ဗီယက်နမ်ဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာသေနတ်ပစ် ကစားသမားများကို လာမည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ရွေးချယ်မည်

ဗီယက်နမ်ဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာသေနတ်ပစ် ကစားသမားများကို လာမည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ရွေးချယ်မည်

ဗီယက်နမ်နိုင်ငံ၌      အိမ်ရှင်အဖြစ် ကျင်းပမည့် (၃၁) ကြိမ်မြောက်  ဆီးဂိမ်း တွင် သေနတ်ပစ် ကစားနည်း ၁၆  မျိုး ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာသေနတ်ပစ် ကစားသမား  ၂၁  ဦးကို   ရန်ကုန်တိုင်း ဒေသကြီး  ဒဂုံ (မြောက်ပိုင်း)   မြို့နယ်ရှိ  မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်၌ ကြိုတင် စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိရာ ၂ဝ၂၂  ခုနှစ်  ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း  အပြီးသတ် ကစားသမား ရွေးချယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်မှ သိရသည်။

''ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ  အပြီး သတ်    ကစားသမား ရွေးချယ်မှုပြုလုပ်ပြီး  ကစားသမား အမည်စာရင်းနဲ့ ကစားနည်း အမျိုးအမည်တွေ ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ     စခန်းသွင်း လေ့ကျင့်နေပြီး ကိုဗစ်- ၁၉ ရောဂါပိုးတွေ့တယ်ဆိုရင်တော့    သွားရောက် ယှဉ်ပြိုင်လို့မရပါဘူး။ မဖြစ်ပွားအောင် ကာကွယ်ဆေးတွေလည်း ထိုးပေး ထားပါတယ်။ ဒါ့ပြင် စားသောက်နေထိုင် မှုတွေကအစ အထူးဂရုတစိုက်လုပ်ဆောင် ပေးထားပါတယ်။     လာမယ့်ဆီးဂိမ်းမှာ    သေနတ်ပစ် အားကစားနည်းကနေ အမြင့် ဆုံးဆုတံဆိပ်တွေ ရရှိအောင် နည်းပြတွေ ရော အုပ်ချုပ်သူတွေပါ အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပါတယ်''   ဟု  မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်မှ အုပ်ချုပ်သူ နည်းပြ ဒေါ်ဆွေဇင်ငြိမ်း ကပြောသည်။

အဆိုပါစခန်းသွင်း လေ့ကျင့်မှုကို ၂ဝ၂၁ ခုနှစ် မတ် ၁ ရက်မှ စတင်ပြုလုပ်နေခြင်း ဖြစ်ပြီး ၁ဝ မီတာ အဲယားပစ္စတို (အမျိုး သား၊ အမျိုးသမီး) တစ်ဦးချင်းနှင့်အသင်း လိုက်၊ အဲယားရိုင်ဖယ် (အမျိုးသား၊ အမျိုး သမီး)  တစ်ဦးချင်းနှင့်အသင်းလိုက်၊  ၁ဝ မီတာ  ဝရန်းနီးတိုက်ကပ်  (အမျိုးသား၊ အမျိုးသမီး)  တစ်ဦးချင်းနှင့်အသင်းလိုက်၊ ၂၅  မီတာ  စတန်းဒတ်ပစ္စတို  အမျိုးသားတစ်ဦးချင်း၊ စပို့စ်ပစ္စတို အမျိုးသမီးတစ်ဦးချင်းနှင့်  မီတာ ၅ဝ  ဖရီးပစ္စတို  အမျိုးသား တစ်ဦးချင်းအပါအဝင် စုစုပေါင်း သေနတ်ပစ်ကစားနည်း ၁၆ မျိုးကို စခန်းသွင်းလေ့ကျင့် ပေးလျက်ရှိကြောင်း၊ ကစားသမားအနေဖြင့်    အမျိုးသား ပစ္စတိုလေးဦး၊ အမျိုးသမီးပစ္စတို ခြောက်ဦး၊  ရိုင်ဖယ်တွင်  အမျိုးသားငါးဦး၊ အမျိုးသမီးခြောက်ဦး    စုစုပေါင်းကစား သမား ၂၁ ဦးရှိကြောင်း သိရသည်။