အမေရိကန်ဂြိုဟ်တုအသစ်က တရုတ်ဟိုက်ပါဆောနစ်ဒုံးကျည်များကို တွေ့ရှိနိုင်သော်ငြား ရပ်တန့်ခြင်းငှာ မစွမ်းသာ

ကမ္ဘာ့အင်အားကြီးနိုင်ငံများအနက် ဟိုက်ပါဆောနစ်လို့ခေါ်တဲ့ အသံထက်အလွန်မြန်ဒုံးကျည်များကို ပိုင်ဆိုင်သူက လက်ချိုးရေတွက်လို့ ရပါတယ်။

ဟိုက်ပါဆောနစ်ဒုံးကျည်ဆိုတာ အသံရဲ့အမြန်နှုန်းထက် ငါးဆပိုမြန်တဲ့ ဒုံးကျည်တွေဖြစ်ပြီး သူတို့ကိုကြားဖြတ်ပစ်ချနိုင် ဖို့နေနေသာသာ ထောက်လှမ်းတွေ့ရှိနိုင်ဖို့တောင် တော်တော်မလွယ်ပါဘူး။

ဒါ့အပြင် အဲဒီဒုံးကျည်တွေကို ရန်သူ့နိုင်ငံရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့  ဒါမှမဟုတ် သွေဖည်ရှောင်လွှဲနိုင်စေဖို့အတွက် အဓိက အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဟိုက်ပါဆောနစ်ဒုံးကျည်တွေက  မဟာဗျူဟာမြောက် အကဲသာမှုကို ပေးစွမ်းနိုင်တဲ့အရာ ဖြစ်ပါတယ်။

လက်ရှိ ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို ပိုင်ဆိုင်ထားသူများအနက် တရုတ်ဒုံးကျည်တွေရဲ့ စွမ်းဆောင်ရည်က လူရှိန်လောက်တဲ့ထဲမှာ ပါဝင်တယ်လို့  ပြောနိုင်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင် တရုတ်ရဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို လက်ရှိအသုံးပြုနေတဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေက ကြားဖြတ်ဟန့်တားပစ်ချနိုင်စွမ်း အင်မတန် နည်းပါးလို့ပဲ ဖြစ်ပါတယ်။

သြဂုတ်လအတွင်းက တရုတ်စစ်ဘက်ဟာ နျူကလီးယားထိပ်ဖူးတပ်ဆင်သယ်ဆောင်နိုင်စွမ်းရှိတဲ့  ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။

အဲဒီဒုံးကျည်ဟာ ကမ္ဘာကိုတစ်ပတ်ပတ်ပြီးတော့မှ သတ်မှတ်ထားတဲ့ပစ်မှတ်ဆီကို အလွန်မြင့်မားတဲ့ အမြန်နှုန်းနဲ့  ဦးတည် ပျံသန်းသွားတာပါ။

တရုတ်စစ်ဘက်က အခုလိုလုပ်ဆောင်ပြလိုက်ခြင်းဟာ အမေရိကန်အတွက်တော့ တကယ့်ကို အံ့သြမှင်တက်ဖွယ် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

ကျန်ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်တဲ့ ရုရှားနဲ့အိန္ဒိယနိုင်ငံတို့ကလည်း ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို  ပိုင်ဆိုင်ထားပါ သေးတယ်။

3M22 Zircon အပါအဝင် ရုရှားနိုင်ငံရဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေဟာ အသံထက်ခြောက်ဆမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင် တဲ့အထိကို အဆင့်မြင့်ပါတယ်။

ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ သမားရိုးကျ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုလည်း ထိုးဖောက် ဝင်ရောက်ပြီး ပစ်မှတ်ကို တိုက်ခိုက်နိုင်တာ တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံကတော့ ပြည်တွင်းဖြစ်ဟိုက်ပါဆောနစ် လက်နက်စနစ်ကို စက်တင်ဘာလမှာ စမ်းသပ်ခဲ့ပါတယ်။ အလားတူ အိန္ဒိယနိုင်ငံက ဟိုက်ပါဆောနစ်အနိမ့်ပျံဒုံးကျည်ဖြစ်တဲ့  BrahMos II ကို ရုရှား

နိုင်ငံနဲ့ပူးပေါင်းပြီး ထုတ်လုပ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီလိုကမ္ဘာ့နိုင်ငံကြီးတွေ အသီးသီးက ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို အလျှိုလျှိုထုတ်လုပ်လာတဲ့နည်းတူ သူ့ရဲ့စွမ်းရည်နဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာပေါင်းများစွာ ရှိပါတယ်။

အဲဒီထဲကမှ အဓိကပြဿနာကတော့ ဒီလောက်မြန်တဲ့ဒုံးကျည်တွေကို ဘယ်လိုနည်းပညာအသုံးပြုပြီး ခြေရာခံလိုက်မလဲဆိုတဲ့ အချက်ပါပဲ။

အခုအချိန်မှာ အမေရိကန်စစ်ဘက်က ဒီပြဿနာကို  ဖြေရှင်းလိုက်နိုင်ဖွယ်ရှိပါတယ်။  ဒါပေမဲ့လည်း  ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်ဖို့အတွက်ကိုတော့ နောက်ထပ်ပြဿနာ တစ်ရပ်အနေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်တယ်လို့ တရုတ်သုတေသီတွေက    ပြောထားပါတယ်။

မျက်မှောက်စစ်ဘက်ရေးရာ ကိစ္စရပ်များနဲ့ စစ်လက်နက်နည်းပညာဆိုင်ရာ သတင်းများကို အဓိကထား ဖော်ပြပေးနေတဲ့ အမေရိကန်နိုင်ငံအခြေစိုက် C4ISRNET ဆိုတဲ့ သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ထုတ်ပြန်လိုက်တဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။

အဲဒါကတော့ အမေရိကန်ဒုံးကျည်ကာကွယ်ရေး အေဂျင်စီအနေနဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို ခြေရာခံလိုက်နိုင်စေဖို့ ကူညီပေးမယ့် ဂြိုဟ်တုရှေ့ပြေးပုံစံရဲ့ အရေးကြီးတဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ  အချက်အလက်တွေကို  အတည်ပြုလိုက်ပြီဖြစ်ကြောင်းနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်သူတွေကို   ထုတ်လုပ်ခွင့်ပြုလိုက်ပြီဆိုတဲ့ အကြောင်းပါပဲ။

အမေရိကန်တို့က  အဲဒီဂြိုဟ်တုကို အသံထက် အလွန်မြန်နှင့် အမြင့်ပျံဒုံးများ ခြေရာခံမည့် အာကာသအခြေပြုအာရုံခံစနစ် (Hypersonic and Ballistic Tracking Space Sensor-HBTSS) လို့နာမည်ပေးထားပါတယ်။

သူက ကမ္ဘာပတ်လမ်းအနိမ့်မှာ လည်ပတ်မှာဖြစ်ပြီး ရာပေါင်းများစွာသောဂြိုဟ်တု အစုအဝေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သွားမှာဖြစ်တယ်လို့ C4ISRNET ရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

အမေရိကန်တို့အနေနဲ့ ဒီလိုဂြိုဟ်တုရှေ့ပြေး ပုံစံဒီဇိုင်းထွက်ပေါ်လာဖို့အတွက် အချိန်ကာလအားဖြင့် တစ်နှစ်လောက် ယူခဲ့ရပါတယ်။

ဒီနှစ်ဇန်နဝါရီလမှာ   အမေရိကန်ဒုံးကျည်ကာကွယ်ရေး အေဂျင်စီက HBTSS ဂြိုဟ်တုရှေ့ပြေး ပုံစံဒီဇိုင်း ရေးဆွဲဖို့၊ တည်ဆောက်ဖို့နဲ့ သရုပ်ပြသဖို့အတွက် L3Harris Technologies နဲ့ Northrop Grumman ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ပါတယ်။

ဒီအတွက်ကိုပဲ ကုန်ကျစရိတ်က L3-Harris Technologies အတွက် အမေရိကန်ဒေါ်လာ ၁၂၂ သန်းနဲ့ Northrop Grumman အတွက် ဒေါ်လာ ၁၅၅ သန်း အသုံးပြုခဲ့တာ တွေ့ရပါတယ်။

လက်ရှိထွက်ပေါ်လာနေတဲ့ အဆင့်မြင့်ဒုံးကျည်တချို့ရဲ့ မြင့်မားတဲ့အမြန်နှုန်း၊ လှုပ်ရှားသွားလာနိုင်မှုနဲ့ အနိမ့်ပျံနိုင်စွမ်းတို့ကို ပေါင်းစပ်လိုက်မယ်ဆိုရင် လတ်တလော အသုံးပြုနေတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် တွေအတွက် အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန် အာကာသဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ဒီအချိန်မှာ မြေပြင်အခြေစိုက်ရေဒါတွေ၊ အာရုံခံစနစ်တွေကို  အားကိုးလို့မရတော့တဲ့အတွက်လည်း  HBTSS  ကို  လိုအပ်လာတာဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။

ဒီလိုအမေရိကန်ရဲ့  တီထွင်ဖန်တီးမှုနဲ့ပတ်သက်ပြီး   တရုတ်စစ်ဘက်ရေးရာ သုတေသီတွေကလည်း ထုတ်ပြန်ချက်တွေနဲ့ တုံ့ပြန်ထားပါသေးတယ်။

ဟိုက်ပါဆောနစ်လက်နက်စနစ်တွေဆိုတာ သမားရိုးကျဒုံးကျည်တွေနဲ့ယှဉ်ရင် ထောက်လှမ်းတွေ့ရှိနိုင်ဖို့ ပိုမိုခက်ခဲကြောင်းနဲ့  ဒီလိုခက်ခဲရတာကလည်း   ဒုံးကျည်ကာကွယ်ရေးစနစ်တွေအနေနဲ့  သူတို့ရဲ့ပျံသန်းမှု လမ်းကြောင်းကို မှန်ကန်စွာ တွက်ချက်အဖြေထုတ်နိုင်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း တရုတ်စစ်ရေးသုတေသီ ကျောင်ချန်မင်းကပြောပါတယ်။

ဒီလို ဟိုက်ပါဆောနစ်လက်နက်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကို ဖော်ထုတ်တွေ့ရှိ ခြေရာခံလိုက် နိုင်ဖွယ်ရှိတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့  Starlink လိုမျိုး ကမ္ဘာပတ်လမ်းအနိမ့်ကနေ လှည့်ပတ် ပျံသန်းနေတဲ့ဂြိုဟ်တုတွေပါ။

ဒါပေမဲ့ အဲဒီလိုဂြိုဟ်တုတွေရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ ပြုပြင်ထိန်းသိမ်း စရိတ်အင်မတန် မြင့်မားခြင်းပဲဖြစ်တယ်လို့ ကျောင်ချန်မင်းက ဆက်ပြောပါတယ်။

မျက်မှောက်ရေးရာပညာရှင်နဲ့ စစ်ဘက်နည်းပြတစ်ဦးဖြစ်တဲ့ ဆောင်ကျောင်ဖျင်ကတော့ အကယ်၍ HBTSS အနေနဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို ထောက်လှမ်းပြီး ခြေရာခံလိုက်နိုင်တဲ့ တိုင်အောင်ဝင်လာတဲ့  ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပစ်ချနိုင်ခြင်း ရှိ၊ မရှိဆိုတာ အရေးအကြီးဆုံးသော နောက်ထပ်မေးခွန်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို ရှာဖွေထောက်လှမ်းခြေရာခံလိုက်နိုင်ဖို့ ပြဿနာကို HBTSS  နဲ့ဖြေရှင်းနိုင် ပေမယ့် ဒီလိုဟိုက်ပါဆောနစ် ဒုံးကျည်တွေကို  ကြားဖြတ်ပစ်ချနိုင်ဖို့ ဆိုတာကတော့ ထင်သလောက် မလွယ်ကူပါဘူးလို့ သူကပြောထားတာ တွေ့ရပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေရဲ့ ပျံသန်းမှုကို အချိန်နဲ့တစ်ပြေးညီစောင့်ကြည့်ထောက်လှမ်းနိုင်ဖို့ဆိုရင် ဂြိုဟ်တုအမြောက်အမြားပါဝင်တဲ့ ဂြိုဟ်တာရာ စနစ်ကြီးတစ်ခုကို ဖန်တီးဖို့ လိုအပ်လိမ့်မယ်ဆိုတဲ့ ကျောင်ချန်မင်းရဲ့ သုံးသပ်ချက်ကို ဆောင်ကျောင်ဖျင်က ထောက်ခံထားပါသေးတယ်။

အမေရိကန်စစ်ဘက်ဟာ တစ်ဖက်မှာ ဟိုက်ပါဆောနစ်ဒုံးကျည်ကို ထောက်လှမ်းခြေရာခံဟန့်တားနိုင်ဖို့ စနစ်တွေဖန်တီးနေသော်ငြား ကျန်တစ်ဖက်မှာတော့  ဒီလိုဟိုက်ပါဆောနစ်ဒုံးကျည်တွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့နာမည်ကျော် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ လော့ဟိမာတင်နဲ့ ရေးသီယွန်တို့လို ကုမ္ပဏီတွေက ဟိုက်ပါဆောနစ်ဒုံးကျည်ကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတာ ဆယ်စုနှစ် ၃ ခုတိုင်ခဲ့ပါပြီ။

ဒါ့အပြင် ပင်တဂွန်စစ်ဌာနချုပ်ကလည်း ဟိုက်ပါဆောနစ်ဒုံးကျည်အတွက် ငွေကြေးတွေကို အလုံးအရင်းနဲ့ ပုံအောပြီး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်က ဟိုက်ပါဆောနစ်ဒုံးကျည်ထုတ်လုပ်နိုင်ရေးသုတေသနအတွက် ၂၀၂၁ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံအသုံးပြုခဲ့ပေမယ့် လာမယ့် ၂၀၂၂ ခုနှစ်မှာတော့ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံအထိ တိုးမြှင့်အသုံးပြုဖို့ လျာထားပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် အမေရိကန်စစ်ဘက်ဟာ ဟိုက်ပါဆောနစ် လက်နက်စနစ်မှာ အားနည်းနေသေးတယ်လို့ သုံးသပ်ရနိုင်ပါတယ်။

ဒါကြောင့် အမေရိကန်တို့အနေနဲ့ လက်ရှိမှာ ဟိုက်ပါဆောနစ်ဒုံးကျည်ကိုတောင်မှ ကောင်းစွာ မပိုင်ဆိုင်သေးတဲ့အချိန် ဒီလိုဒုံးကျည်တွေကို ထောက်လှမ်းခြေရာခံဖို့ ဂြိုဟ်တုစနစ်ကို ထုတ်လုပ် နေသော်လည်း တကယ်တမ်းစစ်ဖြစ်တဲ့ အချိန်ကျရင် သူတို့ဆီကိုဝင်လာမယ့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ဟန့်တားခြင်းငှာစွမ်းသာမှာ မဟုတ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Ref: SCMP