ချယ်လ်ဆီးအသင်း တောင်ပံခံစစ်ကစားသမား ဘန်ချီဝဲလ် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရမည် ဖြစ်သည့်အတွက် ရာသီကုန်အထိ အနားယူရမည်

လန်ဒန်၊ ဘောလုံး

ချယ်လ်ဆီးအသင်း တောင်ပံခံစစ်ကစားသမား ဘန်ချီဝဲလ်သည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သည့်အတွက်   ယခုဘောလုံး ရာသီကုန်ဆုံးချိန်အထိ အနားယူရမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ဘန်ချီဝဲလ်သည် ယခုဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း ဘယ်တောင်ပံခံစစ်နေရာ၌ ခြေစွမ်းပြ ကစားနေသူဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်က ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ်ကစားသည့် ဂျူဗင်တပ်စ်အသင်းနှင့်ပွဲစဉ်၌ ပွဲချိန် ၇၁ မိနစ်တွင် ဒူးဒဏ်ရာရရှိသည့်အတွက် အနားယူခဲ့ရခြင်းဖြစ်သည်။

အစောပိုင်းက ဘန်ချီဝဲလ်အနေဖြင့် ဒဏ်ရာကို ခွဲစိတ်ကုသမှုမခံယူလိုသည့်အတွက် ဆေးကုသမှုများ ပြုလုပ်ခဲ့ပြီးနောက် လာမည့် ဇန်ဝါရီလအတွင်း ပြန်လည်ကစားနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသော်လည်း ဘန်ချီဝဲလ်၏ ဒဏ်ရာမှာ သက်သာလာခြင်း မရှိသည့်အတွက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ခွဲစိတ်ကုသမှုခံယူမှသာ ပြန်လည်ကောင်းမွန်မည့်အခြေအနေကြောင့် ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည်။

နည်းပြ တူချယ်လ်က ချယ်လ်ဆီးအသင်း၌ ဘန်ချီဝဲလ်ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်း၏နေရာ၌  အလွန်ဆိုကို အသုံးပြုလျက် ရှိသော် လည်း အလွန်ဆိုအနေဖြင့် ပုံမှန်ခြေစွမ်းပြနိုင်ခြင်း မရှိသည့်အတွက် လာမည့်ဇန်နဝါရီ  ကစားသမားအပြောင်းအရွှေ့ ကာလ တွင် တောင်ပံခံစစ် ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

Ref;Dailymail