အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ

အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၏ အားကစားနှင့်လူငယ်ရေးရာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မြန်မာ့ အားကစားအား ရှေးယခင်က အာရှနှင့်အရှေ့တောင်အာရှအဆင့်၌ ထိပ်တန်းအဆင့်တွင်ရှိခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် အာဆီယံအဆင့်၌ပင် နိမ့်ကျလျက်ရှိနေသောကြောင့် အားကစား မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားနည်းစနစ်များသာမက ခေတ်မီအားကစားကွင်းများ၊ အားကစားရုံများ ရှိရေးသည် လည်း  အဓိကကျသဖြင့်  တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဘဏ္ဍာရေး(၅)နှစ် စီမံကိန်း ကာလ အတွင်း ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည့်လုပ်ငန်းများ၊ အားကစား ကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ လူထုအားကစားနှင့်ပညာပေးဌာနခွဲ  ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်-

မေး။ ။ ပထမဆုံးအနေနဲ့ လက်ရှိအားကစားကဏ္ဍ လှုပ်ရှားဆောင်ရွက်မှု အခြေအနေတွေကိုသိပါရစေ။

ဖြေ။ ။ လက်ရှိအနေအထားအရ အားကစားနှင့်ကာယပညာဦးစီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် လူထုအားကစား လှုပ်ရှားမှု များ၊ ပြည်တွင်းအားကစားပြိုင်ပွဲများဖြစ်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများ၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ၊ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများနဲ့ နွေရာသီအခြေခံ အားကစားသင်တန်းများ အပါအဝင် ပြိုင်ပွဲပေါင်းစုံကို ရပ်နားထားခဲ့ရတာ (၂)နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းလာတဲ့အတွက် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွေကို ကိုဗစ်-၁၉ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနဲ့အညီ နေပြည်တော် ဝဏ္ဏသိဒ္ဓိ  Sports Complex အတွင်းမှာ ပြန်လည်ကျင်းပဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ကျင်းပဖို့စီစဉ်ထားတဲ့ ပြိုင်ပွဲတွေ ကတော့ ဘော်လီဘော(ကျား/မ)၊ လွန်ဆွဲ(ကျား/မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ ထုပ်ဆီးတိုး (မ) နဲ့ အပြေး (ကျား/မ) ပြိုင်ပွဲအဖြစ် မီတာ (၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀) ပြိုင်ပွဲများကို (၂၁-၁၂-၂၀၂၁) ရက်နေ့မှ(၄-၁-၂၀၂၂)ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများအဖြစ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲနဲ့ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲများကို ပြန်လည်ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာလည်း တိုင်းဒေသကြီးနှင့်ပြည်နယ် စက်ဘီးပြိုင်ပွဲ၊ မြန်မာ့သိုင်း ပြိုင်ပွဲ၊ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ အခြေအနေပေးတာနဲ့ နွေရာသီအခြေခံ အားကစားသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ အားကစားကဏ္ဍနှင့် လူငယ်ရေးရာကဏ္ဍအနေဖြင့် ဆောင်ရွက်သွားမည့်အစီအစဉ်တွေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ အားကစားကဏ္ဍကတော့ ယခင်ချမှတ်ထားတဲ့ မူဝါဒလုပ်ငန်းစဉ်များအတိုင်းပဲဖြစ်ပါတယ်။ အားကစားကဏ္ဍရဲ့ ပထမဆုံး မူလတာဝန်ကြီးကတော့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဖြစ်ပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့   လူထုအားကစားလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။  ဒုတိယတာဝန်ကြီး ကတော့  နိုင်ငံတကာ အားကစားပြိုင်ပွဲများဖြစ်တဲ့ အိုလံပစ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ အပါအဝင် အခြားနိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများမှာ အောင်မြင်မှုရရှိရေးအတွက် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ဖြစ်ပါတယ်။ အားကစားဌာနကိုပေးအပ်ထားတဲ့ ဒီမူလတာဝန်ကြီး (၂)ရပ်ကိုပဲ အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ယခုအသစ်ထပ်မံဖွဲ့စည်းမယ့် ဦးစီးဌာနကတော့ လူငယ်ရေးရာ ဦးစီးဌာနဖြစ်ပါတယ်။ လူငယ်ရေးရာဦးစီးဌာနဟာ ယခင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနအောက်မှာရှိတဲ့ လုပ်ငန်းအချို့ကို လွှဲပြောင်းလက်ခံပြီး လူငယ်ရေးရာဦးစီးဌာနအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တွေ အနေနဲ့ကတော့ နိုင်ငံရဲ့ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေဖို့ လူငယ်များကို အားကစားဖြင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးရန်၊ လူငယ်များအတွက် ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားပြီး နိုင်ငံနဲ့လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ တိုးပွားလာစေရန်နဲ့ နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များရဲ့ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေး စတဲ့ကဏ္ဍတွေမှာ ပိုမိုဖြည့်ဆည်းမြှင့်တင်ပေးနိုင်စေရန်၊ မသန်စွမ်း လူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနဲ့ မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်ပေးနိုင်ရေး စတဲ့ကိစ္စရပ်များကို ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေအရတော့ လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းပုံရရှိရေး တင်ပြဆောင်ရွက်လျက်ရှိပါတယ်။ ဒီတာဝန်တွေကို  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တစ်ခုတည်းနဲ့တော့ အောင်မြင်အောင် ဆောင်ရွက်ဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့အတူ ဆက်စပ်ဝန်ကြီးဌာနများဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနများ အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများအားလုံး  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။

မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် နိုင်ငံတော်အကြီးအကဲမှ ရောက်ရှိခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အားကစားကွင်း/အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလမ်းညွှန်မှုများပေးနေ တာတွေ့ရပါတယ်။ နိုင်ငံတစ်ဝန်းရှိ အားကစားကွင်း/အားကစားရုံများအဆင့်မြှင့်တင်ရေးနှင့် ပတ်သက်လို့ ဆက်လက် ဆောင်ရွက် သွားမယ့်အစီအစဉ်များကိုလည်း သိရှိလိုပါတယ်။

ဖြေ။ ။ နိုင်ငံတော်အကြီးအကဲအနေဖြင့် မြန်မာ့အားကစားအား ရှေးယခင်က အာရှနှင့်အရှေ့တောင်အာရှအဆင့်၌ ထိပ်တန်းအဆင့် တွင်ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် အာဆီယံအဆင့်၌ပင် နိမ့်ကျလျက်ရှိနေသောကြောင့် အားကစားမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားနည်းစနစ်များသာမက အားကစားကွင်းများ၊  အားကစားရုံများ အဆင့်မီစွာရှိရေးသည်လည်း  အဓိကကျသဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဘဏ္ဍာရေး (၅)နှစ် စီမံကိန်းကာလတွင် အောက်ပါလုပ်ငန်းများအား ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်-

  • အားကစားကွင်း (၃၀) အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ
  • အားကစားရုံမရှိသေးသည့် မြို့နယ်များအတွက် (၂)ထပ် လျှာထိုးကြမ်းခင်းပါ အားကစားရုံ (၂၆)ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ
  • ဒိုင်ဗင်ကန်ပါ အဆင့်မီ ရေကူးကန် (၄)ခု တည်ဆောက်ခြင်းလုပ်ငန်းများ
  • မီတာ (၄၀၀) ပြေးလမ်းအား Synthetic Track ပြေးလမ်းခင်းခြင်းနှင့် အသစ် လဲလှယ်ခြင်း လုပ်ငန်း (၇)ခု
  • အားကစားဥယျာဉ်စီမံကိန်း (၄) ခု တည်ဆောက်ခြင်း လုပ်ငန်းများ
  • အားကစားသိပ္ပံကျောင်း (၄) ကျောင်း တည်ဆောက်ခြင်းလုပ်ငန်းများ
  • အားကစားလေ့ကျင့်ရေးစခန်း (၇) ခု တည်ဆောက်ခြင်းလုပ်ငန်းများအား စီမံကိန်းကာလအတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ အားကစားအောင်မြင်တိုးတက်ဖို့ဆိုရင် ဆရာ့ရဲ့အတွေ့အကြုံအရ ဘာတွေအဓိက လိုအပ်သလဲဆိုတာလည်း သိချင်ပါတယ်။

ဖြေ။ ။ နိုင်ငံတစ်နိုင်ငံရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားဖို့ဆိုရင် လိုအပ်ချက်တွေကတော့ အများကြီးရှိပါတယ်။ ဒီမေးခွန်းကိုလည်း ဌာနအကြီးအကဲတွေဖြေမှသာ ပိုပြီးသင့်လျော်ပြည့်စုံမယ်လို့ ထင်ပါတယ်။ ကျွန်တော်တစ်ဦးတည်းအမြင်ကတော့  ကျွန်တော်တို့ဝန်ကြီးဌာနတစ်ခုတည်းနဲ့ အောင်မြင်အောင်ဆောင်ရွက်ဖို့လည်း မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ရဲ့ တိကျတဲ့လမ်းညွှန်ချက် မူဝါဒတွေရှိဖို့ လိုသလို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်သူတစ်ရပ်လုံး အမျိုးသားရေးအသိနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ အခြေခံအကျဆုံး  အဓိကလိုအပ်ချက်ကတော့ (၄) ချက်ပဲရှိပါတယ်။ ဒါတွေကတော့ လူ၊ ပစ္စည်း၊ ငွေကြေး၊ နည်းပညာဆိုတဲ့ (၄)ခု ကတော့ အဓိကကျပါတယ်။

မေး။ ။ လူ၊ ပစ္စည်း၊ ငွေကြေး၊ နည်းပညာဆိုတာတွေနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံလေးပြောပြပေးပါ။

ဖြေ။ ။ ပထမအပိုင်း လူကို ပြောချင်ပါတယ်။ လူဆိုတာ အားကစားနည်းအလိုက် ထူးချွန်ထက်မြက်တဲ့ မျိုးသစ်သစ်များ ရရှိရေးဖြစ် ပါတယ်။ အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ဖို့ဆိုရင် ပြိုင်ပွဲတွေ စဉ်ဆက်မပြတ် ကျင်းပပေးဖို့ လိုပါတယ်။ လူငယ်တွေအမြောက်အမြား တစုတဝေးတည်းရှိနေတဲ့ အခြေခံပညာကျောင်းများနဲ့ တက္ကသိုလ်/ကောလိပ်/သိပ္ပံများမှာ  PT ချိန်   (အားကစားလေ့ကျင့်ချိန်)   တွေရှိဖို့လိုသလို ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ အခြေခံပညာ ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများမှသည် ကျောင်းသားအားကစားပွဲတော်များအထိ   နှစ်စဉ်ပုံမှန်ကျင်းပနေဖို့လိုပါတယ်။ တက္ကသိုလ်/ကောလိပ်များမှလည်း  တက္ကသိုလ်/ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ နှစ်စဉ်ပုံမှန်ကျင်းပနေဖို့လိုပါတယ်။ ပြိုင်ပွဲများရှိနေမှသာ ထူးချွန်တဲ့ လူငယ်မျိုး ဆက်သစ်များရရှိမှာဖြစ်ပါတယ်။ ဒါကတော့ ပညာရေးဝန်ကြီးဌာနက အဓိကပူးပေါင်းဆောင်ရွက်ရမယ့်အပိုင်းဖြစ်ပါတယ်။

အလားတူ အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးစီးကျင်းပတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ အဆင့်မီ မီကျင်းပနိုင်ရေး ဖြစ်ပါတယ်။ ဒီပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေနဲ့ ပြိုင်ပွဲတိုင်းကို အဆင့်မီမီဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက်/ကျေးရွာပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပပြီး မြို့နယ်လက်ရွေးစင်ရွေးချယ်၊ မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပပြီး ခရိုင်လက်ရွေးစင်ရွေးချယ်၊ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်များကို စနစ်တကျစိစစ် ရွေးချယ်ပြီး အချိန်ကာလ(၃)လတန်သည် (၄)လတန်သည် အဆင့်မီနည်းပြများနဲ့ ကြိုတင်စခန်းသွင်း လေ့ကျင့်ပြင်ဆင်ပြီးမှ ဗဟိုက ဦးစီးကျင်းပတဲ့ ပြည်နယ်/တိုင်း အားကစားပြိုင်ပွဲတွေကို အဆင့်မီမီဝင်ရောက် ယှဉ်ပြိုင်ကြမယ်ဆိုရင် ပြိုင်ပွဲများအဆင့်မီပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတွေဖြစ်လာမယ်။ ပြိုင်ပွဲတွေ ပြိုင်ဆိုင်မှုပြင်းထန်လာပြီဆိုရင် ကြည့်ရှုအားပေးတဲ့ ပရိသတ်လည်းများလာမယ်။ အရည်အချင်းရှိတဲ့ မျိုးဆက်သစ်အားကစားသမားတွေလည်း ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒါကလည်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များရဲ့  တွန်းအားပေး ကြပ်မတ်မှုနှင့် ပြည်နယ်/တိုင်း အား/ကာဦးစီးဌာနများက ကြိုးပမ်းဆောင် ရွက်ရမယ့်အပိုင်းဖြစ်ပါတယ်။ ပြိုင်ပွဲများ အဆင့်ဆင့်ပြုလုပ်စေခြင်းဟာလည်း လူထုအားကစားလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက် စေလိုတဲ့အတွက်ဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာပေါင်းစုံ အားကစားပြိုင်ပွဲတွေ ကျင်းပပေးရင် ရပ်ကွက်/ကျေးရွာက လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အများစု အားကစားကို အားပေးမယ်။ စိတ်ဝင်စားလာမယ်။ ပါဝင်ကစားလာကြမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါ တယ်။ အားကစားကို အားလုံးစိတ်ပါဝင်စားပြီး ပါဝင်ဆောင်ရွက်လာကြရင် ကျွန်တော်တို့ဌာနရဲ့ အဓိကတာဝန်ဖြစ်တဲ့ “တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်ရေး” ကိုတိုက်ရိုက်အထောက်အကူပြုမှာဖြစ်တဲ့အတွက်  အခြေခံအကျဆုံးပြိုင်ပွဲများက  အစကျင်းပပေးဖို့လို အပ် တယ်လို့လည်း  အကြံပြုလိုပါတယ်။

သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များအနေနဲ့ယခင်က ပြည်နယ်/တိုင်း ပြိုင်ပွဲတွေကျင်းပနေရင်လည်း မိမိတို့အားကစားနည်း အတွက် မျိုးဆက်သစ်တွေရရှိဖို့ လာရောက်ကြည့်ရှုရွေးချယ်တာတွေ ရှိပါတယ်။ ပြည်နယ်/တိုင်း ပြိုင်ပွဲတစ်ခုပြီးသွားတိုင်း သက်ဆိုင်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တံခွန်စိုက်ပြိုင်ပွဲတွေ ကျင်းပပေးတာတွေရှိပါတယ်။ ဒီပြိုင်ပွဲတွေကလည်း တဖြည်းဖြည်းနဲ့ ပျောက်ဆုံး လာတာတွေ့ရ ပါတယ်။  ဒါတွေကိုလည်း အားကစားအဖွဲ့ချုပ်များက ပြန်လည်ဆောင်ရွက်ပေးဖို့   အကြံပြုလိုပါတယ်။ ဒါ့အပြင် ယခင်က အိုလံပစ်ကော်မတီဥက္ကဋ္ဌဖလားဆိုပြီးတော့ အားကစားနည်းအလိုက် ပြိုင်ပွဲတွေ ကျင်းပတာတွေရှိပါတယ်။   ဒီပြိုင်ပွဲတွေလည်း ပြန်လည်ကျင်းပပေးဖို့လည်း တင်ပြလိုပါတယ်။ အဓိကပြောလိုတာကတော့ အားကစားတိုးတက်ရေးအတွက် အဓိကတာဝန်ယူထားတဲ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လူထုအားကစားလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်စေရေး၊ နေ့ကြီးရက်ကြီးတွေမှာလည်း ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ အပါအဝင် တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် နယ်မြေဒေသအသီးသီးမှာ ဖိတ်ခေါ် အားကစား ပြိုင်ပွဲတွေကျင်းပနိုင်ရေး နိုင်ငံနှင့်အဝှမ်းအားကစားပြိုင်ပွဲတွေကို စဉ်ဆက်မပြတ်ကျင်းပပေးနိုင်ရေး စီစဉ်ဆောင်ရွက်ဖို့ လိုအပ်တယ် လို့ လည်း တင်ပြချင်ပါတယ်။

ဒုတိယအပိုင်းက ပစ္စည်းအပိုင်းဖြစ်ပါတယ်။ ပစ္စည်းဆိုတာကတော့ အဆင့်မီတဲ့ အားကစားကွင်း/အားကစားရုံများနဲ့ အားကစား အထောက်အကူပြု ပစ္စည်းများ ပြည့်စုံစေရေးဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ 27th SEA Games ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုက်တဲ့အတွက် ဗဟိုအဆင့်မှာတော့ အားကစားကွင်း/ရုံတွေ၊ အားကစားအထောက်အကူပြုပစ္စည်းတွေကတော့ အထိုက်အလျောက်ပြည့်စုံ သွားပြီလို့တော့ ပြောရမှာဖြစ်ပါတယ်။ ဗဟိုအဆင့်မှာ ပြည့်စုံသလို ပြည်နယ်^တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များပါ ကျေးရွာအဆင့်အထိ သူ့အဆင့်နဲ့လျော်ညီတဲ့ အားကစားကွင်း/အားကစားရုံတွေရှိဖို့ လိုအပ်ပါတယ်။ အားကစား ကွင်း/အားကစားရုံ မရှိဘဲ အားကစားအထောက်အကူပြုပစ္စည်းမရှိဘဲ အားကစားပြိုင်ပွဲတွေလုပ်လို့မရသလို အားကစား လုပ်ကိုင် ဆောင်ရွက်လိုတဲ့ အများပြည်သူတွေအနေနဲ့လည်း အားကစားလှုပ်ရှားဆောင်ရွက်ခွင့်ရကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အဆင့်တိုင်း မှာ အားကစားကွင်းတွေ အားကစားရုံတွေရှိနေဖို့လည်း စီမံဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ဒါတွေကိုတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးအရအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးနေသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် ရောက်တဲ့ နေရာတိုင်းမှာ အားကစားကွင်း/ရုံများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်မြှင့်တင်ရေးလုပ်ငန်းများနဲ့ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများ ကို စီမံဆောင်ရွက်နေတာတွေ့ရတဲ့အတွက် အားကစားလောကအတွက် အားတက်စရာဖြစ်ပါတယ်။

နောက်တစ်ခုက ငွေကြေးအပိုင်းဖြစ်ပါတယ်။ ငွေကြေးဆိုတဲ့ ဘတ်ဂျက်ရန်ပုံငွေကလည်း ပြည့်ပြည့်၀၀ရရှိရေးကလည်း အရေးကြီးပါ တယ်။ ကျွန်တော်အထက်ကတင်ပြခဲ့သလို  ပြည်တွင်းအားကစားပြိုင်ပွဲတွေ၊  ပျော်ပွဲရွှင်ပွဲ  အားကစားပြိုင်ပွဲတွေ၊ လူထုအားကစား လှုပ်ရှားမှုတွေ တစ်နိုင်ငံလုံးအနှံ့ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားဆောင်ရွက်နိုင်အောင် ငွေကြေးလိုအပ်ပါတယ်။  ဒါ့အပြင်  နိုင်ငံတကာ အားကစား ပြိုင်ပွဲပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင်၊ နိုင်ငံတကာအားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင် အောင် အားကစားနည်းအလိုက် နိုင်ငံတကာကအဆင့်မီနည်းပြတွေ ငှားရမ်းလေ့ကျင့်နိုင်ဖို့၊ အားကစားသမားတွေနဲ့ နည်းပြတွေကို ပြည့်ပြည့်၀၀ ကျွေးမွေးထောက်ပံ့နိုင်ဖို့၊ နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုရလာတဲ့ အားကစားသမားတွေကို ထိုက် ထိုက် တန်တန် ဂုဏ်ပြု ချီးမြှင့်ထောက်ပံ့ဖို့ စတဲ့လုပ်ငန်းတွေဆိုရင်  နိုင်ငံတော်ရဲ့ဘတ်ဂျက်ရန်ပုံငွေ ပြည့်ပြည့်၀၀ရရှိရေးဟာလည်း အရေးကြီးပါတယ်။ ဒါကလည်း နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ရမယ့် အပိုင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ တဲ့အားကစားသမားတွေကို အားကစားပင်စင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်ဆိုတာ သိရတဲ့အတွက် အားကစားလောက အတွက် ဝမ်းမြောက်စရာလည်းဖြစ်ပါတယ်။

နောက်ဆုံးအချက်ဖြစ်တဲ့ နည်းပညာအပိုင်းကတော့ ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်ပါတယ်။ ပုံမှန်သမားရိုးကျ လုပ်ရိုး လုပ်နည်း၊ လုပ်ဟန်တွေနဲ့တော့ ထိုက်သင့်တဲ့အောင်မြင်မှုတွေရရှိဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါဟာလည်း ရေရှည်စီမံ ဆောင်ရွက်ရမယ့် အပိုင်းတွေဖြစ်ပါတယ်။ နိုင်ငံတကာမှ ခေတ်မီနည်းပညာတွေဖြစ်တဲ့  Sports Science, Sports Medicine, Sports Nutrition, Sports Psychology စတဲ့ ခေတ်မီနည်းပညာတွေကိုလည်း ခေတ်နဲ့အညီ လိုက်ပါဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒီလို လိုက်ပါဆောင်ရွက်နိုင်ဖို့ဆိုရင် နိုင်ငံတကာ အားကစားတက္ကသိုလ်တွေကို မျိုးဆက်သစ် လူငယ်တွေကို နှစ်စဉ်စီမံချက်ချစေလွှတ်ဖို့ လိုပါတယ်။ အားကစားနည်းအလိုက် နိုင်ငံတကာအဆင့်မီ နည်းပြတွေ၊ ဒိုင်/ဂျူရီတွေ ရှိလာကြဖို့လည်း စီမံဆောင်ရွက်ကြရမှာ  ဖြစ်ပါတယ်။  ဒါက  မိမိတို့ဝန်ကြီးဌာန၊  ဦးစီးဌာနနဲ့ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက  စီမံဆောင်ရွက်ရမယ့်အပိုင်းဖြစ်ပါတယ်။

ကျွန်တော်တင်ပြခဲ့တဲ့ လူ၊ ပစ္စည်း၊ ငွေကြေး၊ နည်းပညာ စတဲ့အပိုင်းကဏ္ဍအလိုက် စနစ်တကျ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော် အပိုင်းကလည်း ခိုင်မာတဲ့မူဝါဒတွေချမှတ်ပေးပြီး ဘတ်ဂျက်ရန်ပုံငွေလည်း ပြည့်ပြည့်၀၀ခွင့်ပြုပေးမယ်ဆိုရင် အချိန်ကာလ အတိုင်းအတာတစ်ခုအတွင်းမှာ အောင်မြင်မှုတွေတဖြည်းဖြည်း တိုးတက်ရရှိလာမယ်လို့ မျှော်လင့်ပါတယ်။   ။

 ဇော်မျိုး(မြဝတီ)