NASA က ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံး အာကာသအဝေးကြည့်မှန်ပြောင်းကို လွှတ်တင်

အမေရိကန်အာကာသအဖွဲ့အစည်းဖြစ်သော NASA သည် ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံးအာကာသ အဝေးကြည့်မှန်ပြောင်းတစ်လက်ကို ဒီဇင်ဘာ ၂၅ ရက်တွင် လွှတ်တင်လိုက်ကြောင်း သိရသည်။

NASA မှညွှန်ကြားရေးမှူးဟောင်း တစ်ဦးကိုဂုဏ်ပြုသောအားဖြင့် ဂျိမ်းဝက်ဟု အမည်ပေးထားသော အဆိုပါအာကာသ အဝေးကြည့်မှန်ပြောင်းကို ဗမငညေန၅ ဒုံးပျံဖြင့် လွှတ်တင်လိုက်ခြင်း ဖြစ်သည်။

NASA   အနေဖြင့်   ထိုအာကာသအဝေးကြည့်မှန်ပြောင်းကို  ဖန်တီးရန် အချိန်အားဖြင့် ဆယ်စုနှစ်သုံးခု နီးပါးကြာပြီး ငွေကြေးအားဖြင့် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျသည်။

ထိုအာကာသအဝေးကြည့်မှန်ပြောင်းသည် ကမ္ဘာမြေမှ ကီလိုမီတာတစ်သန်းခွဲကွာဝေးသောနေရာသို့  သွားမည်ဖြစ်ပြီး ထိုနေရာသို့ရောက်ရှိရန် အချိန်တစ်လခန့်ကြာမြင့်မည်ဟု မျှော်မှန်းရသည်။

အရွယ်အစားနှင့်နည်းပညာအရ ရှုပ်ထွေးမှုအားဖြင့် အခြားသောအရာများ လိုက်တုနိုင်ဖွယ်ရှိမည် မဟုတ်သည့် ထိုအာကာသ အဝေးကြည့်မှန်ပြောင်း၏ ကြေးမုံပြင်မှာ အချင်း ၆ ဒသမ ၅ မီတာရှိကာ ဆဋ္ဌဂံ အကွက်ပေါင်း ၁၈ ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည့်အပြင်  ဒုံးပျံအတွင်းဆံ့စေရန် ခေါက်ထည့်ထားရသည်။

အဆိုပါ    အာကာသအဝေးကြည့်မှန်ပြောင်းက   ပေးပို့မည့် အချက်အလက်အသစ်များ ရရှိလျှင် မိမိတို့၏ နေစကြဝဠာ အပြင်ဘက်ရှိ ကမ္ဘာကဲ့သို့သော ဂြိုဟ်များနှင့်  စကြဝဠာကြီး စတင်ဖြစ်တည်မှုအကြောင်း အရာတို့ကို      ယခင်ကထက်ပိုမိုသိရှိနိုင်မည်ဟု   သိပ္ပံပညာရှင်များက ယူဆထားသည်။

ယခုအာကာသ အဝေးကြည့်မှန်ပြောင်းသည် ယခင်လွှတ်တင်ထားသည့် ဟက်ဘယ် အာကာသ အဝေးကြည့်မှန်ပြောင်းကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သော်လည်း စကြဝဠာကြီး စတင် ဖြစ်ပေါ်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၁၄ ဘီလီယံနီးပါးခန့်မှ အခြေအနေများကို အနီးကပ်မြင်တွေ့နိုင်စေမည်ဟု  NASA  က ထုတ်ပြန်ထားသည်။

စွမ်းဆောင်ရည်အားဖြင့်   အဆိုပါအာကာသ အဝေးကြည့်မှန်ပြောင်းသည် လပေါ်ရှိ ပိတုန်းတစ်ကောင်၏ အပူလက္ခဏာ ကိုပင်ဖမ်းယူ တွေ့ရှိနိုင်သည့်အတွက် စကြဝဠာစတင် ဖြစ်တည်စဉ်နှင့် ပထမဆုံးသော ကြယ်များစတင် ပေါ်ပေါက်စဉ် ထုတ်လွှင့်ခဲ့သည့် အလွန်အားနည်းသော အလင်းရောင်ကို ဖမ်းယူနိုင်စေမည် ဖြစ်ကြောင်း ထိုအဝေးကြည့်မှန်ပြောင်း တည်ဆောက်မှုမှ   တာဝန်ရှိသူ ဂျွန်မာသာက ပြောသည်။  

Ref: TST