ဖန်သားပြင်ကိုသာလျက်လိုက်ပါ အစားအသောက်အရသာကိုရရှိမှာ

ဖန်သားပြင်ကိုသာလျက်လိုက်ပါ အစားအသောက်အရသာကိုရရှိမှာ

အွန်လိုင်းအသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ လူတချို့မှာလည်း အလေ့အကျင့် တစ်ခုစွဲကပ်လာပါတယ်။ အဲဒီအလေ့အကျင့် ကတော့ အစားအသောက်တွေကိုမစားမီ  အင်တာနက်ပေါ်တင်ခြင်းဖြစ်ပါတယ်။

ဒီလိုအင်တာနက်ပေါ်တင်ရာမှာလည်း ပုံနဲ့တွဲဖက်ရေးသားလေ့ရှိတဲ့ စာသားက “စားပါဦး” တို့၊ “အရသာရှိလိုက်တာ” တို့ စသည်ဖြင့် ဖြစ်ပါတယ်။ တစ်ဖက်က အဲဒီဓာတ်ပုံတွေကိုကြည့်သူ တွေကလည်း “ငါတို့က စခရင်ကိုလျှာနဲ့ လျက်ရမှာလား” ဆိုတဲ့ပြောဆိုမှုမျိုး တွေနဲ့ တုံ့ပြန်လေ့ရှိပါတယ်။

အခုတော့ စခရင်ကိုလျှာနဲ့လျက်ရုံနဲ့ အစားအသောက်တွေရဲ့အရသာကို ခံစား နိုင်တော့မှာပါ။ ဒါဟာ နည်းပညာရဲ့ကျေးဇူး ကြောင့်ပါပဲ။

ဂျပန်ပါမောက္ခတစ်ဦးက လျှာနဲ့လျက် လိုက်ရင် အရသာကိုရရှိစေနိုင်မယ့် တီဗွီဖန်သားပြင်တစ်မျိုးကို တီထွင်ဖန်တီးခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါဖြစ်နေစဉ် ကာလမှာ အိမ်ထဲကနေအိမ်အပြင်မထွက်ဘဲ ကိုယ်စားချင်တဲ့အရာတွေရဲ့ အရသာကို ခံစားနိုင်စေဖို့ အတွက် ဒီလိုဖန်တီးနိုင်မှုက အရေးကြီးတဲ့အဆင့်တစ်ဆင့်ဖြစ်နေပါတယ်။

တီဗွီကိုမြည်းကြည့်ပါလို့ အဓိပ္ပာယ်ရတဲ့ နာမည်ပေးထားတဲ့ အဲဒီဖန်သားပြင်ဟာ သီးခြားသတ်မှတ်ထားတဲ့ အစားအသောက် ရဲ့အရသာကိုဖန်တီးဖို့ အရသာမှုန့်ပါဘူး ၁၀ ဘူးနဲ့ဖျန်းပေးနေမှာဖြစ်ပါတယ်။ အဲဒီတီဗွီဖန်သားပြင်ကို တီထွင်ဖန်တီးသူကတော့ မေဂျီတက္ကသိုလ်မှပါမောက္ခဟိုမေ မီယာရှီတာဖြစ်ပြီး သူ့ရဲ့အန္တိမရည်မှန်းချက်က လူတွေအနေနဲ့ ကိုယ့်အိမ်မှာပဲကိုယ်နေ သည့်တိုင်   ကမ္ဘာရဲ့တခြားဘက်မှာရှိတဲ့ စားသောက်ဆိုင်ကနေ ကိုယ်စားချင်တဲ့အစားအသောက်ရဲ့အရသာကို စားသောက်ဆိုင်မှာ ထိုင်စားနေ သလိုမျိုး အတွေ့အကြုံကိုရ ရှိစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မီယာရှီတာနဲ့ကျောင်းသားအယောက် ၃၀ ဟာ အရသာမှုန့်နဲ့ပတ်သက်တဲ့ ပစ္စည်း အမျိုးမျိုးကိုလည်း ဖန်တီးထားနိုင်ခဲ့ပါတယ်။ အလားတူ အစားအသောက်တွေကိုအရသာပိုရှိစေမယ့် ခက်ရင်းတစ်မျိုးကိုလည်း ဖန်တီးနေပါတယ်။ အခု လျှာနဲ့လျက်နိုင်တဲ့ တီဗွီ ဖန်သားပြင် ဆိုရင်လည်း လူသားရဲ့လျှာနဲ့ထိတွေ့လိုက် တဲ့အခါ အစားအသောက်နဲ့ပတ်သက်တဲ့ အရသာအာရုံခံစားမှုတွေကို  ပြန်လည် ဖန်တီးပေးနိုင်ပါလိမ့်မယ်။

လက်ရှိအချိန်မှာတော့ ရှေ့ပြေးပုံစံသာရှိ နေသေးတဲ့ အဲဒီတီဗွီဖန်သားပြင်ကို ပါမောက္ခမီယာရှီတာကိုယ်တိုင် ပြီးခဲ့တဲ့နှစ် ကတည်းက ဖန်တီးခဲ့တာဖြစ်ပြီး ရောင်းချဖို့အထိထုတ်လုပ်မယ်ဆိုရင်တော့ သူ့အနေနဲ့တီဗွီဖန်သားပြင်တစ်ခုကို အကြမ်းဖျင်း ယန်းတစ်သိန်းအထိ ကျသင့်မယ်လို့ဆိုပါတယ်။ အခုရှေ့ပြေးပုံစံကို ကျောင်းသူတစ်ဦး ဖြစ်တဲ့ ယူကီဟိုကသတင်းထောက်တွေ အတွက် သရုပ်ပြသ ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုသရုပ်ပြသပေးရာမှာ သူ့အနေနဲ့ ချော ကလက်စားချင်တယ်လို့ တီဗွီဖန်သားပြင်ကို အသိပေးလိုက်တဲ့အခါ အရသာမှုန့်ဘူး တွေက ပလတ်စတစ်အခင်းတစ်ခုပေါ်မှာ အရသာမှုန့်တွေကိုဖျန်းပေးလိုက်ပါတယ်။

အဲဒီအခင်းပေါ်ကအရသာမှုန့်တွေကို လျှာနဲ့လျက်ကြည့်ပြီးအရသာခံရာမှာတော့ တကယ့်ကို   နို့ချောကလက်အရသာရရှိ တယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် လျှာနဲ့လျက်ပြီးအရသာခံနိုင်တဲ့ တီဗွီဖန်သားပြင်ဟာ မည်သည့်ညစ်ပေရှုပ်ပွမှုမျှမရှိဘဲ ရေခဲမုန့် အရသာကို ပေးစွမ်းနိုင် သည်သာမက အဖျော်ဆရာတွေ၊ စားဖိုမှူး တွေကိုလည်း အဝေးကနေသင်ကြားပြသမှုတွေ ပေးစွမ်း နိုင်ဦးမှာပါ။

အခုလက်ရှိမှာတော့ ပါမောက္ခမီယာရှီတာဟာ သူ့ရဲ့နည်းပညာကိုကုမ္ပဏီတွေအနေနဲ့ မူပိုင်ခွင့်ရယူအသုံးပြုကာ တခြားသော အရာများ ထုတ်လုပ်နိုင်စေဖို့ ဆွေးနွေးမှုတွေလုပ်နေဆဲဖြစ်ပါတယ်။

ကိုထက်