ဗီယက်နမ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ကမ်ပိန်းကို ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ခဲ့ပြီး ဦးစားပေး အုပ်စုအလိုက် ထိုးနှံရန် စီစဉ် ခဲ့ကြောင်း သိရှိရသည်။ ဦးစားပေးအုပ်စု အနေဖြင့် ၁၆ ခုရှိကြောင်း သိရှိရပြီး ၎င်းတို့မှာ-

(က)     ကျန်းမာရေးဝန်ထမ်းများ

(ခ)       ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင်ပါဝင်သည့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ကွာရန်တင်းစင်တာများတွင် တာဝန်ထမ်း ဆောင်နေသည့် စေတနာ့ဝန်ထမ်းများ

(ဂ)       စစ်မှုထမ်းများ

(ဃ)     ရဲတပ်ဖွဲ့ဝင်များ

(င)       သံတမန်များနှင့် ဆက်နွှယ်သည့် ဝန်ထမ်းများ

(စ)       အကောက်ခွန်ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ

(ဆ)     သယ်ယူပို့ဆောင်ရေး၊ ခရီးသွား

လာရေး၊ လျှပ်စစ်နှင့်ရေပေးဝေရေး ဝန်ထမ်းများ

(ဇ)       ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဝန်ငယ်များ၊ အုပ်ချုပ်ရေးဝန်ထမ်းများ၊ ဥပဒေ၊ နိုတြီနှင့် လေလံအဖွဲ့အစည်းများမှ ဝန်ထမ်းများ

(ဈ)       နာတာရှည်ရောဂါသည်များနှင့် ၆၅ နှစ်နှင့်အထက်  သက်ကြီးရွယ်အိုများ

(ည)      ကပ်ရောဂါဆိုက်ရောက်သည့်ဒေသရှိ ဒေသခံများ

(ဋ)       ဆင်းရဲသည့်   ပြည်သူများနှင့်လူမှုထောက်ပံ့ရေး  ရယူခံစားနေရသူများ

(ဌ)       နိုင်ငံခြားမှ ဝင်ရောက်လာသည့် ပညာတော်သင်များ၊ အလုပ်လုပ်ကိုင်နေသည့်သူများ

(ဍ)       စက်ရုံလုပ်သားများနှင့် ၎င်းတို့၏ ဆွေမျိုးများ

(ဎ)       သာသနာ့ဝန်ထမ်းများ

(ဏ)     ကျပန်းအလုပ်သမားများ

(တ)     ကျန်းမာရေးဝန်ကြီးဌာန၊ မြူနီစီပယ် ကော်မတီ သို့မဟုတ် ကာကွယ် ဆေးအလှူရှင်များမှ အဆိုပြုသည့်သူများ ထို့ပြင်   ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ဦးစားပေးအစီအစဉ်ဖြင့် သတ်မှတ်ထားသော နေရာဒေသလေးခုရှိပါသည်။ ၎င်းတို့မှာ လတ်တလော Outbreak ဖြစ်ပွားနေသော နေရာဒေသများ၊ စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းများနှင့် စမ်းသပ်စီမံကိန်းများရှိသော   နေရာဒေသများ၊ လူဦးရေထူထပ်သော စက်မှုဇုန်နေရာဒေသ များနှင့် နယ်စပ်ဒေသများတို့ဖြစ်ကြသည်။

ဗီယက်နမ်  ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လူဦးရေ၏ ၇၅ ရာခိုင်နှုန်း လွှမ်းခြုံမှုရရန်အတွက်  ကာကွယ်ဆေးအကြိမ်ရေ သန်း ၁၅၀ သတ်မှတ်လျာထားကြောင်း သိရှိရသည်။ လိုအပ်သည့် ကာကွယ်ဆေးရရှိနိုင်ရန်  သက်ဆိုင်ရာ ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးပြီးဖြစ်သကဲ့သို့ Covax ၊ GAVI နှင့် UNICEF မှ တစ်ဆင့် WHO တို့မှနေ၍ ကာကွယ်ဆေးများ ရရှိကြောင်း သိရှိရသည်။  ၂၀၂၁  ခုနှစ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ သန်း (၁၀၀)ရရှိရန်ရှိကြောင်း သိရှိရသည်။ ၎င်းတို့မှာ Covax မှ ၃၈ ဒသမ ၉ သန်း၊ Astrazeneca မှ သန်း ၃၀၊ Pfizer မှ ၃၁ သန်းတို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် Spunik V ကာကွယ်ဆေး သန်း ၂၀ ရရှိရန်လည်း သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။ Sinopharm ကာကွယ်ဆေး၊ Moderna ကာကွယ်ဆေးနှင့် Johnson & Johnson ကာကွယ်ဆေးများကိုလည်း ဝယ်ယူရန်ရှိကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် နိုင်ငံတကာတွင် အသုံးပြုနေသည့် ကာကွယ်ဆေးမျိုးစုံအား နည်းမျိုးစုံဖြင့်ရရှိနိုင်ရေး ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ဗီယက်နမ်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-

ဗီယက်နမ်နိုင်ငံ၏ ရက်အလိုက် ကာကွယ်ဆေးထိုးနှံနိုင်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-ဗီယက်နိုင်ငံတွင် ၁၄-၁၂-၂၀၂၁ အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ

- ၇၅၁၄၀၁၈၁ (၇၇.၂%)

နှစ်ကြိမ်ပြည့်ထိုးနှံပြီးသူ  

- ၅၃၂၂၄၇၁၅ (၅၄.၇%)

လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း တစ်ရက်ပျမ်းမျှထိုးနှံခဲ့သည့် ကာကွယ်ဆေး အကြိမ်အရေအတွက်မှာ ၁ ဒသမ ၅၆ သန်း ဖြစ်ပါသည်။ ဤနှုန်းအတိုင်း ဆက်လက် ထိုးနှံမည်ဆိုပါက နောက်ထပ် ဗီယက်နမ် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် အကြိမ်ပြည့် ထိုးနှံပြီးစီးရန် ၁၃ ရက်ခန့်သာ ကြာမြင့်နိုင်မည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် တစ်ဦးချင်းမှတ်ပုံတင်ခြင်းစနစ် (In Person Registration) အပြင် အွန်လိုင်းမှ တစ်ဆင့်လည်း လျင်မြန်စွာ စာရင်းသွင်းဆောင်ရွက်နိုင်ပါသည်။ စောစောစာ ရင်းသွင်းသူအား စောစောထိုးနှံ ပေးခြင်းမျိုး မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီး ဌာနမှချမှတ်ထားသည် ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံသွားခြင်းဖြစ်သည်။ အွန်လိုင်းမှ စာရင်း ပေးသွင်းရာတွင် နည်းလမ်းနှစ်မျိုးဖြင့် ပေးသွင်းနိုင်ပါသည်။ ပထမတစ်မျိုးမှာ Website တွင် တိုက်ရိုက် စာရင်းပေးသွင်းခြင်း ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ မိမိ၏မိုဘိုင်းဖုန်းတွင် E-Health Application အား Download ချပြီး စာရင်းပေးသွင်းခြင်း ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် Web Portal ၌ စာရင်းပေးသွင်းရာတွင် အောက်ဖော်ပြပါ အဆင့်များလိုအပ်ပါသည်-

(က)     ပထမအဆင့်အနေဖြင့် မိမိ၏ အချက်အလက်များဖြစ်သည့် အမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ဖြည့်သွင်းသွားရမည်ဖြစ်သည်။

(ခ)       ဒုတိယအဆင့်အနေဖြင့် လွန်ခဲ့သည့် ခြောက်လအတွင်းရောဂါများ ဖြစ်ပွားဖူးခြင်း ရှိ/မရှိ ဖြည့်သွင်းရပါသည်။

(ဂ)       တတိယအဆင့်အနေဖြင့် ကာကွယ် ဆေးထိုးနှံရန် သဘောတူကြောင်း ဖြည့်သွင်းရပါသည်။

(ဃ)     စတုတ္ထအဆင့်အနေဖြင့် Verification Code ခြောက်လုံးကို မိမိဖုန်းသို့ SMS ပို့ပေးမည်ဖြစ်ပြီး ၎င်း Code ကို သက်ဆိုင်ရာ နေရာတွင် ဖြည့်သွင်းခြင်းဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို နိုင်ငံခြားသားများ အပါအဝင် ဗီယက်နမ်နိုင်ငံသားများသည် အွန်လိုင်း မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်ရာတွင် Application အသုံးပြု၍ လည်းဆောင်ရွက်နိုင်ပြီး ၎င်း Application အား အွန်လိုင်းမှ Download ချနိုင်ပါသည်။ Apps ဖြင့် စာရင်းသွင်းမည်ဆိုပါက ဖုန်းနံပါတ်တစ်ခုလိုအပ်မည်ဖြစ်သည်။ စာရင်းသွင်းသူ၏ အချက် အလက်များအား စိစစ်ပြီးပါက ကာကွယ်ဆေးထိုးနှံရန်အတွက် ညွှန်ကြားချက်များ ရရှိမည်ဖြစ်သည်။ ကျန်းမာရေးဌာနမှ တာဝန်ရှိသူ များအနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းထားမှုအခြေအနေ၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ ထိုးနှံရန်ကျန်ရှိမှု၊ ကာကွယ်ဆေးများဖြန့်ဖြူးပေးမှု စသည့်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည်။

အဆိုပါ  အချက်အလက်များအား ကာကွယ်ဆေးထိုးနှံမည့်ဌာနများသို့ ဖြန့်ဝေ သွားမည်ဖြစ်ပြီး အဆိုပါဌာနများမှ ထပ်မံစိစစ်ကာ ဦးတည်အုပ်စုများအလိုက် စာရင်းသွင်းမည်ဖြစ်သည်။ စာရင်းသွင်းပြီးသည်နှင့် မိမိထိုးနှံရမည့် အစီအစဉ်နှင့်ပတ်သက်၍ အချက် အလက်များရရှိမည်ဖြစ်သည်။ အဆိုပါ Website နှင့် E-Health Application တို့ကို အင်္ဂလိပ်ဘာသာဖြင့်လည်း ရရှိနိုင်မည်ဖြစ်သည်။ စာရင်းသွင်းသူ တစ်ဦးချင်းစီသည် စာရင်းသွင်းပြီးသည်နှင့် အဖြူ၊ အမည်း QR Code တစ်ခုရရှိမည် ဖြစ်သည်။ ပထမအကြိမ်  ထိုးနှံပြီးပါက အဆိုပါ QR Code သည် အဝါရောင်သို့ ပြောင်းမည်ဖြစ်ပြီး ဒုတိယအကြိမ် ထိုးနှံပြီးစီးပါက အစိမ်းရောင်သို့ ပြောင်းလဲသွား မည်ဖြစ်သည်။ အဆိုပါ Online Vaccination Database တွင် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ တစ်ဦးချင်းစီ၏ ကာကွယ်ဆေး အမျိုးအစား၊ ထိုးနှံပြီးစီးမှုအကြိမ်တို့အား သိမ်းဆည်းထား မည်ဖြစ်သည်။ အကယ်၍ ကာကွယ်ဆေးထိုးနှံပြီးစီးသူ တစ်ဦးသည် ခရီးသွားလာမည်ဆိုပါက မိမိ၏မိုဘိုင်းဖုန်းတွင် အဆိုပါ Application မှ QR Code ကိုပြသ၍ အစစ်ဆေးခံ နိုင်မည် ဖြစ်သည်။ အနာဂတ်တွင် အဆိုပါ QR Code သည် Vaccine Passport တစ်ခု ဖန်တီးရန်အတွက် အခြေခံ ဖြစ်လာမည် ဖြစ်သည်။ Viettel ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် အဆိုပါအွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းအား မျှဝေထမ်းဆောင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုကို ဦးစားပေးအုပ်စုများ သတ်မှတ်၍ထိုးနှံရန် စီစဉ်ထားသော်လည်း ကပ်ရောဂါ အပြင်းအထန်ကျရောက်သည့် မြို့ကြီးများတွင် ကာကွယ်ဆေးထိုးနှံမှုကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၏ ၅၈ ရာခိုင်နှုန်းခန့် တွေ့ရှိခဲ့ရသော ဟိုချီ မင်းမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို မြန်မြန်ဆန်ဆန်ထိုးနှံနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ကာကွယ်ဆေးလွှမ်းခြုံမှု မြန်မြန်ဆန် ဆန်တိုးတက်လာရေးတွင် အရေးကြီးသည့် အချက်နှစ်ချက်မှာ ကာကွယ်ဆေးများ လုံလုံလောက်လောက်ရရှိနိုင်မှု (Vaccine Supply)နှင့် လျင်လျင်မြန်မြန်ထိုးနှံပေးနိုင်မှု (Vaccination Rate) တို့ဖြစ်သည်။ ဗီယက်နမ် နိုင်ငံအနေဖြင့် Covax မှ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ နိုင်ငံတော် အနေဖြင့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်အတွက် ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရှိရသည်။ ကာကွယ်ဆေး ထိုးနှံမှုနှုန်း မြင့်မားစေရန်အတွက် (In Person Registration) အပြင် အွန်လိုင်းစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်အောင် စီစဉ်ထားရှိခြင်းဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှုမြန်ဆန်တိုးတက်အောင်  ဆောင်ရွက်နေကြောင်း  ရေးသားလိုက်ရပါသည်။    ။

ကိုဇေ