ရုရှားက တားမြစ်အကြောင်းအရာများ ဖော်ပြသည့် ဂူဂဲနှင့်မီတာတို့ကို ဒဏ်ငွေအမေရိကန်ဒေါ်လာ ၁၂၅ သန်းတပ်ရိုက်

ရုရှားနိုင်ငံမော်စကိုမြို့ရှိ တရားရုံးတစ်ရုံးသည်    နိုင်ငံအတွင်း တားမြစ်ထားသော အကြောင်းအရာများကို    ဖော်ပြသည့် ဂူဂဲနှင့် မီတာကုမ္ပဏီတို့ကို ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၂၅ သန်း တပ်ရိုက်လိုက်ကြောင်း သိရသည်။

တရားရုံးသည်  ဂူဂဲကုမ္ပဏီကို  အမေရိကန်ဒေါ်လာသန်း ၁၀၀ နှင့် ဖေ့စဘွတ်၏ မူလကုမ္ပဏီဖြစ်သော မီတာကို ဒေါ်လာ ၂၇ သန်း ဒဏ်ငွေတပ်ရိုက်ခြင်း ဖြစ်သည်။

ထိုကုမ္ပဏီများသည်   နိုင်ငံများတွင် ရွေးကောက်ခံအစိုးရများကဲ့သို့  လွှမ်းမိုးလာနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ကပြောထားပြီးနောက်   ရုရှားအစိုးရက ပြီးခဲ့သည့် နှစ်များအတွင်း အနောက်နိုင်ငံများ၏ လူမှုကွန်ရက်များကို ဖိအားပေးမှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများအနေဖြင့် အကြောင်းအရာများကို  သင့်လျော်စွာ မဖော်ပြသည့်အပြင် ပြည်တွင်းရေးတွင်လည်း ဝင်ရောက်စွက်ဖက်မှုများ ရှိသည့်အတွက် ရုရှားအစိုးရက ဥပဒေကြောင်းအရ အရေးယူမှုများကို မကြာခဏ လုပ်ဆောင်နေရသည်။

သို့သော် ယခင်က ဂူဂဲနှင့်ဖေ့စဘွတ်ကုမ္ပဏီတို့ကို   ဒဏ်ငွေတပ်ရိုက်ရာတွင် ရူဘယ်သန်းပေါင်း ဆယ်ဂဏန်းမျှသာဖြစ်ပြီး ဘီလီယံနှင့်ချီ၍ဒဏ်ငွေတပ်ရိုက်ဖူးခြင်း မရှိပေ။

ယခုအခါ  ဒီဇင်ဘာ  ၂၄  ရက်တွင် မော်စကိုတရားရုံးက  တပ်ရိုက်လိုက်သော ဒဏ်ငွေပမာဏသည်  စံချိန်တင်ပြီး  ဂူဂဲအတွက် ရူဘယ် ၇ ဒသမ ၂ ဘီလီယံနှင့် မီတာအတွက်  ရူဘယ်  ၁  ဒသမ ၉ ဘီလီယံအထိရှိသည်။

ပထမဆုံးအကြိမ်ဖြစ်သော   အဆိုပါ စံချိန်တင်ဒဏ်ငွေ တပ်ရိုက်မှုသည် ရုရှားနိုင်ငံအတွင်း ထိုကုမ္ပဏီများ နှစ်စဉ်ရရှိနေသော အမြတ်ငွေ၏ ရှယ်ယာတစ်ခုမျှသာရှိကြောင်း ရုရှားအစိုးရ ဆက်သွယ်ရေး အာဏာပိုင်အဖွဲ့က ပြောသည်။

ဂူဂဲနှင့်မီတာတို့သည် အစွန်းရောက်နှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သဘောထားအမြင်များကို လူပိုသိစေပြီး ဘာသာရေး အရမုန်းတီးမှုများကို    ဖြစ်ပွားစေသော အကြောင်းအရာများကို ဖယ်ရှားရန် အစိုးရ၏ တောင်းဆိုချက်များစွာကို  ဂရုမစိုက်ဘဲ လျစ်လျူရှုကြောင်း ထိုအာဏာပိုင်အဖွဲ့က ပြောသည်။                   

Ref: TST