သိလိုရာဆွေးနွေး အရိုးအကြောကျန်းမာရေး(၁)

သိလိုရာဆွေးနွေး အရိုးအကြောကျန်းမာရေး(၁)

နေ့စဉ်လူမှုဘဝနှင့် လုပ်ငန်းခွင်၊ ပျော်ရွှင်ဝမ်းနည်းမှု၊ ချစ်ခြင်းမေတ္တာစသည့် စိတ်၏ခံစားချက်များကို အဓိကထားဖော်ပြရာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် လက်(Hand)သည် အလွန်အရေးပါသော ကဏ္ဍများမှပါဝင်လျက်ရှိပြီး လက်၏ လုပ်ငန်းစွမ်း ဆောင်နိုင်မှုသည် ပြင်ပလောကနှင့် ကူးလူးဆက်ဆံရာတွင် လွန်စွာအရေးကြီးလှပါသည်။ လက်၏ စွမ်းဆောင်ရည်ကို ကျဆင်း စေသော အဓိကအကြောင်းအရာနှစ်ခုမှာ နာကျင်မှု၊ (Pain) နှင့် လုပ်ငန်းခွင်လည်ပတ်မှုဆိုင်ရာ အဟန့်အတားဖြစ်စေခြင်း (Functional Disturbance) တို့ဖြစ်ပါသည်။ အဆိုပါ ပြဿနာနှစ်ခုပူးတွဲပါဝင်နေသော Trigger Finger ခေါ်  လက်ချောင်းကွေး အရွတ်ကြောရောင်ရမ်းခြင်းနှင့် အကြောထုံးခြင်းရောဂါသည် အဖြစ်အများဆုံးသော လက်ပိုင်းဆိုင်ရာ ရောဂါ တစ်ခုဖြစ်ပြီး ရောဂါလက္ခဏာများ၊ ဆောင်ရန်ရှောင်ရန်များအား တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၌ လက်ပိုင်းဆိုင်ရာ အရိုးရောဂါ ပြဿနာခွဲစိတ်ကုသမှု အတွေ့အကြုံများအား စာရေးသူမှအများပြည်သူနှင့် တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေးအသိတိုးပွားလာစေရန်  ရည်ရွယ်၍ ဆွေးနွေးပညာပေးခြင်း အမေးအဖြေကဏ္ဍများအား အပိုင်းခွဲ များဖြင့် တင်ပြသွား မည်ဖြစ်ပါသည်။

မေး။   ။ Trigger Finger လက်ချောင်းအကြောထုံးရောဂါဆိုတာ ဘာကိုခေါ်တာပါလဲ။

ဖြေ။      ။           ကျွန်တော်တို့လက်ချောင်းလေးတွေကွေးနိုင်ဖို့ Flexor Tondon လို့ခေါ်တဲ့ကွေးခြင်းဆိုင်ရာ အရွတ်အကြောလေး တွေက တစ်ဆင့် ဆောင်ရွက်ပေးရတယ်။အဲဒီအကြောလေးတွေ ရောင်ရမ်းနာကျင်ပြီး ချောချောမွေ့မွေ့ အလုပ်မလုပ်တော့တဲ့ အခြေအနေကို Trigger Finger လို့ ခေါ်ပါတယ်။

အရွတ်ကြောထိန်းအမြှေးကွင်းရောင်ရမ်းခြင်း (A1 Pulley)

မေး။                 ။           ဒီရောဂါ ဘာကြောင့်ဖြစ်ရတာပါလဲ။

ဖြေ။      ။           အဓိကဒီရောဂါဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကတော့ အပေါ်မှာရှင်းပြခဲ့တဲ့ လက်ချောင်းကွေး အရွတ်ကြော လေးတွေကို လက်ချောင်းကွေးတဲ့အချိန် အရိုးအဆစ်တွေနဲ့ ကပ်နေပြီး အားပါနေအောင် ထိန်းထားပေးတဲ့ အရွတ်ထိန်းအမြှေးကွင်း (A1 Pulley)   ဆိုတာလေးရှိတယ်။ အရွတ်ကြောလေးတွေ ရောင်ရမ်းတာကြာ လာတဲ့အမျှထုံးသလိုဖြစ်လာပြီး   အရွတ်ကြောနဲ့ အရွတ်ထိန်း အမြှေးကွင်းကြားထဲက လှုပ်ရှားမှုချောမွေ့မှုမရှိတော့ဘဲ အထစ်အငေါ့တွေဖြစ်လာမယ်၊ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး  ရောဂါလက္ခဏာတွေကို ခံစားရတာဖြစ်ပါတယ်။

မေး။     ။           ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရလဲ။

ဖြေ။      ။           ရောဂါရဲ့ပြင်းထန်မှုအဆင့်ပေါ်မူတည်ပြီး   ခံစားရတဲ့လက္ခဏာတွေကလည်း ကွာခြားပါတယ်။ ပထမဆုံးအဆင့် အရွတ်ကြောရောင်ရမ်းတဲ့  အဆင့်မှာဆိုရင်     လက်ချောင်းကွေးဆန့်လုပ်တဲ့ အချိန်မှာပဲ နာကျင်မှုကိုခံစားရပါတယ်။ ဒုတိယအရွတ် ကြောထုံးလာတဲ့အဆင့်မှာဆိုရင်တော့ နာကျင်မှုအပြင် လက်ချောင်းကွေးပြီး ပြန်ဆန့်တဲ့အချိန် အလွယ်တကူမဆန့်နိုင်ဘဲနဲ့  အားနည်း နည်းပိုစိုက်ပြီး ဆန့်မှသာ “ထောက်” ကနဲ အသံမြည်ပြီး ပြန်ဆန့်နိုင်တာဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတဲ့အဆင့်မှာဆိုရင်တော့ လက်ကကွေးဆန့် လုပ်လို့မရတော့တဲ့ အခြေအနေထိ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ လက်ဖဝါးထိပ်ပိုင်းမှာ ထုံးနေတဲ့ အကြောနေရာကို အလုံးလေးအဖုလေးတစ်ခုအဖြစ် စမ်းလို့ရတတ်ပါတယ်။

မေး။     ။           ဒီရောဂါ ဘယ်လိုလူတွေမှာ ဖြစ်တတ်ပါသလဲ။

ဖြေ။      ။           အကြမ်းဖျင်းပြောရရင် လုပ်ငန်းသဘော၊ ဝါသနာအရ လက်ချောင်းတွေကို ကြိမ်ဖန်များစွာ အသုံးပြုနေရသူတွေ၊ လက်ချောင်းအားစိုက်လုပ်ကိုင်နေရတဲ့သူတွေမှာ ဒီရောဂါကိုအများဆုံးတွေ့ရတတ်ပါတယ်။အသက်အရွယ်အားဖြင့်တော့ အသက် ၄၀ နဲ့ ၆၀ ဝန်းကျင်၊ အထူးသဖြင့် ဆီးချို၊ လေးဖက်နာရောဂါတွေနဲ့  ဆက်စပ်ပြီးတော့ တွေ့ရတတ်ပါတယ်။

မေး။      ။          ဒီရောဂါက ဘယ်လိုအချိန် အနေအထားတွေမှာခံစားရပါသလဲ။

ဖြေ။      ။           လက်ချောင်းတင်းတာ၊ ကွေးဆန့် ခက်တာနဲ့ ထောက်ထောက်ဖြစ်တာတွေက မနက်အစောပိုင်း ပိုဆိုးတတ်ပါတယ်။ အစပိုင်းမှာတော့ လက်ချောင်းလေးတွေကို အသုံးပြုတာ လျှော့တာအနားပေးတာတို့ လုပ်ခြင်းအားဖြင့် ရောဂါလက္ခဏာတွေ သက်သာ သွားနိုင်ပါတယ်။

မေး။     ။           ဘယ်လက်ချောင်းတွေအဖြစ်များလဲ၊ လက်ချောင်းတွေအများကြီးမှာရော တစ်ပြိုင်တည်းဖြစ်တတ်ပါသလား။

ဖြေ။      ။           လက်သန်းကြွယ်က အဖြစ်အများဆုံးဖြစ်ပြီးတော့ လက်မမှာလည်း အဖြစ်များပါတယ်။ တစ်ပြိုင်တည်း လက်ချောင်းတွေ အများကြီးမှာလည်းဖြစ်နိုင်ပါတယ်။

မေး။     ။           ဒီရောဂါ မျိုးရိုးလိုက်တတ်ပါသလား။

ဖြေ။      ။           မျိုရိုးလိုက်တတ်တာမျိုးတော့မရှိပါဘူး။ တစ်ဦးချင်းစီရဲ့ လက်ချောင်းလှုပ်ရှားမှုနဲ့ ဒဏ်ဖြစ်စေမှုပမာဏအပေါ်မှာပဲ မူတည်ပါတယ်။

မေး။     ။           ကုသမှုအနေနဲ့ ဘာတွေရှိပါသလဲ။

ဖြေ။      ။           ဒါကတော့ ရောဂါပြင်းထန်မှုအဆင့်ပေါ်မူတည်ပါတယ်၊ ပထမအဆင့်လောက်မှာဆိုရင်  အကိုက်အခဲပျောက်ဆေး သောက်တာ၊ ထိုးတာ၊ လက်ချောင်းတွေကို Splint တပ်ပြီး အနားပေးတာ စတဲ့ ကုထုံးတွေနဲ့တင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဒီကုထုံးတွေနဲ့ပျောက်ကင်းမှုမရှိဘူး။ ရောဂါ ဒုတိယအဆင့်ဆိုရင်တော့ ရောင်ရမ်းနေတဲ့ အကြောနေရာထဲထိ  စတီးရွိုက်ခေါ် အရောင်ကျဆေး ထိုးနှံတာရှိပါတယ်။ သူကတော့ ကာလအတန်ကြာတဲ့အထိ ရောဂါလက္ခဏာတွေကို သက်သာစေ နိုင်ပါတယ်။

မေး။     ။           အဲ့လို အရွတ်ကြောစတီးရွိုက်ထိုးဆေးကို (Steroid) မကြာခဏ ထိုးလို့ရပါသလား။ ဘယ်လိုဆိုးကျိုးတွေရှိနိုင် ပါလဲ။

ဖြေ။      ။           ဒီထိုးဆေးကိုတော့ သုံးလ သို့မဟုတ် လေးလလောက်ကိုမှ တစ်ကြိမ်လောက်ပဲ ထိုးနှံသင့်ပါတယ်။ စတီးရွိုက် ဆေးဖြစ်တဲ့ အတွက်  မကြာခဏထိုးရင် အရွတ်ကြောအားနည်းတာ စတဲ့ပြဿနာလေးတွေတော့ရှိနိုင်ပါတယ်။   ဒါပေမဲ့ စနစ်တကျ  ဆေးညွှန်းအတိုင်းထိုးနှံမယ်ဆိုရင်တော့ သိသိသာသာရောဂါသက်သာပျောက်ကင်းမှုရှိတဲ့ဆေးပဲဖြစ်ပါတယ်။

မေး။     ။           ခွဲစိတ်ကုသမှုကို ဘယ်လိုအခြေအနေတွေမှာ လိုအပ်လဲ၊ ဘာတွေလုပ်ရလဲဆိုတာလေးရှင်းပြပေးပါ။

ဖြေ။      ။           ပုံမှန်အထက်မှာ ဖော်ပြခဲ့တဲ့ ကုထုံးတွေနဲ့   မပျောက်ကင်းတော့ဘူး၊ ရောဂါကအဆင့်မြင့်နေမယ်၊ မကြာခဏ ပြန်ပြန်ဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ ခွဲစိတ်ကုသမှုကို ဆောင်ရွက်ရပါမယ်။

မခွဲစိတ်မီ လက်ကွေးနေပုံ

မေး။     ။           ခွဲစိတ်ကုသမှုအမျိုးအစားလေးတွေသိပါရစေ။

ဖြေ။      ။           အရွတ်ထိန်းအမြှေးကွင်းကို ခွဲစိတ်ဖြတ်တောက်တဲ့နေရာမှာ သမားရိုးကျဖွင့်၍ ခွဲစိတ်ခြင်း (Open Release)နဲ့ အရေပြားပေါ်မှ တစ်ဆင့် ခွဲစိတ်ဖြတ်တောက်ခြင်း (Percutaneous Release) ဆိုပြီး ခွဲစိတ်မှုနှစ်မျိုးရှိ ပါတယ်။

အရေပြားပေါ်မှတစ်ဆင့်     ခွဲစိတ်ဖြတ်တောက်နေပုံ

မေး။     ။           ဒီခွဲစိတ်မှုနှစ်ခု ဘာကွာခြားလဲ သိပါရစေ။

ဖြေ။      ။           သမားရိုးကျခွဲစိတ်မှုကတော့ ခွဲစိတ်ခန်းဝင်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ထုံဆေးထိုးပြီးခွဲစိတ်ရပါတယ်။ အရေပြားကို ဖွင့်ပြီး အထဲကအရွတ်ကြောနဲ့ အရွတ်ကြောထိန်းအမြှေးကွင်းအထိ ခွဲစိတ်ရှင်းလင်းဝင်ရောက်ပြီး အမြှေးကွင်းကို ခွဲစိတ်ဖြတ် တောက်တာဖြစ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ ပိုးဝင်နိုင်ခြေများတယ်၊ အဆစ်ခိုင်တာ၊ အမာရွတ်ကြီးတာ၊ အာရုံကြောငယ်လေးတွေ ထိခိုက်နိုင်တာတွေပဲဖြစ်ပါတယ်။ ဒုတိယနည်းလမ်းဖြစ်တဲ့ အရေပြားပေါ်မှတစ်ဆင့် ခွဲစိတ်ဖြတ် တောက်ခြင်းကတော့ အရေပြားကို ခွဲစိတ်တာမျိုးမရှိဘဲ  19 G Size ရှိတဲ့ အပ်ချွန်ကိုထိုးသွင်းပြီး အပ်ဖျားနဲ့အမြှေးကွင်းကို ဖြတ် တောက်တာပဲဖြစ်ပါတယ်။

မေး။     ။           ဒုတိယနည်းလမ်းက ဘာတွေပိုကောင်းနိုင်ပါလဲ။

ဖြေ။      ။           သူကတော့ ဆေးရုံတက်စရာမလိုဘူး၊ နာကျင်မှုသက်သာမယ်၊ အမာရွတ်မရှိဘူး၊ ပိုးဝင်နိုင်ခြေနည်းမယ်၊ အဆစ်ခိုင်တာ အဖြစ်နည်းမယ်။ ပိုကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

မေး။     ။           အတွင်းထိမမြင်ရဘဲ ဖြတ်တောက်ရတာဆိုတော့   ကုသမှုကအပြည့်အဝ အောင်မြင်ပါလား၊   အာရုံကြောငယ်၊ သွေးကြော စတာတွေ ထိခိုက်မှုရှိနိုင်လား ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။      ။           ဒီကုထုံးနဲ့ပတ်သက်ပြီး တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) မှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကျွန်တော်ခွဲစိတ်ကုသခဲ့တဲ့ လူနာ ၆၈ ဦးမှာ ၆၀ ဦးက အကောင်းမွန်ဆုံးရလဒ်နဲ့ ကျန်ရှစ်ဦးမှာ ကောင်းသောရလဒ်များကို ခွဲစိတ်အောင်မြင်မှုအနေနဲ့ တွေ့ရှိရပြီးဖွင့်၍ ခွဲစိတ်ခြင်းရလဒ်များနှင့်တူညီသော ခွဲစိတ်အောင်မြင်မှုနှုန်းကို ဖော်ထုတ်တွေ့ရှိ ခဲ့ရပါတယ်။ နောက်ဆက်တွဲအာရုံကြောနှင့်  သွေးကြောထိခိုက်မှု သုညရာခိုင်နှုန်းဖြစ်တဲ့အတွက် ထိရောက်တဲ့   ကုထုံးတစ်ခုဖြစ် ကြောင်းပြောချင် ပါတယ်။

မခွဲစိတ်မီနှင့်ခွဲစိတ်ပြီးရလဒ် နှိုင်းယှဉ်ပြပုံ

မေး။     ။           ဒါဆိုဒီရောဂါဖြစ်ရင် စိုးရိမ်ရပါလား၊ ကာကွယ်လို့ရောရပါသလား။

ဖြေ။      ။           အရမ်းစိတ်ပူစရာတော့မရှိပါဘူး၊ ရောဂါအဆင့်နဲ့ကိုက်ညီတဲ့ ကုသမှုကို စနစ်တကျခံယူတယ်ဆိုရင် ပျောက်ကင်း သွားတဲ့ ရောဂါဖြစ်ပါတယ်။ ကာကွယ်မှု အပိုင်းအနေနဲ့ကတော့ ရောဂါနဲ့သဘောသဘာဝ၊ ရောဂါဖြစ်နိုင်ခြေများတဲ့အခြေအနေတွေ၊ ဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိတွေကတစ်ဆင့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ဆင်ခြင် လိုက်နာ သွားမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

မေး။     ။           ဆောင်ရန်ရှောင်ရန်အချက်လေးတွေ သိချင်ပါတယ်။

ဖြေ။      ။           အဓိကကတော့ လက်ချောင်းလှုပ်ရှားမှုတွေ အလွန်အမင်းများပြားပြီး ဒဏ်ဖြစ်စေတဲ့ အခြေအနေတွေကို သတိထား ပြီး ရောဂါကိုပိုဆိုးစေတဲ့ လှုပ်ရှားမှုမှန်သမျှကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။လုပ်ငန်းခွင်နှင့်လူမှုဆက်ဆံရေးနယ်ပယ် များတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်သော လက်ပိုင်းဆိုင်ရာ ရောဂါများထဲမှအဖြစ်များသော လက်ချောင်း ကွေးအရွတ် ကြောရောင်ရမ်း ခြင်းနှင့် အကြောထုံးခြင်းတို့အား တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တွင် နိုင်ငံတကာအဆင့် ခေတ်မီ ကုထုံးများဖြင့် အောင်မြင်စွာကုသပေးလျက်ရှိပြီး အခြား အဖြစ်များသော  ရောဂါတစ်ခုဖြစ်သည့် လက်ကောက်ဝတ် အကြောရောင် ရမ်းခြင်းနှင့် အကြောထုံးခြင်း (de Quervain 's disease) အား သိလိုရာဆွေးနွေး အရိုးအကြော ကျန်းမာရေး အပိုင်း(၂)ဆောင်းပါးတွင်  ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။    ။

 

ဒေါက်တာဟိန်းလတ်ဝင်း