အိုမီဂါအားဆေးများရဲ့ကောင်းကျိုး

အိုမီဂါ(၃)၊ အိုမီဂါ(၆)၊ ဖရီးဖက်တီးအက်စစ်တို့ ကြွယ်ဝလှတဲ့ ပင်လယ်ငါးများ၊ ဆာဒင်း၊ တူနာ၊ ဝေလငါးများ စားပေးတာဟာ  ကိုယ့်ကျန်းမာရေးအတွက် အကျိုးများတဲ့ အချက်ပဲဖြစ်တယ်။ ယခင်က အိုမီဂါ(၃)၊ အိုမီဂါ(၆)၊ အိုမီဂါ(၉)နဲ့ ဖက်တီးအက်စစ် တွေလည်းခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ ဓာတ်တွေဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ကလေးငယ်တွေတိုက်တဲ့ ဖြည့်စွက်စာ အမျိုးမျိုးမှာ ဒီအိပ်အေ(DHA)ဓာတ်တစ်မျိုး ပါဝင်ကာကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်တယ်။

အိုမီဂါ(၃)ဖက်တီးအက်စစ် သို့မဟုတ် ငါးကြီးဆီကရတဲ့ ဓာတ်ပဲဖြစ်တယ်။ အိုမီဂါ(၃)ဖက်တီးအက်စစ်ဆိုတာ အယ်လ်ဖာလီနိုလင်းနစ် အက်စစ် (ALA)ကနေ  ခွဲထွက်လာတာဖြစ်တယ်။ အိုမီဂါ(၃)ဖက်တီးအက်စစ်ပါတဲ့ အစာတွေစားလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲရောက် တာနဲ့ ETA နဲ့ DHA ဆိုပြီးနှစ်မျိုးကွဲသွားတယ်။ DHA ကိုကလေးအာဟာရမှုန့်၊  နို့မှုန့်တွေမှာထည့်တယ်။ ဖြည့်စွက်စာတွေမှာ ထည့်တာ ဖြစ်တယ်။

အိုမီဂါ(၃)ပါတဲ့အစာတွေ အဆီများတဲ့ပင်လယ်ငါးတွေကဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး၊ ခရု၊ ကမာ၊ ပင်လယ်စာတွေကနေ   ပေါကြွယ်စွာ ရရှိပါတယ်။ အိုမီဂါ(၃)ရဲ့ လုပ်ငန်းဆောင်တာတွေက ဦးနှောက်ရဲ့စွမ်းအင်ကို ဖြည့်တင်းပေးနိုင်တယ်။ ဦးနှောက်ရဲ့ လုပ်ငန်းတွေအတွက် မရှိမဖြစ်အရေးကြီးတယ်။ နှလုံးအတွက်အရေးပါတယ်။ နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေမဖြစ်အောင်  ကာကွယ်ပေးနိုင်တယ်။

အိုမီဂါ(၃)၊ ဖက်တီးအက်စစ်ကို သွေးတိုး၊ အရိုးအဆစ်ရောင်ရမ်းလူနာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အိုမီဂါ(၃)များများစားလေ ခန္ဓာကိုယ်ထဲကမကောင်းတဲ့ အဆီတွေကျလေဖြစ်တယ်။ အိုမီဂါ(၆)ဖက်တီး အက်စစ်ကအဆီများတဲ့ ပင်လယ်ငါးတွေကနေ ရနိုင်ပါတယ်။ 

အိုမီဂါ(၃)ရော၊ အိုမီဂါ(၆)ပါဖက်တီး အက်စစ်နှစ်မျိုးလုံးက ခန္ဓာကိုယ်ကနေမထုတ်နိုင်တာကြောင့် အပြင်ကနေမှီဝဲပေးသင့်ပါတယ်။ အဆိုပါနှစ်မျိုးလုံးက မပြည့်ဝဆီတွေဖြစ်လို့ ကိုယ်ခန္ဓာအတွက် အကျိုးများပါတယ်။ ကြက်သား ၊ကြက်ဥ၊ အခွံမာအစေ့အဆန်တွေ ဂျုံ၊ ဟင်းသီးဟင်းရွက်ဆီ၊ စပျစ်သီး၊ အစေ့ဆီတွေကနေအိုမီဂါ(၆)ဖက်တီးအက်စစ်ရနိုင်ပါတယ်။အိုမီဂါ(၆)ကဆဲလ်တွေရဲ့ နံရံတွေဖြစ် လာဖို့ အရေးကြီးတယ်။ အစာစားချင်တဲ့ ဟော်မုန်းဓာတ်တွေဖြစ်တဲ့လက်ပတင်ဟော်မုန်း၊ ရီစစ္စတင်ဟော်မုန်း စတာတွေဖြစ်စေတဲ့ နေရာမှာ အရေးပါတယ်။ လူတစ်ယောက်မှာအစာစားချင်စိတ်ကောင်း၊ မကောင်းဆိုတာအိုမီဂါ(၆)အပေါ်မူတည်တယ်။ အဆီတွေ စုဆောင်းထိန်းသိမ်းတဲ့နေရာမှာလည်း  အရေးကြီးတယ်။ အင်ဆူလင်ဟော်မုန်းထုတ်လုပ်တဲ့နေရာမှာလည်း ကူညီပေးတယ်။

အချို့လူတွေမှာ အိုမီဂါ(၆)ဖက်တီးအက်စစ်ကို လျှော့စားလိုက်လို့ အလေးချိန်ကျသွားတာတွေ့ရတယ်။ ကြွက်သားဖြစ်ပေါ်တဲ့ နေရာမှာလည်း အဆီတွေလုံးဝမပါပဲ ကျစ်လျစ်သန်မာတဲ့ ကြွက်သားတွေဖြစ်စေတယ်။ ကလေးငယ်တွေအတွက် ကြီးထွား ဟော်မုန်း (Growth Hormone)ဖြစ်လာဖို့ကူညီပေးတယ်။ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

အိုမီဂါ(၃) နဲ့အိုမီဂါ (၆) ဖက်တီးအက်စစ်မလုံလောက်ရင် အချို့ခွဲစိတ်မှုခံယူထားတဲ့ လူနာတွေမှာ အနာကျက်တာ နှေးတာမျိုးဖြစ် တတ်တယ်။ အိုမီဂါ(၆)မလုံလောက်သူတွေမှာ ဆံပင်ပါးတာ၊ ဆံပင်မကြာခဏကျွတ်တာ ဖြစ်တတ်တယ်။ အိုမီဂါ(၆)ဖက်တီး အက်စစ်ဓာတ်က အလှအပတွက်ရော၊ ဆံပင်သန်စွမ်းရေးရော ကျန်းမာရေးအတွက်ပါအရေးကြီးတဲ့ ဓာတ်တစ်မျိုးဖြစ်တယ်။ အရမ်းစားသောက်တာများသွားရင် အိုမီဂါ(၆)အဆိပ်ဖြစ်တာမျိုးဖြစ်တတ်ပါတယ်။

စိတ်ကျရောဂါ၊ အဝလွန်ရောဂါ၊ အိပ်မပျော်ရောဂါ၊ ကင်ဆာရောဂါအပြင် အရိုးနာတာတွေ ဖြစ်တတ်ပါတယ်။ အိုမီဂါ(၆) ဖက်တီး အက်စစ်ကို များလွန်း၊ နည်းလွန်းတာမျိုးရှောင်ကြဉ်သင့်ပါတယ်။

အိုမီဂါ(၃)နေ့စဉ်လိုအပ်ပမာဏက (၂)ဂရမ်လိုပါတယ်။ အသက်အရွယ်အရ အသက်(၆)လအောက်ကလေးတွေမှာ(၄ ဒသမ ၄) ဂရမ် လိုတယ်။  တစ်နှစ်အရွယ်မှာ(၄)ဂရမ်လိုတယ်။ ၁ နှစ်နဲ့  ၂ နှစ်ကြား(၇)ဂရမ်လိုအပ်ပါတယ်။ အသက်(၉-၁၃)နှစ်အတွက် (၁၀)ဂရမ်လို တယ်။ (၁၄-၁၈)နှစ်အတွက် (၁၁-၁၆)ဂရမ်လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသား(၁၉-၅၀)နှစ်အရွယ် အမျိုးသားအတွက် (၁၇)ဂရမ် လိုတယ်။ အမျိုးသမီးတွေအတွက်(၁၂)ဂရမ်လိုတယ်။ အိုမီဂါ(၃)ထဲမှာပါတဲ့ EFA နဲ့ DHA တို့က  တစ်နေ့ကို ၅၀၀မီလီဂရမ်မှီဝဲရမယ်။ အိုမီဂါ(၆)က တစ်နေ့ကို(၁၀)ဂရမ်လိုအပ်ပါတယ်။

အိုမီဂါ(၉)ဖက်တီးအက်စစ်ကတော့ ခန္ဓာကိုယ်ထဲကထုတ်တာဖြစ်တယ်။  အိုမီဂါ(၃)နဲ့(၆)ဖက်တီးအက်စစ်တွေကသာ   လုံလုံလောက် လောက်ရှိရင် ခန္ဓာကိုယ်ထဲက  အလိုလိုထုတ်လုပ်ပေးနိုင်ပါတယ်။ အဓိကလုပ်ငန်းက  ကိုယ်ခံစွမ်းအားမြှင့်တင်စေပြီး သွေးကြောတွေ ကျန်းမာအောင် ပြုလုပ်ပေးပါတယ်။ အရိုးအဆစ်တွေ သန်မာစေပါတယ်။ အဓိကကတော့အိုမီဂါ(၉) ဖက်တီးအက်စစ်ကိုရရှိနိုင်ဖို့  အိုမီဂါ(၃) နဲ့အိုမီဂါ(၆)ဖက်တီးအက်စစ်ကို လုံလုံလောက်လောက်စားထားပေးရင်ရနိုင်ပါတယ်။

အိုမီဂါ(၉)ရနိုင်တဲ့အစားအစာတွေက သံလွင်သီး၊ထောပတ်သီး၊ အခွံမာအစေ့အဆန်၊ ပဲပုပ်ဆီ၊ သံလွင်ဆီ၊ ကန်နိုလာဆီ စတာတွေမှာ ပါဝင်တယ်။ ပါဝင်တဲ့ပမာဏနည်းတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဓိကအိုမီဂါ(၃)နဲ့(၆)ရရှိထားပြီး အိုမီဂါ(၉)ထုတ်လုပ်ပေးတာက ပိုပြီးထိ ရောက်ပါတယ်။

ယခင်ကအိုမီဂါ(၃) ဖက်တီးအက်စစ်လောက်ပဲသိကြတယ်။ ယခု နောက်ပိုင်းအိုမီဂါ(၆)နဲ့(၉)ကိုသိလာကြတယ်။ အခုဆိုရင် အိုမီဂါ(၇) ဖက်တီးအက်စစ်ဆိုပြီးပေါ်ပေါက်လာပြီဖြစ်တယ်။ အိုမီဂါ(၇)ဖက်တီးအက်စစ်က မပြည့်ဝဆီဖြစ်ပြီးအဓိကခန္ဓာကိုယ်မှာ ရောင်ရမ်းတဲ့ ဝေဒနာတွေသက်သာစေတယ်။ အင်ဆူလင်ဟော်မုန်းရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကူညီပေးတာကြောင့် ဆီးချိုသွေးချို ရောဂါသည်တွေ အတွက် အရေးကြီးတဲ့ဟော်မုန်းဖြစ်တယ်။ ရရှိနိုင်တဲ့အစားတွေက ဆယ်လ်မွန်ငါး၊ တူနာငါး၊ အခွံမာအစေ့ အဆန်တွေ ဖြစ်တယ်။ ထောပတ်သီးနဲ့ဘယ်ရီသီးကနေရရှိနိုင်တယ်။

အိုမီဂါ(၇)ဖက်တီးအက်စစ်တွေ ခန္ဓာကိုယ်ထဲရှိမှသာအဆီမှာပျော်ဝင်တဲ့ ဗီတာမင်အေ၊ ဒီ၊ အီး၊ ကေတွေ သယ်ဆောင် ပေးနိုင်မှာ ဖြစ်တယ်။ အိုမီဂါ(၃)၊ (၆)၊(၉)စတဲ့ဖက်တီးအက်စစ်တွေ ခန္ဓာကိုယ်မှာ  ပုံမှန်ရရှိအောင် ဖြည့်စွက်အားဖြည့်ဆေးအနေနဲ့မှီဝဲတာ၊ အစား အစာစားပေးတာမျိုးပြုလုပ်ကြပါတယ်။

အိုမီဂါ(၃)ဖက်တီး အက်စစ်ကမဝစေနိုင်ပါဘူး။ အချို့လူတွေက အိုမီဂါ(၃)ဖက်တီးအက်စစ်သောက်ရင် ဝတယ်လို့ပြောတယ်။ တကယ် မဝပါဘူး။ အစာစားချင်စိတ်ဖြစ်အောင် ပြုလုပ်ပေးတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်အဟောင်းတွေသေစေပြီး ဆဲလ်အသစ် တွေဖြစ်စေကာဝတဲ့ ဖြစ်စဉ်တွေကြောင့်   လူတွေကနေထိုင်လို့ကောင်း စားလို့သောက်လို့  ကောင်းပြီးကျန်းမာရေးနဲ့ ညီညွတ်လာကာ  ဝစေတယ်လို့ အထင်ရောက်စေတာပါ။ တကယ်တော့အိုမီဂါ(၃)မှာဝစေတဲ့ အစွမ်းသတ္တိမရှိပါဘူး။

အိုမီဂါ(၃)၊အိုမီဂါ(၆)စတဲ့ဖက်တီး အက်စစ်ကခန္ဓာကိုယ်အတွက်မရှိမဖြစ် လိုအပ်တဲ့ဓာတ်တစ်မျိုးပဲ ဖြစ်တယ်။ ရရှိစေနိုင်တဲ့ သဘာဝ အစားအစာတွေကို ပုံမှန်စားပေးတာအပြင် အားဖြည့်ဆေးကို တစ်ရက်တစ်လုံးပုံမှန်သောက်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ သက်ရှည်ကျန်းမာဖို့ အိုမီဂါ(၃)ဖက်တီး အက်စစ်အပြင်အိုမီဂါ(၆)၊ အိုမီဂါ(၉)ဖက်တီးအက်စစ်တွေလည်း အလျဉ်းသင့်သလိုမှီဝဲပြီး  သက်ရှည် ကျန်းမာစေဖို့ စားသောက်မှီဝဲပေးသင့်ပါတယ်။  ။

ဒေါက်တာလွင်သန့်