ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား(၄)ဦးတွင် အိုမီခရွန်ရောဂါပိုး တွေ့ရှိ

SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး

တွေ့ရှိရမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၂၈-၁၂-၂ဝ၂၁)ရက်နေ့

၁။      ကျန်းမာရေးဝန်ကြီးဌာနသည် ''ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း'' များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ 

၂။      အဆိုပါလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့် ပြန်လည် ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာများအား ဆေးသုတေသန ဦးစီးဌာန၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ တပ်မတော် ဆေးသုတေသန ဌာနတို့မှ ဓာတ်ခွဲခန်းများအပြင် ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရည်ညွှန်း ဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍ Omicron Real Time PCR Testing နည်းဖြင့် လည်းကောင်း၊  Genomic Sequencing Testing  ဖြင့်လည်းကောင်း စစ်ဆေးစေခဲ့ပါသည်။

၃။      ထိုသို့စစ်ဆေးရာတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသော ဓာတ်ခွဲနမူနာ (၃ဝ)ခုအား (၁၄-၁၂-၂ဝ၂၁)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စတင်စစ်ဆေးခြင်းအား ဆက်လက် ဆောင်ရွက်ခဲ့ပါ သည်။ (၂၈-၁၂-၂ဝ၂၁)ရက်နေ့တွင်ရရှိသော စစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ  Relief Flight ဖြင့် ပြန်လည် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ(၂၆)ခုတွင် SARS-CoV-2 Variant Delta ရောဂါပိုး တွေ့ရှိရပါသည်။

၄။      အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ (၄)ဦးအနက် (၁)ဦး သာလျှင် သာမန်ရောဂါ လက္ခဏာတွေ့ရှိရပြီး ကျန်(၃)ဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရပါ။    ယင်းပုဂ္ဂိုလ်(၄)ဦး စလုံးအား ကုသရေးစင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့် မြောက်ပြီး ကျန်းမာရေး ကောင်းမွန်သောကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း အဆိုပါ ပုဂ္ဂိုလ်(၄)ဦးသည် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

၅။      သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန