပ်သွေး ဆင်းစေနိုင်သည်။

၂။ ချောင်းဆိုးရောဂါကြာရှည်ဖြစ်လျှင် စံပယ်ရွက်ခုနစ်ရွက်၏ သတ္တုရည်ကို  ကြက်သွန်ဖြူ၊ ပိတ်ချင်းတို့ဖြင့် ရောစပ်တိုက်ကျွေးပါ။

၃။ ကလေးငယ်များချောင်းဆိုးလျှင် စံပယ်ရွက်တစ်ခြမ်း၊ ပေါက်ပန်းဖြူရွက်လေးရွက်တို့၏ သတ္တုရည်နှင့် လက်ချားရွေးလေး  ၁ ရွေး သား၊  ငရုတ်ကောင်း ၁ ရွေးသားတို့ကိုအမှုန့်ပြု၍ ပျားရည်နှင့်ရောပြီး လျှာပွတ်ပေးခဲ့သော်  သူငယ်နာချောင်းဆိုးရောဂါမှ သက်သာ ပျောက်ကင်းစေနိုင်သည်။

၄။ အဆုတ်ရောဂါဖြစ်လျှင် အဆုတ်ပြွန်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်း၊ နမိုးနီးယားရောဂါဖြစ်ခြင်းတို့ အတွက် စံပယ်ကြီး အရွက်ငါးရွက်၏ သတ္တုရည်ကို ငရုတ်ကောင်းစေ့ခုနစ်စေ့၊ ကြက်သွန်ဖြူခုနစ်မြွှာ၊ ဒန့်သလွန်မြစ် ၆ ပဲသား၊ ပျားရည် ၁ ကျပ် ၈ ပဲသားတို့ကိုရောစပ်၍လျက်ပေးလျှင် ထိုရောဂါများမှ ပျောက်ကင်း၏။

၅။ကလေးသူငယ်များ၌ အဆုတ်အအေးမိ၍ ဖျားလျှင် စံပယ်ကြီးအရွက်တစ်ရွက်၏ လေးပုံတစ်ပုံ၊ ငရုတ်ကောင်းစေ့နှစ်စေ့၊ လက်ချား ၁ ရွေးသားတို့ကို အမှုန့်ပြု၍ ပျားရည်နှင့် ရောစပ်တိုက်ကျွေးခဲ့သော် သက်သာပျောက်ကင်းစေနိုင်သည်။

၆။ ချောင်းဆိုးလျှင်သွေးပါခြင်း၊ သွေးအန်ခြင်း၊ သွေးလျှံခြင်း စသောရောဂါများဖြစ်လျှင် စံပယ်ရွက်ကို ပြုတ်၍ အကြမ်းပန်းကန် တစ်လုံးစာ တစ်နေ့ နှစ်ကြိမ် သောက်သုံးပေးပါ  သို့မဟုတ် စံပယ်ပန်းပွင့်ခြောက် များကိုနေလှန်း၍ သိမ်းထားပြီး လက်ဖက်ခြောက် နှင့် ရော၍ ရေနွေးကြမ်းတွင် ခပ်သောက်ပေးပါ။ အဆုတ် ရောဂါ၊ ပန်းနာရောဂါများပါ သက်သာပျောက်ကင်းစေနိုင်သည်။

စမုန်စပါး

အင်္ဂလိပ်အမည်   - Fennel

မျိုးရင်း - Umbelliferae (နံနံမျိုးရင်း)

ရုက္ခဗေဒအမည် - Foeniculum vulgare Gaertn

အဓိကဆေးဖက်ဝင်ပုံ

အအေးမိတုပ်ကွေး၊ ချောင်းဆိုး၊ အန်ခြင်း၊ အစာမကြေခြင်း၊  ဝမ်းကိုက်ရောဂါ၊  ဆီးအောင့်ဆီးချုပ် ရောဂါများအတွက် ဆေးဖက်ဝင် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာပြည်အနှံ့အပြား အပူပိုင်းဒေသသာမက အအေးပိုင်းဒေသတွင်ပါ စိုက်ပျိုးပေါက်ရောက်နိုင်သည်။ အအေးပိုင်းဒေသတွင် နှစ်ရှည်ခံပင်ဖြစ်သည်။ တောင်ပေါ်ဒေသတွင်လည်း အမြင့်ပေ ၆၀၀၀ အထိ ပေါက်ရောက်နိုင်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အစေ့နှင့်အရွက်ကို ဆေးဖက်ဝင်အဖြစ်အသုံးပြုသည်။

အပင်ပုံသဏ္ဌာန်

အပင်    ။           ။           အပင်ငယ်မျိုးဖြစ်၍ အမြင့် ၃ ပေခန့်ထိမြင့်သည်။ ပင်လုံးသေး၍ အခေါင်းပါးသည်။ ရိုးတံမှ အကိုင်းအခက် ကလေးများထွက်သည်။

အရွက်  ။           ။           အရွက်နူးညံ့ပြီး သေးမွှားသော အမျှင်ကလေးများဖြစ်သည်။ မွှေးကြိုင်သော၊ မွှန်သောအနံ့ရှိသည်။

အပွင့်    ။           ။           သေးငယ်၍အဝါရောင်ရှိသည်။ ထီးပုံသဏ္ဌာန်ပန်းခိုင်တွင်ပွင့်၏။

အသီး    ။           ။           စပါးနှံကလေးများသဖွယ် အသီးလေးများစုပုံ၍သီးကြသည်။ ဥငယ်သဏ္ဌာန်ရှိသည်။ အစေ့သည်စိမ်း၍ ကြာသော်ဝါသွား၏။ အစေ့တွင် မွှေးကြိုင်သောအနံ့ရှိသည်။

ဆေးကျမ်းများအဆို

ဆေးကျမ်းများအလိုအရ စမုန်စပါးသည်ပူ၏။ အစာကိုကြေညက်စေ၏။ လေသလိပ်သွေးကို ဖြောင့်စေ၏။ ညီမျှစေ၏။ နှလုံးကို အကျိုးပြု၏။ ဝမ်းမီးနုံ့ခြင်းကိုပျောက်ကင်းစေ၏။ လေအားကြီးသောအနာ ကိုယ်တွင်းပူနာ၊ ရေငတ်နာတို့ကိုနိုင်၏။

ဆေးဖက်ဝင်အသုံးပြုပုံ

၁။         အစာမကြေရောဂါဖြစ်လျှင် စမုန်စပါးကို ဟင်းခပ်အမွှေးအကြိုင်အဖြစ် သူ့ချည်းသော်လည်းကောင်း မဆလာနှင့်ရောစပ်၍ ကြိတ်ပြီးသော်လည်းကောင်း၊ ဟင်းချက်ရာတွင်ထည့်ချက်နိုင်သည်။ ဟင်းကိုအကျက် မြန်စေပြီး အစာကိုကြေစေသည်။

၂။         ဖျား၍အပူကြီးသော် စမုန်စပါးကို ရေကျက်အေးဖြင့်စိမ်ထားပြီး မကြာခဏတိုက်ကျွေးပေးခြင်းဖြင့် ကိုယ်ပူ ကျစေနိုင်သည်။

၃။         လေနာရောဂါရှိသူများသည် စမုန်စပါးကို အဆီထုတ်ထားသော လေဆေးရည်ကို သောက်သုံးပေးခြင်းဖြင့် အမြစ်ပြတ် ပျောက်ကင်းစေနိုင်သည်။

၄။         လေသလိပ်များသူများသည် ထမင်းစားပြီးတိုင်း စမုန်စပါးအနည်းငယ်ကို ဝါးစားပေးခြင်းဖြင့် သက်သာ စေနိုင်သည်။

၅။         ကွမ်းစားရာတွင်   ကွမ်းသီးခြင်းမဖြစ်စေရန် စမုန်စပါးထည့်စားပေးခြင်းဖြင့် ကာကွယ်နိုင်သည်။

၆။ ကလေးများ အစာအဝစား၍   အစာမချေနိုင်ဖြစ်လျှင် စမုန်စပါးကို ရေနွေးဖြင့်ပြုတ်၍   သကြားအနည်းငယ်ထည့်ပြီး   ဟင်းစားဇွန်း  သုံးဇွန်းခန့် တိုက်ကျွေးပေးပါ။

၇။         မျက်စိမှုန်ခြင်း၊ အိပ်ရာထတွင် မျက်ဝတ်များ ထွက်ခြင်းဖြစ်လျှင် စမုန်စပါးကို ရေတစ်ဖန်ခွက်တွင် ဟင်းစားဇွန်း တစ်ဇွန်းခန့်ထည့်၍စိမ်ထားပြီး မျက်စဉ်းခပ်ပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။

၈။         စမုန်စပါးအရွက်ကိုအရည်ညှစ်၍သောက်လျှင်ဆီးချုပ်၊ ဆီးအောင့်ဝေဒနာများ ပျောက်ကင်းစေနိုင် သည်။

၉။         တုပ်ကွေးရောဂါ၊ အဖျားကူးစက်ရောဂါများ ကာကွယ်နိုင်ရန်အတွက် စမုန်စပါးရွက်ကို ဘဲဥနှင့်ကြော်စားပါက  အဖျားကူး စက်ခြင်းမှ ကာကွယ်စေနိုင်သည်။

ကြည်လွင်မြင့်(မုဒြာ)