တပ်မတော်နှင့် ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ မွေးထုတ်ပေး လိုက်သော တာဝန်ရှိသူနှင့် သူနာပြုဆေးစစ်သည်များ၏ စကားသံများ

တပ်မတော်နှင့် ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ မွေးထုတ်ပေး လိုက်သော တာဝန်ရှိသူနှင့် သူနာပြုဆေးစစ်သည်များ၏ စကားသံများ

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ရန် အဓိကအရေးကြီးလှပေသည်။ ကျန်းမာမှသာ လုပ်ငန်းကိစ္စအ၀၀ကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

တပ်မတော်နှင့်ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သူနာပြုများ၊ ဆေးဘက်ပညာသည်များနှင့် ဆေးဝါးကျွမ်းကျင်သူများကို  တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ  နှစ်စဉ်မွေးထုတ် ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းဆင်းခဲ့သည့် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၆)မှ တာဝန်ရှိသူနှင့် သင်တန်းသား၊ သင်တန်းသူများ၏စကားသံများကို ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးကြီး မေခင်သိန်း(ပါမောက္ခချုပ်)

ဒီတက္ကသိုလ်ကို တပ်မတော်သူနာပြုတက္ကသိုလ်အမည်နဲ့ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိ နေရာကိုတော့ ၂၀၀၂ ခုနှစ်  ဇူလိုင်  ၂၇  ရက်မှာ တပ်မတော်ဆေးတက္ကသိုလ်ထံကနေ လွှဲပြောင်းရယူပြီး ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာတော့ သူနာပြုသိပ္ပံဘွဲ့သင်တန်းအပြင် ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့နဲ့ ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့သင်တန်းတွေတိုးချဲ့ဖွင့်လှစ်ပြီး တက္ကသိုလ်ရဲ့အမည်ကိုလည်း တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ဆိုပြီး  ပြောင်းလဲခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ရည်ရွယ်ချက်က ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ် သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့်သူနာပြုများ၊  ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန် ဖြစ်ပါတယ်။

သင်တန်းကာလကို လေးနှစ်သတ်မှတ် ထားပြီး စာပေပို့ချမှုပိုင်းအနေနဲ့ ပထမနှစ်ကတည်းက သင်တန်းသား၊ သင်တန်းသူတွေရဲ့ ဆန္ဒပြုချက်နဲ့   တက္ကသိုလ်ဝင်တန်းရမှတ်တွေပေါ်မူတည်ပြီး သူနာပြု၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာနည်းပညာသင်တန်းတွေခွဲခြားပြီး သက်ဆိုင်ရာအထူးပြုဘာသာရပ်တွေကို သင်ကြားပို့ချပေးပါတယ်။ ပထမနှစ်မှာ အထူးပြုဘာသာရပ်မခွဲသေးဘဲ အခြေခံသိပ္ပံ ဘာသာရပ်နဲ့ ဆေးပညာအထောက်အကူပြု ဘာသာရပ်တွေသင်ကြားပေးပါတယ်။ စာတွေ့၊ လက်တွေ့သင်ခန်းစာတွေကို ကျောင်းတွင်းမှာ သင်ကြားပေးပါတယ်။ ဆေးရုံလက်တွေ့ကွင်းဆင်း ဆောင်ရွက်တာတွေကိုလည်း ရန်ကုန်မြို့မှာရှိတဲ့ တပ်မတော် ဆေးရုံကြီးတွေမှာ အဓိကလေ့ကျင့်သင်ကြားပေးပါတယ်။ ဒါ့ပြင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဆေးရုံတွေ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတွေ၊  မသန်စွမ်းဆေးရုံတွေ၊ ဆေးဝါးစက်ရုံ၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံ (သမိုင်း)တို့မှာလည်း ပြင်ပလက်တွေ့သင်ခန်းစာတွေ သင်ကြားပေးလျက်ရှိပါတယ်။ ထူးချွန်စွာအောင်မြင်တဲ့သူတွေကို ပြည်တွင်းမှာ ရှိတဲ့ အရပ်ဘက်တက္ကသိုလ်တွေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ ဘွဲ့လွန်သင်တန်းတွေဖြစ်တဲ့ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့နဲ့ ဒီပလိုမာ သင်တန်းတွေကို  တက်ရောက်သင်ယူစေပါတယ်။   ဒီအချိန်ထိ   တက္ကသိုလ်ကမွေးထုတ်ပေးလိုက်တဲ့   သူနာပြု၊ ဆေးဝါးနဲ့ ဆေးဘက် ဆိုင်ရာ နည်းပညာကျွမ်းကျင်သူတွေက ဆေးဝန်ထမ်းတပ်ဖွဲ့မှာ  တာဝန်တွေ  ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။ ဒီနေ့ကျောင်းဆင်း လာတဲ့ သူနာပြု၊ ဆေးဝါးနဲ့ ဆေးဘက်ပညာသည်တွေက မကြာမီ မိမိတာဝန်ကျရာ ဒေသအသီးသီးကို သွားရောက် တာဝန်ထမ်း ဆောင်ရမှာဖြစ်လို့ ကျောင်းကသင်ကြားပေးလိုက်တဲ့ပညာရပ်တွေကို အသုံးချပြီး တပ်မတော်သားတွေ၊ မိသားစုဝင်တွေနဲ့   ပြည်သူ လူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အခုလို တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကနေ မွေးထုတ်ပေးလိုက်တဲ့ သူနာပြု၊ ဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေအနေနဲ့ နယ်ပယ်အသီးသီးမှာ ကျရာနေရာ ကနေ မိမိရဲ့တတ်စွမ်းတဲ့ပညာရပ်နဲ့ နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်အပေါ် တာဝန်ကျေပွန်တဲ့ အနာဂတ်ရဲ့ ဆေးဝန်ထမ်း တပ်မတော်သားကောင်းတွေဖြစ်အောင် ကြိုးစားကြပါလို့ မှာချင်ပါတယ်။ သင်တန်းသား၊ သင်တန်းသူတွေကို စစ်စည်းကမ်း ကောင်းမွန်မှုရှိအောင်   ဦးစွာလေ့ကျင့်သင်ကြား ပေးပါတယ်။ ဘာလို့လဲဆိုတော့ စစ်စည်းကမ်းက တပ်မတော်ရဲ့ ကျောရိုးဖြစ်တဲ့ အတွက် အဲဒါကို  ဦးစွာလေ့ကျင့် သင်ကြားပေးတာဖြစ်ပါတယ်။ ပြီးမှ  စည်းလုံးညီညွတ်ဖို့အတွက်  အဖွဲ့လိုက်လုပ်ဆောင်ရတဲ့  စစ်ပညာ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ စစ်ပညာဘာသာရပ်တွေ  လက်တွေ့လုပ်ဆောင်တဲ့အခါမှာ တစ်ဦးတစ်ယောက် ကောင်းရုံမရဘဲ အဖွဲ့လိုက်စည်းလုံးညီညွတ်မှုရှိမှ အောင်မြင်မှာဖြစ်ပါတယ်။ သင်တန်းသားတွေကို  အကောင်းဆုံးသင်တန်းသားဆု၊ လေ့ကျင့်ရေးထူးချွန်ဆု၊ စာပေထူးချွန်ဆုတွေ ချီးမြှင့်သလို သင်တန်းသူတွေကိုလည်း အကောင်းဆုံးသင်တန်းသူဆု၊ လေ့ကျင့်ရေး ထူးချွန်ဆု၊  စာပေထူးချွန်ဆုတွေ ချီးမြှင့်ပေးပါတယ်။ မိမိတို့သင်ကြားပေးခဲ့တဲ့သူတွေ အခုလိုအောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့မှု အပေါ်  ဝမ်းသာပါတယ်။     ဘာလို့လဲဆိုတော့ ကျွန်မတို့သင်ကြားပေးလိုက်တဲ့    သင်တန်းသား၊ သင်တန်းသူတွေက  အခုချိန်ကစပြီး  နိုင်ငံတော်အတွက် တာဝန်တွေထမ်းဆောင်ရတော့မှာဖြစ်တဲ့အတွက် သင်တန်းမှာတာဝန်ရှိသူ တစ်ဦးအနေနဲ့ရော   ဆရာတစ် ယောက် အနေနဲ့ပါ ပီတိဖြစ်မိပါတယ်။

မင်းကိုကိုခန့်

(အကောင်းဆုံးသင်တန်းသားဆု)

 ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ကပါ။ သင်တန်းမှာ အကောင်း ဆုံးသင်တန်းသားဆုရရှိပါတယ်။ အဖေက တော့ ကွယ်လွန်သွားပါပြီ။ အမေကတော့ ဈေးရောင်းပါတယ်။ ဒီသင်တန်းကို ကျွန်တော်ကလည်း ဝါသနာပါတယ်။ အမေကလည်း ခွင့်ပြုလို့ တက်ဖြစ်တာပါ။ ဒီသင်တန်းတက်ဖို့  အမေက အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုးကူညီပေးပါတယ်။ အရပ်သားဘဝကနေ တပ်မတော်သားဘဝကို ကူးပြောင်းတာဖြစ်လို့ အခက်အခဲတော့ရှိပါတယ်။ သင်တန်းမှာ စီနီယာအစ်ကိုတွေရဲ့ သင်ပြမှုကို လိုက်နာပြီးကြိုးစားနေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နေသားကျသွားခဲ့ပါတယ်။ နည်းပြဆရာတွေက ပထမနှစ်မှာ အဖွဲ့အဆင့်၊ ဒုတိယနှစ်မှာ တပ်စိတ်အဆင့်၊ တတိယနှစ်မှာ တပ်စုတပ်ကြပ်ကြီးအဆင့်၊ စတုတ္ထနှစ်မှာ တပ်စုမှူးအဆင့်အထိ  အကောင်းဆုံး သင်ကြားပြသပေးပါတယ်။ ဝေးလံတဲ့ဒေသတွေကို  သွားရောက်ဆေးကုသမှုပေးနေတဲ့   နယ်လှည့်ဆေးကုအဖွဲ့နဲ့လိုက်ပြီး ကျွန်တော် တတ်စွမ်းတဲ့ ဆေးပညာနဲ့ ပြည်သူလူထုအပေါ် အကျိုးပြုသွားပါမယ်။ ကျွန်တော့်ရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ သူနာပြုကောင်း တစ်ယောက်အဖြစ်နဲ့  တိုင်းပြည်နဲ့ လူမျိုးအပေါ် ကျွန်တော်တတ်စွမ်းသမျှ အကျိုးပြုသွားပါမယ်။   အခုတက်ရောက်နေတဲ့ ညီငယ်၊ ညီမငယ်လေးတွေကို ဆက်လက်ကြိုးစားကြပါ။ စာပေပညာရော  စစ်ပညာပါ မပေါ့မလျော့ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

ကျော်တိုး

(လေ့ကျင့်ရေးထူးချွန်ဆု)

ကျွန်တော်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ကနေ သင်တန်းလာတက်တာပါ။ မိဘနှစ်ပါးစလုံးကတော့ ဝန်ထမ်းတွေပါပဲ။  မောင်နှမနှစ်ယောက်ရှိပါတယ်။ နိုင်ငံတော်နဲ့ လူမျိုးအတွက်၊ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သား တွေအတွက် ကူညီပြုစုကုသပေးနိုင်ဖို့ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို ရွေးချယ်တက်ရောက်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းကို နေရပ်ဒေသပေါင်းစုံကနေ လာတက်ကြတဲ့သူတွေလည်းဖြစ်တော့ လေ့ကျင့်ရေး  လုပ်ဆောင်ကြတဲ့အခါမှာ  အားလုံး စည်းစည်းလုံးလုံးတိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ ပထမနှစ်မှာ သိပ္ပံဘာသာရပ်တွေအပြင် ကွန်ပျူတာဘာသာရပ်တွေ ပါသင်ရပါတယ်။ ကျွန်တော်ကတော့ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဘာသာရပ်ကို အဓိကသင်ကြားရတာဖြစ်လို့ ဒုတိယနှစ် ကနေစပြီး  အခုသင်တန်းဆင်းကာလတွေအထိ  ကိုယ့်မေဂျာနဲ့ပတ်သက်တာတွေ  သင်ကြားရပါတယ်။   စာတွေ့အပြင် လက်တွေ့ အနေနဲ့ ဆေးရုံပြင်ပလက်တွေ့ လေ့လာရေးတွေလည်း တစ်ပတ်တစ်ကြိမ်ဆင်းရပါတယ်။ သင်တန်းလေးနှစ်တာကာလအတွင်း သေနတ်ပစ်၊ ၃ မိုင်၊ ၅ မိုင်ပြေးနဲ့ မီတာ ၁၀၀ ပြေးတာတွေမှာလည်း ပထမဆုရပါတယ်။ အခုလေးနှစ်တာ သင်တန်းပြီးဆုံး သွားတဲ့အခါမှာတော့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးလေ့ကျင့်ရေးထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ ရှေ့ဆက်ပြီး တပ်မတော်နဲ့ဆိုင်တဲ့ စစ်ပညာပိုင်းတွေအပြင် ဆေးပညာရပ်တွေကိုလည်း လိုအပ်တဲ့နေရာတွေမှာ အစွမ်းကုန် ကြိုးစားသင်ယူဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

ဟိန်းသက်စိုး

(စာပေထူးချွန်ဆု)

ကျွန်တော်က ဟိန်းသက်စိုးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကနေလာတက်တာပါ။ ဒီသင်တန်းမှာ  စာပေထူးချွန်ဆု ရရှိခဲ့ပါတယ်။ ကျွန်တော့်အဖေကတော့ ကွယ်လွန်သွားပါပြီ။ အမေကတော့ လက်ရှိမှာ ဈေးရောင်းပါတယ်။ ကျွန်တော် ငယ်စဉ်က တည်းက ဆေးပညာကို စိတ်ဝင်စားတယ်။ စစ်ပညာကိုလည်း  စိတ်ဝင်စားတယ်။ ဒါကြောင့် တက်ဖြစ်တာပါ။ ဒီဆုရခဲ့ တာက   ကျွန်တော် အကောင်းဆုံး ကြိုးစားလို့ရရှိခဲ့တာပါ။ ကြိုးစားတဲ့သူတိုင်း အတွက် အောင်မြင်မှုဆိုတာရှိနေမှာပါ။ ဒီဆုရဖို့အတွက် အများကြီးကြိုးစားခဲ့ရပါတယ်။ နောက်ပြီး နားမလည်တဲ့သင်ခန်းစာ တွေကို ဆရာ၊ ဆရာမတွေကို သေချာပြန် မေးတယ်။ အဆောင်မှာဆိုရင်လည်း သူငယ် ချင်းတွေ ဆွေးနွေးတိုင်ပင်တယ်။ ကျွန်တော် တို့အနေနဲ့ မိဘတွေနဲ့ခွဲခွာပြီးကတည်းက သင်တန်းမှာ  နည်းပြတွေနဲ့နေရတာပါ။ နည်းပြတွေလက်အောက်မှာ သားသမီးတွေ လိုနေရပါတယ်။ နည်းပြတွေက စေတနာ မေတ္တာအပြည့် ထားပြီး ကျွန်တော်တို့အပေါ် အကောင်းမွန်ဆုံး သင်ကြားပြသပေးပြီး ဆုံးမပေးပါတယ်။ ကျွန်တော်တို့က စာပေပညာရော  စစ်ပညာပါ နှစ်ခုစလုံး ကြိုးစားသင်ယူခဲ့ရတယ်။ အခက်အခဲတွေကို စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်ထားပြီး အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းခဲ့ ပါတယ်။   ဒီကျောင်းမှာတက်နေတဲ့  ညီငယ်၊  ညီမငယ်တွေကို     ပြောချင်တာကတော့  အကောင်းဆုံးကြိုးစားပါ။  မလျှော့တဲ့ဇွဲလုံ့လ တွေနဲ့ကြိုးစားကြပါလို့  ပြောချင်ပါတယ်။  ကျွန်တော့်အနေနဲ့  မိမိတတ်ထားတဲ့ပညာရပ်တွေနဲ့ တပ်မတော်သားမိသားစုဝင်တွေ၊  ပြည်သူ လူထုအတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးသွားပါမယ်။ အနာဂတ်မှာ ကောင်းမွန်တဲ့ စစ်သည် တစ်ယောက်ဖြစ်အောင်ကြိုးစားသွားပါမယ်။

သဉ္ဇာထွေး

(အကောင်းဆုံးသင်တန်းသူဆု)

ကျွန်မက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကနေ ဒီသင်တန်းကို လာရောက်တက်ဖြစ်တာပါ။ ကျွန်မအနေနဲ့ TV မှာလာတဲ့ တပ်မတော် ဇာတ်လမ်းတွဲတွေ ကြည့်ဖူးပါတယ်။ အဲဒီမှာ ဒဏ်ရာရတဲ့ တပ်မတော်သားတွေတွေ့ရင် ကိုယ့်အသက်ကိုတောင်စွန့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးစားဆောင်ရွက်ကြရတာပါလားဆိုပြီး လေးစားမိပါတယ်။ အဲဒီအတွက် သူတို့ကို ကျန်းမာရေးကောင်းအောင် ကောင်းမွန်တဲ့ ဆေးဝါးတွေနဲ့ ပြုစုကုသပေးချင်တယ်။ ပြီးတော့ တပ်မတော်နေ့ရောက်လာပြီဆိုရင် စစ်ကြောင်းတွေစုပေါင်းပြီး ချီတက်လာတာကို TV  မှာကြည့်ရတဲ့အခါ  အရမ်းအားကျမိပြီး တပ်မတော်သားတစ်ယောက်ဖြစ်ချင်ခဲ့တယ်။  ဒဏ်ရာရတပ်မတော် သားတွေကိုလည်း ပြုစုကုသပေးနိုင်တယ်ဆိုတဲ့ ရည်မှန်းချက်တွေပြည့်အောင် စစ်သူနာပြုပညာရပ်တွေသင်ကြားနိုင်ဖို့ ဒီသင်တန်းကို တက်ရောက်ဖြစ်ခဲ့တာပါ။  အရပ်သားဘဝကနေ စစ်သင်တန်း  တက်ရောက်ရတဲ့အတွက် အခက်အခဲတွေရှိပါတယ်။    သင်တန်း ကာလမှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။ ဒါပေမဲ့ သင်တန်းမှာ အချင်းချင်းဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါတယ်။ သင်တန်းက စီနီယာတွေကလည်း ကူညီပေးတယ်။ ပထမနှစ်မှာ နည်းပြတွေရဲ့သင်ကြားမှုတွေကို သေချာလိုက်ပါ လုပ်ဆောင်ခဲ့ပါ တယ်။   စစ်ရေးပြတွေ၊    ဗျူဟာတွေ၊ လက်နက်ငယ်တွေ၊ ကြံ့ခိုင်ရေး စတဲ့လေ့ကျင့်ရေးဘာသာရပ်တွေကိုလည်း  အမှားအနည်းဆုံး ဖြစ်အောင် သင်ယူခဲ့ပါတယ်။  ပထမနှစ်ကနေ   စတုတ္ထနှစ်အထိ   ဆေးပညာနဲ့    စာပေသင်ကြားမှုတွေမှာလည်း သေသေချာချာ လေ့လာခဲ့ပါတယ်။ ဒီသင်တန်းမှာ ကျွန်မရဲ့အဓိကမေဂျာဖြစ်တဲ့ သူနာပြုဘာသာရပ်ကို အကြိုက်ဆုံးပါ။ ကျောင်းကချမှတ်ထားတဲ့  စည်းမျဉ်း စည်းကမ်းတွေ၊  ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဆောင်ရွက်ခဲ့လို့လည်း အကောင်းဆုံး သင်တန်းသူဆုရရှိတာ ဖြစ်တယ်လို့   မှတ်ယူပါတယ်။ အခု   သင်တန်းဆင်းလာပြီဆိုတော့ ရှေ့ဆက်ပြီး ကျွန်မတို့ကျောင်းရဲ့ ရည်ရွယ်ချက်အတိုင်း   ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မယ်။ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ စစ်သူနာပြုကောင်း တစ်ယောက်ဖြစ်အောင်  ကြိုးစားသွားပါမယ်။ အခုသင်တန်းမှာတက်ရောက်နေတဲ့ ဂျူနီယာတွေ၊ အသစ်ဝင်ရောက်လာမယ့်  သင်တန်းသားညီအစ်မတွေနဲ့ မောင်ငယ်တွေကို ကြိုးစားရင် ဘယ်အရာမဆိုဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်။

အေးအေးမျိုး

(လေ့ကျင့်ရေးထူးချွန်ဆု)

ကျွန်မက ကချင်ပြည်နယ် ဖားကန့်မြို့နယ်က လာရောက်သင်တန်းတက်ဖြစ်တာပါ။  အဖေနဲ့အမေက  အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်ပါတယ်။ ကျွန်မအနေနဲ့ တပ်မတော်သားတွေရဲ့ဘဝကို စာနာမိသလို ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသပေး ချင်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အချိန်မှာ ဒီကျောင်းကို စုံစမ်းပြီးတက်ဖြစ်ခဲ့တာပါ။ ကချင်ပြည်နယ်ဘက် ကလူတွေက ဒီလိုကျောင်းတွေရှိတယ်ဆိုတာ သိပ်မသိကြဘူး။ ကျွန်မအနေနဲ့ တက်ရတဲ့ကျောင်းက တပ်မတော်သင်တန်း ကျောင်းဖြစ်သလို ဆေးပညာရပ်တွေနဲ့ဆိုင်တဲ့ ကျောင်းဖြစ်တဲ့အတွက် အချိန်ကို သေသေချာချာစီမံ အသုံးချရပါတယ်။ ကိုယ်ပိုင် အချိန်တွေကို မျှတအောင်ထိန်းပြီး ဆောင်ရွက်ရပါတယ်။ ဒီမှာက နိုင်ငံတစ်ဝန်းက သင်တန်းလာတက်တဲ့သူငယ်ချင်းတွေ    အများကြီး ရှိတယ်။  ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံပြီး  သင်တန်းကာလကို  ဖြတ်သန်းရပါတယ်။ ဒုတိယနှစ်ကနေ မေဂျာတွေခွဲပြီး ဆေးပညာနဲ့ဆိုင်တဲ့စာပေတွေကို   နှစ်အလိုက်တိုးပြီး သင်ယူရပါတယ်။ ကျွန်မက ခန္ဓာသန်စွမ်းမှုနည်းပညာမေဂျာအဓိကဆိုတော့ လူတွေရဲ့ကိုယ်ခန္ဓာ ဘယ်လိုသန်စွမ်းအောင်လုပ်ပေးရမယ်ဆိုတဲ့ စာပေတွေကို စာတွေ့လက်တွေ့သင်ကြားရပါတယ်။ သင်တန်းက စီနီယာအစ်မတွေရဲ့နေထိုင်ပုံ၊ အချိန်ကို အကျိုးရှိရှိအသုံးချပုံ၊ လေ့ကျင့်ပုံတွေကိုလည်း လေ့လာမေးမြန်းအတုယူပြီး ကြိုးစားခဲ့ ပါတယ်။  အဲဒီအတွက်  လေးနှစ်တာသင်တန်းပြီးဆုံးတဲ့အချိန်မှာ လေ့ကျင့်ရေးထူးချွန်ဆုရရှိခဲ့ပါတယ်။ တပ်မတော်သားတွေရော တိုင်းရင်းသား ပြည်သူတွေကိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးချင်ပါတယ်။ ပြီးတော့ ကိုယ်တတ်မြောက်ထားတဲ့ဆေးပညာကို ဒီထက်ပိုပြီး အဆင့်မြင့်မြင့် ကျွမ်းကျင်သူဖြစ်အောင် ကြိုးစားသွားမယ်လို့ မျှော်မှန်းထားပါတယ်။

ဇွန်ဖူးငုံ

(စာပေထူးချွန်ဆု)

ကျွန်မကတော့  ဇွန်ဖူးငုံဖြစ်ပါတယ်။ ရရှိတဲ့ဆုက  စာပေထူးချွန်ဆုဖြစ်ပါတယ်။ အဖေကလည်း စစ်မှုထမ်းတစ်ဦးဖြစ်တဲ့အတွက်   တပ်မတော်သားတွေရဲ့ဘဝကို   မြင်တွေ့ခွင့်ရပါတယ်။   တပ်မတော်သားတွေက  အသက်ကိုပဓာနမထားဘဲ  တိုင်းပြည်အတွက် အသက်စွန့်ကြိုးစားကြတယ်။ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရကြတယ်။ ဒါကြောင့် သူတို့ကို ဆေးကုသပေးချင်တဲ့   ရည်ရွယ်ချက်နဲ့ တပ်မတော်ထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။  ဒီသင်တန်းမှာ  ဆုရတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ လေးနှစ်တာကာလသင်တန်းဖြစ်တဲ့အတွက် First Year ကနေစပြီး Final Year အထိ ဆက်တိုက်ကြိုးစားခဲ့ပါတယ်။ ကျောင်းကသင်ကြားပေးတဲ့ သင်ခန်းစာတွေကိုလည်း တစ်နေ့စာတစ်နေ့  ဖတ်ရှုလေ့လာခဲ့ တယ်။ အချိန်မအားရင် ကိုယ်ပိုင်အချိန်ထဲက ဖတ်ရှုလေ့လာပါတယ်။  ကိုယ်နားမလည်တဲ့ သင်ခန်းစာတွေကိုလည်း စီနီယာအစ်ကို၊ အစ်မတွေ၊ ဆရာ၊ ဆရာမတွေကို သေချာမေးပြီး နားလည်အောင် ကြိုးစားတယ်။ စစ်ပညာရော၊ စာပေပညာပါ နှစ်ခုစလုံး သင်ကြားရတယ်။ သင်တန်းမှာ ပင်ပန်းတဲ့အတွက် အားနည်းသွားတဲ့အပိုင်းတွေလည်းရှိပါတယ်။ ဒါတွေကို နည်းပြတွေက စာကျက် ချိန်မှာ စာကျက်၊ စားချိန်မှာစား၊ အိပ်ချိန်မှာအိပ်ဖို့ သေချာကြပ်မတ်သင်ကြားပေးပါတယ်။ အခုရတဲ့ဆုနဲ့ရပ်တန့်မနေဘဲ တစ်ဆင့်ပြီး တစ်ဆင့် မြင့်မားတဲ့အသိပညာ၊ အတတ်ပညာတွေကို တတ်စွမ်းသရွေ့လေ့လာသင်ယူပြီး နိုင်ငံတော်နဲ့တပ်မတော်က အားကိုးရတဲ့  စစ်သူနာပြုကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်သွားမှာပါ။ စစ်သူနာပြုဆိုတာ ဘယ်သူ့ကိုမဆို တန်းတူ ကုသပေး ရတယ်။ ဒါကြောင့် ဆေးပညာကို ဝါသနာပါတဲ့သူတွေ ဒီကျောင်းကို လာရောက်တက်ကြပါလို့ ဖိတ်ခေါ်ပါတယ်။

ရန်ကင်း