အင်ဒိုနီးရှားက ကိုဗစ်ရောဂါ သောက်ဆေး နှစ်မျိုးရရှိမည်

အင်ဒိုနီးရှားက ကိုဗစ်ရောဂါ သောက်ဆေး နှစ်မျိုးရရှိမည်

အင်ဒိုနီးရှားနိုင်ငံသည်  အိုမီခရွန်ဗီဇ ပြောင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ် ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းချက်တစ်ရပ် အနေဖြင့်  ဖိုင်ဇာနှင့်မာ့(ခ်)တို့မှထုတ်လုပ် သည့် ကိုဗစ်-၁၉ ရောဂါသောက်ဆေး နှစ်မျိုးကို လာမည့်လတွင်  ပထမဆုံးလက်ခံရရှိ မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဘူဒီဆာဒီကင်ကပြောသည်။

လာမည့်ဇန်နဝါရီလတွင် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမည့်  အဆိုပါကိုဗစ်-၁၉ ရောဂါသောက်ဆေးများကို အရေးပေါ်ဆေးဝါးအဖြစ်     အတည်ပြု ထောက်ခံပေးရန် အစိုးရက အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ကို တောင်းဆိုသည်။

အင်ဒိုနီးရှား နိုင်ငံ၌ ဒီဇင်ဘာ ၂၈ ရက် အထိ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ ၄၇ ဦးရှိပြီး နောက်ဆုံး တစ်ဦးသည် ပြည်တွင်း ကူးစက်မှုမှ ပထမ ဆုံးကူးစက်ခံရသူ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှု နောက်တစ်ကျော့အတွက် မျှော်မှန်းကာ ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးကပြောသည်။

လူဦးရေသန်း ၂၇ဝ ရှိပြီး  ကမ္ဘာတွင် လေးနိုင်ငံမြောက် လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးပြီးသူ ၁ဝ၇ သန်းနှင့် တစ်ကြိမ်သာ ထိုးရသေးသူ သန်း ၁၆ဝ ရှိကြောင်း သိရသည်။