ဝိုင်းဝန်းကူညီလိုက်နာဆောင်ရွက်ဖို့လိုသည်

 

နိုင်ငံသားတိုင်း နိုင်ငံတော်၏တည်ဆဲဥပဒေများဖြင့် ပြဋ္ဌာန်းထားရှိသော စည်းမျဉ်းစည်းကမ်းများ ကို မလွဲမသွေလိုက်နာရပေမည်။ လိုက်နာဖို့တာဝန်အပြည့်ရှိပါသည်။ မည်သို့သော အကြောင်း အရာများ၌မဆို  နာခံဆောင်ရွက်ရန် ပြည်သူများနှင့်အတူ စာရေးသူတို့မှာလည်း တာဝန် ရှိပါသည်။ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနေသော နိုင်ငံ့ခေါင်းဆောင်များ၏ လမ်းညွှန်ချက် များသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် အဓိကမီးမောင်းထိုးပြနေခြင်းသာ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၏ ထူးခြားချက်များစွာမှာ နိုင်ငံနှင့်လူမျိုးကို စိန်ခေါ်လျက်ရှိသော COVID-19 ရောဂါပေါ်ပေါက်လာခြင်းဖြစ်သည်။ သြဂုတ်လကုန်ပိုင်းမှယနေ့အထိ ထူးထူးခြားခြား တစ်ကျော့ပြန် အုံနှင့်ကျင်းနှင့်ကူးစက်လျက်ရှိနေသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များဆီသွား ရောက်လျက်ရှိနေသည်။ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်သဖြင့်လည်း  ဖွံ့ဖြိုးတိုးတက်လှသည့်   နိုင်ငံကြီးများမှပင်လျှင် အလဲထိုးခံနေရသည်။ ကာကွယ်ကုသဆေးများ မရရှိသေးသဖြင့် နိုင်ငံ ပေါင်းစုံမှ ကာကွယ်ဆေးများထွက်ပေါ်လာရန် အပြိုင်ကြိုးစားနေကြဆဲဖြစ်သည်။ မကြာမီမှာ လည်း ကာကွယ်ဆေးများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ရပါသည်။ ကာကွယ်ဆေးများ မပေါ်ထွန်းမီကြားကာလများ၌ တစ်ဦးတစ်ယောက်ချင်းစီတိုင်း သတိကြီးကြီးထားပြီး ကြိုတင် ကာကွယ်မှုပြုကြရပါသည်။

အဆိုပါ COVID-19 ရောဂါသည် တစ်နွယ်ငင်တစ်စင်ပါဆိုသကဲ့သို့ လူနှင့်လူချင်းထိတွေ့ ဆက်ဆံခြင်းမှ ကူးစက်သကဲ့သို့ ပိုးရှိသူများ၏အသုံးအဆောင်များ ထိတွေ့ဆက်ဆံမှုများမှလည်း ကူးစက်နိုင်ကြောင်းသိရှိရသည်။ တစ်ဦးမှတစ်ဦးဆီသို့ မကူးစက်စေရန် ကာကွယ်သောနည်း လမ်းများစွာမရှိပါ။ လိုက်နာရမည့်လမ်းညွှန်ချက်သုံးချက်သာ တိတိကျကျလိုက်နာဆောင်ရွက် ခဲ့မည်ဆိုလျှင် COVID-19 ရောဂါနှင့် တွေ့စရာအကြောင်းမရှိပါ။ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင်  စနစ်တကျဆေးဖို့လိုပါသည်။ နှာခေါင်းစည်းတပ်ဖို့လိုပါသည်။ မဖြစ်မနေ အပြင်သွားသည့်အခါတိုင်း တစ်ခါသုံး နှာခေါင်းစည်းကို အသုံးပြုရမည်။ စနစ်တကျလည်း စွန့်ပစ်ဖို့လိုပေသည်။ ပြင်ပမှ သာမန်မျက်စိဖြင့် ကြည့်၍မမြင်ရသော COVID-19  ရောဂါမှာ မိမိထံကူးစက်ပါရှိလာသည်၊ မလာသည်ကို မသိနိုင်သဖြင့် အသုံးပြုပြီးသော နှာခေါင်းစည်းကို  စနစ်တကျစွန့်ပစ်ဖို့လိုပါသည်။ လူစုလူဝေးရှောင်ဖို့လိုပါသည်။ နိုင်ငံတော်မှလည်း တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာမှာနေပြီး ပြောဆိုလုပ်ကိုင်ဆက်ဆံရမည်ဟု လမ်းညွှန်ထားပါ သည်။

ယနေ့လူနေထူထပ်သော တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ မြို့တော်များတွင် သွားလာလှုပ်ရှား နေကြသောပြည်သူများမှာ စားဝတ်နေရေးအတွက်  နိစ္စဓူဝရုန်းကန်လှုပ်ရှားနေကြရသည်။ ယနေ့အချိန်အခါ အခြေအနေမှာ ရောဂါပိုးကူးစက်ပြန့်ပွားနှုန်း လျင်မြန်နေသည့်အချိန်မို့ အထူး ဂရုစိုက်ပြီး လမ်းညွှန်သတိပေးချက်များကိုလိုက်နာဆောင်ရွက်ဖို့လိုပါသည်။ သတ်မှတ်ချက်များ လမ်းညွှန်ချက်များသည် မိမိတို့အတွက်ဖြစ်သည်ကို သတိအမြဲရှိဖို့လိုပါသည်။ ရပ်ကွက်/ ကျေးရွာ/မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူအများမှာ တစ်ယောက်ကအစ တစ်ရာဆို သကဲ့သို့ မိမိအနေအထိုင်အသွားအလာ မဆင်ခြင်ပါလျှင် မိမိတစ်ယောက်တည်း ရောဂါခံစား ရမည် မဟုတ်ပါ။ မိမိနှင့်ထိစပ်ခဲ့သော လူတိုင်းမလွဲမသွေရောဂါပိုးကူးစက်နိုင်ခြေရှိပေမည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သော၊ ကိုယ်ခံအားနည်းသော၊  ရောဂါအခံရှိသော ပုဂ္ဂိုလ် များမှာ ပို၍ကူးစက်လွယ်မည်ဟုမှတ်သားသိရှိရသည်။ ဆေးဘက်ဆိုင်ရာပညာရှင်များ ဆရာဝန်၊ ဆရာမများသည်လည်း ပြည်သူအားလုံးကို ကူညီစောင့်ရှောက်ကုသပေးမည်ဟု အမှန်ပင်ဖြစ် သော်လည်း အုံနှင့်ကျင်းနှင့်ဖြစ်လာပါက မည်သို့မှ ထိရောက်စွာကူညီနိုင်မည်မဟုတ်ပါ။ အချို့ နိုင်ငံကြီးများမှပင် မကူညီနိုင်၍မျက်နှာလွဲခဲ့ရသောအဖြစ်အပျက်များစွာရှိခဲ့သည်။ နိုင်ငံတော်မှ ပြည်ပရောက်နိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် အသုတ်လိုက်ခေါ်ဆောင်လျက်ရှိ ပါသည်။ မိမိနိုင်ငံအတွင်းရောက်ရှိပြီး နေထိုင်သွားလာခဲ့သော နိုင်ငံများမှ ရောဂါပိုးများကူးစက်မှု မရှိစေရန် စောင့်ကြည့်နေရာများသို့ ပို့ဆောင်ပြီး ကျန်းမာ

ရေးကောင်းမွန်စိတ်ချပါမှ မိသားစုများနှင့်တွေ့ဆုံခွင့်ပေးခဲ့သည်။ အချို့ပြည်တော်ပြန်များမှာ လည်း တစ်လွဲဆံပင်ကောင်းပြီး ထိုကဲ့သို့ စောင့်ကြည့်နေရာများသို့ မသွားလိုကျပေ။ ငြင်းဆန် သည့်သူများပင်ရှိသည်ဟု သိရသည်။ မိမိအတွက်၊ မိမိ မိသားစုအတွက်ထိန်းသိမ်းစောင့်ရှောက် ပေးသည်ကို နားမလည်ကြသည့်အတွက်ကြားရသူများ စိတ်သောကရောက်ကြရသည်။ ပြင်ပ လက္ခဏာတစ်ခုမှမပြ၊ ခရီးသွားလာသည့် ရာဇဝင်မရှိသော်လည်း အနံ့အရသာမရ၍ ကျန်းမာ ရေးဌာနက လာရောက်စစ်ဆေးကြည့်မှ ရောဂါပိုးတွေ့ရှိနေသည်ကို သိရှိရသည်။

ရောဂါပိုး၏ကူးစက်ပုံ ထူးခြားဖြစ်စဉ်များလည်း များစွာရှိနေသည်ကို ထပ်မံမှတ်သားရသည်။ ပေါ့ပေါ့ဆဆနေကြသောသူတို့အဖို့  များစွာကြောက်ရွံ့ဖို့ ထိတ်လန့်ဖို့ပြောနေခြင်းထက် သတိရှိဖို့ လိုပါသည်။ သတိဆိုသည်မှာ စားသတိ၊ သွားသတိ၊ လာသတိထက် ကူးစက်ပုံ ပို၍လျင်လျင် မြန်မြန်ရောက်ရှိနေသည်ကို သတိချပ်ဖို့ပါ။ မရိုးသားခြင်း၊ စည်းကမ်းဥပဒေကို လေးစားလိုက်နာ ခြင်းမရှိ တစ်ဦးတစ်ယောက်ကြောင့် ရောဂါပိုးကူးစက်မှုသည် အရှိန်မြင့်မားလာနေသည်။ ထိမ်ချန်ကွယ်ဝှက်သော ဥပဒေမဲ့ လူသားတစ်ယောက်ကို မဖော်ထုတ်နိုင်လျှင် မမျှော်မှန်းနိုင် သော ရောဂါပိုးလက်ခံရမည့်ဦးရေ များစွာတိုးလာမည်ကိုသတိပြုရပါမည်။ စိုးရိမ်ကြောင့်ကြရပါ လိမ့်မည်။ ပြည်သူတိုင်းတွေးပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေမည့်အစား မည်ကဲ့သို့ ကျော်ဖြတ် ရမည့်နည်းဆိုသည့် အကြောင်းအရာများကိုတွေးပြီး ဆောင်ရွက်လုပ်ကိုင်တတ်ဖို့လိုသည်ဟု ဆိုချင်ပါသည်။ ခန္တီပါရမီအားကောင်းသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအဖို့ တောင့်ခံထားနိုင် ဖို့လည်း အရေးကြီးသည်ဟု ထင်ပါသည်။

ယနေ့အချိန်မှာ မြို့နယ်များပြားစွာသို့ ရောဂါပိုးရောက်ရှိသွားသည့်အတွက် အချို့မြို့နယ်များမှာ လည်း စည်းကမ်းနှင့်အညီ စစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ ငွေဒဏ်၊ ထောင်ဒဏ်တို့ စီရင်အပြစ်ပေးလျက် လေးလေးနက်နက်ဆောင်ရွက်နေပါသည်။ စာရေးသူတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။ မိမိကစလို့လိုက်နာဖို့  အများပြည်သူများလည်း လိုက်နာဆောင် ရွက်လာနိုင်ဖို့ စည်းရုံးဆောင်ရွက်ရပေမည်။  စာရေးသူတို့နေထိုင်ရာ နေပြည်တော်၏ အဝင် အထွက်ကိုလည်း ကျန်းမာရေးအတွက် စနစ်တကျစစ်ဆေးလျက်ရှိသည်။ နေပြည်တော်သည် နိုင်ငံတော်၏ ယန္တရားတစ်ခုလုံးလည်ပတ်ရာ ဆောင်ရွက်လုပ်ကိုင်နေသော မြို့တော်ကြီး ဖြစ်သည်။  နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးအကဲများနှင့် ဝန်ကြီးဌာနအဖွဲ့အစည်း အသီးသီးလည်းရှိသော မြို့တော်ဖြစ်သည့်အတွက် ရာနှုန်းပြည့် ထိန်းသိမ်းကာကွယ်စောင့် ရှောက်ဖို့ အရေးကြီးသည်ဟု ထင်မြင်ယူဆရပါသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းမှလည်းကောင်း၊ ရန်ကုန်-မန္တလေး   အမြန်လမ်းမှလည်းကောင်း ဝင်ထွက်သွားလာမည့် ယာဉ်၊ ရထားများခရီးသည်များကို တိတိကျကျစနစ်တကျလမ်းညွှန်ထား သည်ကို ဆိုရှယ်မီဒီယာများမှလည်းကောင်း၊ နေ့စဉ်ထုတ်သတင်းစာများမှလည်းကောင်း ဖတ်ရှုရပါသည်။ အချို့လူငယ်များသည် နေပြည်တော်အဝင်၊ အထွက်သတ်မှတ်ထားသည့် စည်းကမ်းများမှာ အကဲပိုသည်ဟု ဆိုရှယ်မီဒီယာများပေါ်တွင် တင်ကြသည်။ သဏ္ဌာန်လက္ခဏာ မပြသော ရောဂါပိုးလက်ခံထားရှိသူ တစ်ယောက်ဝင်ရောက်ခဲ့ပါလျှင် မမျှော်မှန်းနိုင်သော ရောဂါပိုးကူးစက်မှုခံရမည်မှာ အသေအချာပင်ဖြစ်သည်။ 

ယနေ့ရက်ပိုင်းမှာပင် သူငယ်ချင်းဖြစ်သူမှ အကူအညီတောင်းခံခဲ့သည်ကို မကူညီနိုင်ခဲ့သဖြင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။ ငယ်သူငယ်ချင်းဖြစ်သကဲ့သို့ တစ်ကျောင်းတည်း၊  တစ်မြို့ တည်းနေလာခဲ့သူလည်းဖြစ်သည်။ သူငယ်ချင်း၏ သားဖြစ်သူမှာ ခုတင်-၁၀၀၀ ဆေးရုံ အာရုံ ကြောဌာနမှာ လွန်ခဲ့သော နှစ်ပတ်ခန့်က ဆေးရုံတက်ဆေးကုသခဲ့သည်ဟုသိရပြီး ယနေ့အခြေ အနေမှာ ကျန်းမာရေးကောင်းသွားပြီး ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။ သူငယ်ချင်းက သူ၏သားကို ကားဖြင့်လာကြိုချင်သည်။ ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်ကြောင့် ဝင်ခွင့်မရခဲ့ပါ။ သူငယ်ချင်းကတော့ စာရေးသူကို ဝင်လို့ရအောင် ကူညီပေးစေလိုပါသည်။ ကူးစက်မြန် COVID-19 ရောဂါအား ကာကွယ်တားဆီးရေးသာလျှင် ပဓာနကျသဖြင့် သတ်မှတ်စည်းကမ်းများကို လိုက်နာလက်ခံရုံမှလွဲ၍ တခြားမည်သည့်အကြောင်းအရာမှမရှိကြောင်း သိစေလိုသည်မှာ စာရေးသူ၏ဆန္ဒသာဖြစ်ပါသည်။

အနှစ်ချုပ်ဆိုရလျှင် COVID-19 ရောဂါကင်းစင်ပပျောက်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီလိုက်နာဆောင်ရွက်ဖို့လိုပါကြောင်း ရေးသားတင်ပြအပ်ပါသည်။