ဆောင်းသီးနှံပဲမျိုးစုံနှင့်ကျန်းမာရေး

ဆောင်းသီးနှံပဲမျိုးစုံနှင့်ကျန်းမာရေး

မြန်မာနိုင်ငံတွင် အောက်တိုဘာလသည် မိုးနှောင်းရာသီနှင့် ဆောင်းရာသီကူးသည့်လဖြစ်သည်။ ထိုကာလတွင် ပဲစိုက်တောင်သူ ဦးကြီးများက မိုးနှောင်းသီးနှံ အချို့စိုက်ဆဲဖြစ်သလို ဆောင်းရာသီ သီးနှံအချို့ကိုလည်း စတင်စိုက်ပျိုးလေ့ရှိကြသည်။ မြန်မာ နိုင်ငံတွင် ပဲအမျိုးမျိုးစိုက်ပျိုး စားသုံးလျက်ရှိကြရာ  ယခုကာလသည် ဆောင်းရာသီဖြစ်၍ ဆောင်းသီးနှံကုလားပဲ၊ ပဲစင်းငုံ၊  ပဲပုပ်၊ စားတော်ပဲ၊ မတ်ပဲနှင့်ပဲတီစိမ်း စသည့် ပဲအမည်တစ်မျိုးချင်းစီ၏ ကျန်းမာရေးအကျိုးကျေးဇူးအကြောင်းကို အကျဉ်းချုပ် ရေးသား အကြံပြုလိုပါသည်။

ကုလားပဲနှင့်ကျန်းမာရေး

ကုလားပဲတွင် အာဟာရဓာတ်ပေါကြွယ်ဝလှသည့်ပြင် ဈေးနှုန်းချိုသာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သဖြင့် “ဆင်းရဲသားအမဲ(Poor Man's Beef)”ဟုခေါ်စမှတ်ပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော်  အမဲသားနှင့်ကုလားပဲတို့တွင် တူညီသောအာဟာရဓာတ်ကို ရရှိနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် ကုလားပဲတွင် ကစီဓာတ်နှင့်အသားဓာတ်တို့ အဓိကပါဝင်နေကြသည်။ ကာဗိုဟိုက်ဒရိတ်  ခေါ်ကစီဓာတ်ကို ကော်ဓာတ်ဟုခေါ်သည်။ ကစီဓာတ်က ခန္ဓာကိုယ်ကြီးထွားရေးအတွက် မဖြစ်မနေလိုအပ်သကဲ့သို့ သွားလာ လှုပ်ရှားမှုနှင့်  အသက်ရှင်နေထိုင်မှုတို့အတွက် အင်အားအများဆုံးပေးသော ဓာတ်လည်းဖြစ်ပါသည်။ ထိုမျှမက ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေ၍   ခန္ဓာကိုယ်မွမ်းမံမှု၊ သွေးသားညီညွတ်မှုတို့ကိုလည်း ၎င်းကစီဓာတ်က စွမ်းဆောင်ပေးနိုင်သည်။ အသားဓာတ်က   ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မဖြစ်မနေလိုအပ်သော ဓာတ်ဖြစ်သည်။ တစ်နည်းဆိုသော် လူ့ခန္ဓာကိုယ်သည် အသားဓာတ် များဖြင့်စုစည်းထားသည့် အစိုင်အခဲကြီးတစ်ခုဖြစ်ပါသည်။ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများ၊ အရေပြားများ၊ ဆံပင်၊ မျက်စိ၊ နား စသည်တို့သည် အသားဓာတ်များဖြစ်ကြပြီး သွားများမှာလည်း အသားဓာတ်အနည်းငယ်ပါဝင်နေသည်။ လူသားတို့အသက်ရှင်ရေး အတွက် ရေကလွဲလျှင် ဒုတိယမြောက် အရေးကြီးဆုံးဓာတ်မှာ အသားဓာတ်ဖြစ်သည်။ ခန္ဓာကိုယ် တောင့်တင်းရေး၊ အသား တည်ဆောက်မှုအားပေးရေး၊ သွေးသားဆူဖြိုးတိုးတက်စေရေး၊ ဦးနှောက်၊ နှလုံးအသားမျှင်များ၊ ကျောက်ကပ်နှင့် အကြောများ မပျက်စီးစေရန်နှင့် ရောဂါဘယများ အလွယ်တကူမကျရောက်စေရန် ကာကွယ်ရေးလုပ်ငန်းများကို အသားဓာတ်က တာဝန်ယူ ဆောင်ရွက်ပေးသည်။ ကလေးများတွင် အသားဓာတ်မလုံလောက်ပါက ကြီးထွားမှုရပ်ဆိုင်းပြီး အရပ်ပုကာ လူစဉ်မမီဖြစ်တတ်သလို အရွယ်ရောက်ပြီးသူတွေမှာလည်း အသားဓာတ်လုံလောက်စွာ မရရှိပါက အင်အားကုန်ခန်းပြီး ကိုယ်စိတ်နှလုံးပင်ပန်းခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ရောဂါရလွယ်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ ပျက်စီးချို့ယွင်းနေသော အသားအရေ ရုပ်ကလာပ်များကို ပြန်လည်ဖွဲ့စည်း   ထူထောင်ပေးသည့် အသားဓာတ်  အရင်းအမြစ်ဖြစ်သောကုလားပဲကို စားသုံးပေးသင့်သည်။

ပဲပုပ်နှင့်ကျန်းမာရေး

ပဲပုပ်အမျိုးမျိုးရှိတဲ့အနက် “ရွှေဝါ” ခေါ် ပဲပုပ်မျိုးသည် ပိုမွှေး၊ ပိုဆိမ့်သောအရသာထူး၍ ရှမ်းပြည်နယ်တွင် ၁၉၅၅ ခုနှစ်မှာ တိုးချဲ့စိုက်ပျိုးခဲ့သည်။ ပဲပုပ်တွင် ခွန်အားနှင့် သွေးနီအားကို တိုးတက်စေသောသံဓာတ် အလုံအလောက်ပါရှိနေသဖြင့် သက်သတ် လွတ်စားသူများအတွက် သံဓာတ် ဖြည့်စွက်စာအဖြစ် အားကိုးထိုက်သည်။ ပဲပုပ်တွင်ပါရှိသော အသားဓာတ် ခေါ် ပရိုတင်းဓာတ်က အခြားသောသီးနှံပင်များထဲရှိ   ပရိုတင်းဓာတ်မျိုးနှင့်မတူဘဲ သာလွန်ကောင်းမြတ်သော ပထမတန်းစား ပရိုတင်းဓာတ်ဖြစ်သည်။  ၎င်းပရိုတင်းဓာတ်သည် အမဲသား၊ ကြက်ဥနှင့် နွားနို့တွင်ပါရှိသော ပရိုတင်းဓာတ်နှင့် အမျိုးအစားတူညီရုံမျှမက ပဲပုပ်မှာ ပရိုတင်း ဓာတ်ပါဝင်မှုပိုများသည်။ ထူးခြားချက်မှာ ပဲပုပ်တွင်ပါရှိသော ပရိုတင်းပမာဏသည် အမဲသားထက် နှစ်ဆ၊ ကြက်ဥထက် သုံးဆ၊ နွားနို့ထက် ဆယ့်တစ်ဆပိုမိုသည်။ ပဲပုပ်တွင်ကစီဓာတ်ပါဝင်မှု လွန်စွာနည်းသဖြင့် အဝလွန်သူများနှင့် ဆီးလွန်ရောဂါရှိသူတွေ အတွက် ကောင်းကျိုးပြုသည်။ ပဲပုပ်က ပိန်သောသူကို ဝဖြိုးစေခြင်း၊ အသားအရေအရွယ်တင်နုပျိုစိုပြည်စေခြင်း၊ ဝမ်းချုပ်ရောဂါကို ကုသနိုင်ခြင်း၊ ကြွက်သား၊ အရေပြားနှင့်အကြောများကို အားကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်ဖြည့်ပေး၍ အားပြည့်စေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့်အစာအိမ်တို့ကို ကျန်းမာစေခြင်း၊ ဗီတာမင်အေဓာတ်ကြွယ်ဝ၍ မျက်စိအားကောင်းစေခြင်း၊ ဦးနှောက်နှင့် အာရုံကြောများကို အားပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။ ထို့ပြင် အရိုးနှင့်သွားများကို ခိုင်မာစေခြင်း၊ အရိုးကြီးထွားမှုကို အားပေးခြင်း၊ ခန္ဓာကိုယ်ထွားကျိုင်းစေခြင်းတို့ကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် ပဲပုပ်ကို မဖြစ်မနေစားပေးသင့်သည်။ ပဲပုပ်ကို အပူပေး၍ ချက်ပြုတ်ထုတ်လုပ်သော ပဲနို့ဒိန်ခဲကို   နွားနို့ဒိန်ခဲနှင့်နှိုင်းယှဉ်ကြည့်ပါက ပဲနို့ဒိန်ခဲက အနံ့အရသာမှာ  သာလွန်ကောင်းမွန်သည်။ ထို့ပြင် ပဲနို့ဒိန်ခဲကလည်း နွားနို့ဒိန်ခဲနည်းတူ လူသားတို့၏အစာအိမ်နှင့်အူလမ်းကြောင်းကို အကျိုးပြုပေးသော ပိုးမွှားကလေးတွေပါရှိနေပြီး ထူးခြားချက်မှာ ပဲနို့ဒိန်ခဲထဲရှိ ၎င်းအကျိုးပြု ပိုးမွှားကလေးတွေက အရွယ်အစား ပိုကြီးကာ ပို၍လည်း အစွမ်းထက်မြက်ကြောင်း လေ့လာသိရှိရပါသည်။

စားတော်ပဲနှင့်ကျန်းမာရေး

မြန်မာ့ရိုးရာအစားအစာ  “ပဲပြုတ်”ဆိုသည်မှာ စားတော်ပဲကိုအညှောက်ထွက်စေကာ ပဲပွလာအောင် ဆိုဒါဖောက်ပေးပြီး    အရသာနှင့် အရောင်တို့အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းဖြစ်သည်။ စားတော်ပဲပြုတ်တွင် လူသားတို့ကျန်းမာရေးကို အထောက်အကူဖြစ်စေသော ဗီတာမင်နှင့်သတ္တုဓာတ်တို့ အလုံအလောက်ပါရှိပြီး ဘေးဖြစ်စေတတ်သော ကိုလက်စထရော လုံးဝမပါရှိသည့်အတွက် နေ့စဉ်စားသုံးပေးသင့်သော အာဟာရဖြစ်ကြောင်း USDA ခေါ် အမျိုးသားအာဟာရပြုစစ်တမ်းများနှင့် WHFoods တို့မှ အခိုင်အမာထောက်ခံထားကြသည်။ ပဲပြုတ်ထဲတွင် အဆီဓာတ်နှင့် ကယ်လိုရီပါဝင်မှု မရှိသလောက် လွန်စွာနည်းပါး သော်လည်း အာဟာရဓာတ်   ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ မှီဝဲစားသုံးသင့်သည်။ ပဲပြုတ်တွင် ချေဖျက်လွယ်သော အမျှင်ဓာတ်အမြောက်အမြားပါရှိနေကြပြီး ၎င်းဓာတ်များက အစာခြေလမ်းကြောင်းအတွင်း အစာကိုလှုပ်ရှား ရွေ့လျားစေသည့် အလိုအလျောက် ကြွက်သားလှုပ်ရှားမှုကို အားပေးသဖြင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးသည်။ စားတော်ပဲပြုတ်တွင် Nicotinic အက်စစ်ပါရှိသဖြင့် သွေးထဲရှိမကောင်းသော LDL ကိုလက်စထရောကို လျှော့ချပေးနိုင်သည်။ စားတော်ပဲက သံဓာတ် အရင်းအမြစ်ဖြစ်ခြင်းကြောင့် သွေးနီဥဆဲလ်များကို ကောင်းစွာတည်ဆောက်စေကာ သွေးအားနည်းရောဂါနှင့် အလွန်အမင်း မောပန်းခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေသည်။ ထို့ပြင် အဆုတ်ထဲရှိအောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးသည်။ စားတော်ပဲတွင် Lutein နှင့် Carotenoid တို့ပါရှိနေသဖြင့် ပဲပြုတ်ကို ပုံမှန်စားသုံးသော သူများသည် အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဖြစ်တတ်သော မျက်စိရောဂါအမျိုးမျိုးနှင့် မျက်စိရေတိမ် ရောဂါဖြစ်နိုင်ခြေ အလားအလာကို လျှော့ချပေးနိုင်သည်။ စားတော်ပဲပြုတ် တစ်ခွက်စာပမာဏထဲတွင် ဗီတာမင်ကေ ၄၄ ရာခိုင်နှုန်းပါရှိသည့်အပြင် ဗီတာမင်ဘီလည်း အပြည့်အဝပါရှိသဖြင့် အရိုးကျန်းမာသန်စွမ်းစေကာ ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးကြွပ်ဆတ်ခြင်း မှလည်း ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် ကလေး၊ လူကြီးများသာမက ကိုယ်ဝန်ဆောင် မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်သည်။ ထို့ပြင် စားတော်ပဲက သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သော ခွန်အား များကို ထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးခဲခြင်းမှကာကွယ်ခြင်း၊ နှလုံးကျန်းမာ စေခြင်း၊ အစာအိမ်ကင်ဆာ၊ လေပြွန်ဖောင်းပွသည့်ရောဂါ၊  မှက္ခရုရောဂါ၊  အယ်ဇိုင်းမား ခေါ်  ဦးနှောက်အကြိုဇရာရောဂါတို့ကို ကာကွယ်ပေးခြင်းဖြင့် ကောင်းကျိုးပြုသည်။ ဖောလစ်ဓာတ် အရင်းအမြစ်စုဝေးရာ စားတော်ပဲပြုတ်ကို ကိုယ်ဝန်ဆောင်မိခင်များ စားပေးခြင်းဖြင့် မွေးဖွားလာသော ကလေးငယ်များတွင် မွေးရာပါဦးနှောက်နှင့် အာရုံကြောဝေဒနာများ  ဖြစ်နိုင်ခြေအလားအလာ နည်းပါးစေသည်။ အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။

မတ်ပဲနှင့်ကျန်းမာရေး

မတ်ပဲတွင် ဗီတာမင်၊ ပရိုတင်း၊ သတ္တုဓာတ် စသည်တို့အမြောက်အမြား ပါဝင်နေသောကြောင့် လူသားတို့ ကျန်းမာရေးအတွက်    အရေးပါသော ပဲတစ်မျိုးဖြစ်သည်။ မတ်ပဲသည် သံဓာတ်ပြည့်ဝသော ကောက်ပဲသီးနှံတစ်မျိုးဖြစ်၍ ခွန်အားဖြစ်စေသည်။   အထူးသဖြင့်  သံဓာတ်အားနည်း၍ ဓမ္မတာမမှန်သော အမျိုးသမီးများ မဖြစ်မနေစားပေးသင့်သည်။ မတ်ပဲတွင် ကြေညက်လွယ်သော အမျှင်ဓာတ်နှင့် ကြေညက်ခဲသော အမျှင်ဓာတ်ဟူ၍ အမျှင်ဓာတ်နှစ်မျိုး ကြွယ်ဝစွာပါရှိနေကြပြီး ၎င်းအမျှင်ဓာတ်များက အစာခြေ စနစ်ကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ ဖောလစ်အက်စစ်နှင့် မဂ္ဂနီစီယမ်ဓာတ်တို့က နှလုံးသွေးကြော နံရံတွေမပျက်စီးအောင် ထိန်းသိမ်းပေးသည်။ အထူးသဖြင့် မဂ္ဂနီစီယမ်ဓာတ်က နှလုံးသွေးများ ကောင်းစွာလည်ပတ် စီးဆင်းနိုင် အောင် အကူအညီပေးသည်။ မတ်ပဲတွင် ၎င်းဓာတ်များပါရှိနေကြသဖြင့် နှလုံးကျန်းမာအောင် အထောက်အကူပြုပေးနိုင်သည်။ ထို့ပြင် မတ်ပဲက ခန္ဓာကိုယ်ထဲရှိ မကောင်းသော ကိုလက်စထရောကိုကျစေသည်။ မတ်ပဲကိုရေထဲမှာ အချိန်ခြောက်နာရီကျော် စိမ်ပြီးနောက် ထောပတ်ဆီဖြင့်ကြော်စားခြင်းဖြင့် အမျိုးသားများအတွက် အရည်အသွေးပြည့်မီသော သုက်ထွက်အား ကောင်းစေ သည်။ ထို့ပြင် မတ်ပဲနှင့်ထောပတ် ကြော်စားပေးခြင်းဖြင့် နို့တိုက်မိခင်များအတွက် နို့ထွက်အားကောင်းစေသည်။ ပရိုတင်းဓာတ် အရင်းအမြစ်ဖြစ်သည့်မတ်ပဲကိုစားပြီးနောက် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားလာကာ ကြွက်သားတစ်သျှူးများကို ခွန်အားဖြစ်စေသည်။ ထမင်းကဲ့သို့ အစားအစာများ စားပြီးနောက် သွေးထဲက ဂလူးကို့ပမာဏကို မတ်ပဲက ထိန်းညှိပေးနိုင်သည်။ ဆီးချိုရောဂါဖြစ်ကာစ လူနာများအနေဖြင့် မတ်ပဲဖြင့်လုပ်ထားသော ပဲပင်ပေါက် လက်တစ်ဆုပ်စာ ပမာဏကို ကြက်ဟင်းခါးသီး အနေတော်အရွယ် တစ်လုံးဖြင့် ကြိတ်၍ ဖျော်သောက်ပေးပါ။ ဤဆေးအား တစ်နေ့တစ်ကြိမ်နှုန်းဖြင့် လေးလခန့်ကြာအောင် စွဲသောက်ပေးခြင်းဖြင့်   ဆီးချိုရောဂါကို အမြစ်ပြတ်စေနိုင်ပါသည်။ မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိမေ့လျော့ခြင်း စသည့် အာရုံခံ အင်္ဂါအဖွဲ့အစည်း ပြဿနာများအတွက် မတ်ပဲက လွန်စွာကောင်းကျိုးပြုသည်။ ထို့ပြင် အဆစ်အမျက် ရောင်ရမ်းခြင်းများ သက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အဆီကျစေခြင်း၊ အရိုးအားကောင်းစေခြင်း စသည်ဖြင့် ကောင်းကျိုး ပြုသည့်ပြင်  ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း မတ်ပဲကိုဖြည့်စွက်စာအဖြစ် စားသုံးပေးသင့်ပါသည်။   ။

ပေါက်ပေါက်