ဘယ်နိုင်ငံတွေက ရေငုပ်သင်္ဘောတွေကို အများဆုံးပိုင်ဆိုင်ထားသလဲ

 

ရေမျက်နှာပြင်ပေါ်မှာထက်ဝက်ပေါ်ပြီးသော်လည်းကောင်း ရေအောက်မှာလုံးဝငုပ်လျှိုးပြီးသော် လည်းကောင်း သွားလာလှုပ်ရှားနိုင်တဲ့သင်္ဘောတွေကို ရေငုပ်သင်္ဘောတွေလို့ခေါ်ပါတယ်။ အဲဒီ ရေငုပ်သင်္ဘောတွေဟာ ကမ္ဘာပေါ်ရှိ ရေတပ်စစ်ဆင်ရေးတွေမှာမပါမဖြစ်အရေးပါလာပါပြီ။

ရေငုပ်သင်္ဘောတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတဲ့စစ်ပွဲတွေကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာပါပဲ။ ပထမကမ္ဘာစစ်အတွင်းမှာဆိုရင် ဂျာမနီတွေသုံးတဲ့  ယူဘုတ်ဆို တာ အင်မတန်မှကိုနာမည်ကြီးတဲ့ရေငုပ်သင်္ဘောတွေပါ။

ဒုတိယကမ္ဘာစစ်မှာတော့ အမေရိကန်ဟာ ရေငုပ်သင်္ဘောတွေအပေါ် အလွန်အမင်းမှီခိုပြီး စစ်ပွဲတွေကိုအောင်နိုင်ခဲ့ပါတယ်။ အမေရိကန်ဘက်က  ရေငုပ်သင်္ဘော၂၆၃ စင်းအသုံးပြုပြီး ရန်သူ့စစ်ရေယာဉ် ၁၃၁၄ စင်းကိုနှစ်မြှုပ်နိုင်ခဲ့ပါတယ်။ နှစ်မြှုပ်ခံလိုက်ရတဲ့စစ်ရေယာဉ်တွေထဲမှာ ဂျပန်ရေတပ်မှစစ်ရေယာဉ်  ၃၀  ရာခိုင်နှုန်းနဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာသွားလာနေတဲ့ ဂျပန်ကုန် တင်ရေယာဉ် ၅၅ ရာခိုင်နှုန်းလည်းပါဝင်ပါတယ်။

ယနေ့ခေတ်မှာတော့  ရေငုပ်သင်္ဘောအမျိုးအစားနှစ်မျိုးရှိပါတယ်။ အဲဒါတွေက ဒီဇယ်စွမ်းအင် သုံးသမား ရိုးကျရေငုပ်သင်္ဘောနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတို့ဖြစ်ပါတယ်။ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကိုပိုင်ဆိုင်ထားတာက အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ အိန္ဒိယနဲ့ ဗြိတိန်တို့သာဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ဘရာဇီးတို့က အခုမှစီစဉ်နေဆဲ ပါ။

ဒီတစ်ပတ်အတွက် စစ်လက်နက်နည်းပညာကဏ္ဍမှာတော့ ကမ္ဘာပေါ်မှာဘယ်နိုင်ငံတွေက  ရေငုပ်သင်္ဘောအများဆုံးပိုင်ဆိုင်ထားလဲ၊ အရေအတွက်ဘယ်လောက်ရှိလဲဆိုတာကို တင်ပြသွား မှာဖြစ်ပါတယ်။

မြောက်ကိုရီးယား

ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံတွေကသာရေငုပ်သင်္ဘောတွေကိုအများဆုံးပိုင်ဆိုင်ထားလိမ့်မယ်လို့  လူအများစုက တွေးထင်ကြမှာပါ။ တကယ်တမ်းတော့ အဲဒီလိုမဟုတ်ပါဘူး။ မြောက်ကို ရီးယားနိုင်ငံကသာ ရေငုပ်သင်္ဘောတွေကို အများဆုံးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်အများစုသုံးသပ်တာကတော့ မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘော အများစုဟာ ခေတ်မမီတော့ဘဲ  သံချေးတက်နေပြီလို့ဆိုပါတယ်။ လက်ရှိအချိန်အထိဆိုရင် လည်း မြောက်ကိုရီးယားမှာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းမှမရှိဘူးလို့ သိရပါတယ်။

သူ့ရဲ့ရေငုပ်သင်္ဘောအစင်းရေကတော့ ပျမ်းမျှအားဖြင့် ၈၃ စင်းလောက်ရှိမယ်လို့ ခန့်မှန်းရပါ တယ်။ အဲဒီထဲမှာ အီရန်နိုင်ငံကဒီဇိုင်းဆွဲထားတဲ့ ယိုနိုအမျိုးအစား၊ ဆိုဗီယက်ခေတ်က  ဝီစကီ အမျိုးအစား၊ တရုတ်နိုင်ငံရဲ့ ရိုမီယိုအမျိုးအစား ရေငုပ်သင်္ဘောတွေပါဝင်ပါတယ်။ မြောက်ကိုရီး ယားနိုင်ငံက ပြည်တွင်းဖြစ်ရေငုပ်သင်္ဘောတွေကိုလည်း  ထုတ်လုပ်ထားပါသေးတယ်။ အဲဒါက တော့ ဆန်းအိုအမျိုးအစားဖြစ်ပြီး အစင်းရေ ၄၀ လောက်ရှိပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၀၉ ခုနှစ်တုန်းက ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်တယ်လို့  ဆိုပါတယ်။ ဒါပေမဲ့ အဲဒါက ရေငုပ်သင်္ဘောကနေပဲ အမှန်တကယ် ပစ်လွှတ်တာလား၊ ရေအောက်ဒုံးပစ်လွှတ်စင်တစ်ခုခုကနေပဲ ပစ်လွှတ်တာလားဆိုတာတော့ အတိအကျမသိရပါဘူး။

တရုတ်

 

တရုတ်နိုင်ငံကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်ကို အချိန်တိုအတွင်းရောက်လာသည့်နည်း တူ  သူ့ရဲ့စစ်အင်အားကိုလည်း သိသိသာသာတိုးချဲ့လာပါတယ်။ အဲဒီထဲမှာ ရေငုပ်သင်္ဘောတွေ လည်းအပါအဝင်ဖြစ်ပါတယ်။ တရုတ်ရေတပ်ရဲ့ ရေငုပ်သင်္ဘောတပ်ဖွဲ့မှာ  ရေယာဉ်စုသုံးစု ပါဝင် ပါတယ်။  အဲဒါတွေကတော့ မြောက်ပင်လယ်ရေယာဉ်စု၊ အရှေ့ပင်လယ်ရေယာဉ်စုနဲ့ တောင်ပင် လယ်ရေယာဉ်စုတို့ပါပဲ။

အဲဒီရေငုပ်သင်္ဘောရေယာဉ်စုတွေမှာတော့ သမားရိုးကျဒီဇယ်စွမ်းအင်သုံးရေငုပ်သင်္ဘောနဲ့ နျူက လီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေ  နှစ်မျိုးစလုံးပါဝင်ပါတယ်။ အများစုကတော့ ဆိုဗီယက် ခေတ်ပုံစံတွေဖြစ်ပါတယ်။

ဒီဇယ်စွမ်းအင်သုံးရေငုပ်သင်္ဘောတွေထဲမှာ ပုံစံ-၃၉၊ ပုံစံ-၃၅ အပြင် ကီလိုအမျိုးအစား ရေငုပ် သင်္ဘောတွေပါဝင်ပါတယ်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကတော့ ရှန်းအမျိုး အစားပါ။ လက်ရှိမှာ တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ပူးပေါင်းပြီး မျိုးဆက်သစ်နည်းပညာမြင့် ရေငုပ်သင်္ဘောတည်ဆောက်ရေးအတွက် လုပ်ဆောင်နေပါတယ်။ အထူးသဖြင့်တော့ တွန်းကန် အားနည်းပညာနဲ့ လက်နက်စနစ်တွေကိုအဆင့်မြှင့်တင်တဲ့နေရာမှာပါ။ ဒီလိုသမားရိုးကျသာမက နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေပါ ပိုင်ဆိုင်ထားတဲ့ တရုတ်ရေတပ်မှာ ရေငုပ် သင်္ဘောအစင်းရေ ၇၄ စင်းရှိပါတယ်။

အမေရိကန်

 

ဒုတိယကမ္ဘာစစ်ကာလတုန်းက ရေငုပ်သင်္ဘောတွေကို ကောင်းကောင်းအသုံးချပြီး ရန်သူ့စစ်ရေ ယာဉ်တွေကိုနှစ်မြှုပ်ခဲ့တဲ့ အမေရိကန်ရေတပ်ဟာ လက်ရှိအချိန်မှာတော့ ရေငုပ်သင်္ဘော ၆၆ စင်း သာပိုင်ဆိုင်ပါတော့တယ်။ ဒါပေမဲ့ သူပိုင်ဆိုင်ထားတဲ့ ၆၆ စင်းစလုံးက နျူကလီးယားစွမ်းအင် သုံးချည်းပဲဖြစ်ပါတယ်။ အမေရိကန်ဟာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကို ၁၉၅၀ ပြည့်နှစ်အလွန်မှာ စတင်တီထွင်ခဲ့တာပါ။   သမားရိုးကျ ရေငုပ်သင်္ဘောတွေနဲ့နှိုင်းယှဉ်ရင် နျူက လီးယားရေငုပ်သင်္ဘောတွေမှာ အားသာချက်အများကြီးရှိပါတယ်။ အထင်ရှားဆုံးအားသာချက် ကတော့ ရေအောက်မှာအချိန်အလွန်ကြာအောင်နေနိုင်တာပါပဲ။ ဒါ့အပြင် သွားချင်တဲ့နေရာကို အကွာအဝေးကန့်သတ်ချက်မရှိ သွားနိုင်စေခြင်းဖြစ်ပါတယ်။

ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောက နော်တီလက်အမည်ရှိ ရေငုပ်သင်္ဘော ဖြစ်ပြီး ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်မှာ စစ်ဆင်ရေးတာဝန်များကို စတင်ထမ်းဆောင် ခဲ့တာပါ။ အဲဒီအချိန်တုန်းက နော်တီလက်ရဲ့ ခရီးသွားလာနိုင်မှုအကွာအဝေးက  အကန့်အသတ် မရှိပါဘူး။ ဒါပေမဲ့ နှစ်ပတ်တစ်ကြိမ် ရေပေါ်ပြန်တက်ရပါတယ်။

လက်ရှိ အမေရိကန်ရေတပ်က ပိုင်ဆိုင်ထားတဲ့ရေငုပ်သင်္ဘော ၆၆ စင်းမှာလော့အိန်ဂျလိ အမျိုး အစားတိုက်ခိုက်ရေးရေငုပ်သင်္ဘောက ၃၄ စင်း၊ အိုဟိုင်းယိုးအမျိုးအစား ဒုံးကျည်တင်ရေငုပ် သင်္ဘောက ၁၈ စင်း၊ ဆီးဝုအမျိုးအစား  တိုက်ခိုက်ရေးရေငုပ်သင်္ဘောသုံးစင်းနဲ့ ဗာဂျီးနီးယား အမျိုးအစား အမြန်သွားတိုက်ခိုက်ရေးရေငုပ်သင်္ဘောက ၁၁ စင်းတို့ဖြစ်ပါတယ်။

ရုရှား

 

ရုရှားဆိုတာကတော့ ဆိုဗီယက်ပြည်ထောင်စုအဖြစ်တည်ရှိစဉ် တစ်ချိန်တုန်းက ရေငုပ်သင်္ဘော နယ်ပယ်မှာ လွှမ်းမိုးမှုအရှိဆုံးပါ။  အခုထိလည်း  ဆိုဗီယက်ခေတ်ရေငုပ်သင်္ဘောတွေကို ကမ္ဘာ တစ်လွှားမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ တစ်ချိန်တုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ ပေမယ့် ယခုအချိန်မှာတော့ ရုရှားနိုင်ငံဟာရေငုပ်သင်္ဘော ၆၂ စင်းသာပိုင်ဆိုင်ပါတော့တယ်။ ဒါပေမဲ့ တစ်ချိန်ကအောင်မြင်မှုမျိုးကို ပြန်လည်ရယူဖို့အတွက် ရေငုပ်သင်္ဘောတွေကို တိုးမြှင့် တည်ဆောက်နေပါတယ်။ အထူးသဖြင့်  အဆင့်မြှင့်တင်မှုဖြစ်ပြီး လက်ရှိမှာအမျိုးအစားမတူတဲ့ ရေငုပ်သင်္ဘောခြောက်စင်းကိုတည်ဆောက်နေတာဖြစ်ပါတယ်။

အဲဒီရေငုပ်သင်္ဘောတွေကတော့ ဘိုရေးအမျိုးအစား  ပဲ့ထိန်းဒုံးကျည်တင်ရေငုပ်သင်္ဘော၊  ခါဘာ ရော့အမျိုးအစား ပဲ့ထိန်းဒုံးကျည်တင်ရေငုပ်သင်္ဘော၊ ယာဆန်အမျိုးအစား ခရု(စ်)ဒုံးကျည်တင် ရေငုပ်သင်္ဘောနဲ့ လာဒါအမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောတို့ပဲဖြစ်ပါတယ်။