ယခုလအတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း ၁၄ ပွဲအထိရွှေ့ဆိုင်းခဲ့ရပြီး ပရိသတ်များကို ဝင်ခွင့်ပြန်လည်ကန့်သတ်ဖွယ်ရှိနေ

ယခုလအတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း ၁၄ ပွဲအထိရွှေ့ဆိုင်းခဲ့ရပြီး ပရိသတ်များကို ဝင်ခွင့်ပြန်လည်ကန့်သတ်ဖွယ်ရှိနေ

လန်ဒန်၊ ဘောလုံး

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၉)အဖြစ် ကစားသည့် လိဒ်အသင်းနှင့် အက်စ်တွန်ဗီလာအသင်းတို့ပွဲစဉ်ကို ရွှေ့ဆိုင်းပြီးနောက်   ယခုလ အတွင်း ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ပွဲအထိ ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၂ ခုနှစ်   ဇန်နဝါရီလမှစ၍   ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပရိသတ်များ   ဝင်ရောက် ကြည့်ရှုခွင့်ကို  ပြန်လည်ကန့်သတ်ဖွယ်ရှိနေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌   ယခုလဆန်းပိုင်းမှစ၍ စပါးအသင်းမှ အသင်းနည်းပြအဖွဲ့၊ ဝန်ထမ်းများနှင့်ကစားသမားများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများဖြစ်ပွားလာပြီးနောက် လက်ရှိတွင်  ပြိုင်ပွဲဝင် အသင်းအားလုံးနီးပါးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိနေပြီး  ဒီဇင်ဘာ ၁၂  ရက်က  ကစားရမည့် ဘရိုက်တန်အသင်းနှင့် စပါးအသင်းတို့ပွဲစဉ်မှစ၍  နောက်ဆုံး  လိဒ်အသင်းနှင့် အက်စ်တွန်ဗီလာ အသင်းတို့ပွဲစဉ်အထိ   စုစုပေါင်း ၁၄ ပွဲအထိ ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများနှင့်  ပြိုင်ပွဲကို  နှစ်ပတ်ရပ်နားရန်နှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့သော်လည်း ပြိုင်ပွဲကို ရပ်နားမည်မဟုတ်ဘဲ ပြိုင်ပွဲဝင် ကစားသမား ၁၄ ဦးရှိလျှင် မူလသတ်မှတ်ထားသည့်အတိုင်း ကျင်းပရမည်ဟုအတည်ပြုခဲ့သည်။

သို့သော် အဆိုပါအစည်းအဝေးအပြီးတွင်လည်း ရောဂါကူးစက်မှုများ ဆက်လက်မြင့်တက်နေပြီး ပြိုင်ပွဲဝင်အသင်းတချို့၌ လူစား လဲရန်ပင် ကစားသမား မရှိသည့်အခြေအနေများကြောင့်   ပွဲစဉ်လေးပွဲအထိ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ဗြိတိန်အစိုးရက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ နိုင်ငံအတွင်းရှိ အားကစားပြိုင်ပွဲများကို ရပ်ဆိုင်းရန် ညွှန်ကြား မည်မဟုတ်သော်လည်း ပရိသတ်ဝင်ခွင့်ကိုကန့်သတ်ပြီး  ရောဂါထိန်းချုပ်မှုလုပ်ငန်းများ လုပ်ဆောင်လာဖွယ်ရှိကြောင်း သိရသည်။ 

Ref;Sky Sports