ဘေးအန္တရာယ်ကာကွယ်ထားစို့

 

ဘေးအန္တရာယ်တွေကို သဘာဝဘေးအန္တရာယ် (Natural Disaster) နဲ့လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်(Man-Made Disaster)ဆိုပြီး ခွဲခြားဖော်ပြလေ့ရှိပါတယ်။ မြေငလျင်လှုပ်တာ၊ မြေပြိုတာ၊ မီးတောင်ပေါက်ကွဲတာ၊ ရေကြီးတာ၊ မုန်တိုင်းတိုက်တာ၊ မိုးသီးကြွေတာ၊ အပူလှိုင်း၊ အအေးလှိုင်းဖြတ်တာ၊ ဆူနာမီရေလှိုင်းတက်တာ၊ ကူးစက်ရောဂါကပ်အသွင်ဖြစ်တာ စတာတွေ ဟာ သဘာဝဘေးအန္တရာယ်တွေပဲ ဖြစ်ပါတယ်။

ယာဉ်မတော်တဆမှု၊ မိုင်းတွင်းနဲ့အဆောက်အအုံပြိုကျမှု၊ ဓာတုစက်ရုံများနဲ့နျူကလီးယား ဓာတ်အား ပေးစက်ရုံများပေါက်ကွဲမှု၊ ဇီဝလက်နက်များ၊စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ လူမှု အဓိကရုဏ်းများ စတာတွေကတော့ လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေပဲဖြစ်ပါတယ်။

ဘေးအန္တရာယ်များနှင့်ပတ်သက်သောလိုက်နာဖွယ်ရာများ

ဘေးအန္တရာယ်များနဲ့ပတ်သက်ပြီး  သိသင့်တဲ့အချက်တွေကို   ကျန်းမာရေးဆိုင်ရာစံပြုအချက် အလက်များဆိုတဲ့ လက်စွဲစာအုပ်ထဲမှာ ဒီလိုရေးသားထားပါတယ်။

(၁)     မိုးလေဝသသတင်းများနှင့် ဘေးအန္တရာယ်သတိပေးချက်များကိုသတိပြုပါ။

(၂)      ကျန်းမာရေးအသိပညာများ၊  ကျန်းမာရေးသတိပေးနှိုးဆော်ချက်များကို ဂရုပြုလိုက်နာ         ဆောင်ရွက်ပါ။

(၃)     ဘေးအန္တရာယ်  မကျရောက်မီကတည်းက အရေးပေါ်ဆေးသေတ္တာ၊     အစားအစာ၊  သောက်သုံးရေနှင့်အခြား လိုအပ်သည်များကိုကြိုတင်စုဆောင်းပြင်ဆင်ထားရှိပါ။

(၄)     သန့်ရှင်းသောသောက်သုံးရေနှင့်အစားအစာများကိုသာစားသုံးပြီး  တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။

(၅)     ဘေးအန္တရာယ်   ကျရောက်ရာဒေသများ၌ ကျန်းမာရေးဝန်ထမ်းများမှ    ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းကူညီပါဆိုပြီး ဖော်ပြထားပါတယ်။

အရေးပေါ်ဆေးသေတ္တာထဲမှာဆိုရင် ပိုးသတ်ထားတဲ့ ဂွမ်း၊ စက္ကူတိပ်၊ အနာကပ်ပလာစတာ၊ ပတ်တီး လိပ်၊ အရက်ပြန်၊ ပိုးသတ်ဆေး၊ အနာကျက်ဆေးရည် (ဥပမာ- ဘီတာဒိုင်း)၊ ဇာဂနာ၊ ကတ်ကြေး အသေး၊ သာမိုမီတာ၊ တစ်ခါသုံးလက်အိတ်၊ ကိုယ်ပူကျနဲ့ အကိုက်အခဲပျောက်ဆေး (ဥပမာ- ပါရာစီတမော)၊ ချောင်းဆိုးပျောက်ဆေး (အရည်၊  သောက်ဆေး)၊ အစာအိမ်နဲ့ လေထိုး လေအောင့်အတွက် အစာအိမ်လေဆေး (ဥပမာ-Kremil S)၊ ဓာတ်မတည့်မှုနဲ့ ယားယံခြင်း အတွက်လိမ်းဆေး (ဥပမာ-Loratidine)၊ ဒဏ်ကြေလိမ်းဆေး (ဥပမာ- ပရုတ်ဆီ)၊ ဇင့်သောက် ဆေး၊ ဓာတ်ဆားထုပ်များ စတာတွေ ပါဝင်သင့်ပါတယ်။အန္တရာယ်ကျရောက်စဉ် ဆောင်ရွက်ရ မယ့်အမှုကိစ္စ များအန္တရာယ်ကျရောက်နေစဉ် ဆောင်ရွက်ရမယ့် အမှုကိစ္စတွေလည်း  ရှိပါတယ်။   လူ့သဘာဝအရ အန္တရာယ်နဲ့ရင်ဆိုင်ရပြီဆိုရင် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်တတ်ပါတယ်။  အရေးကြီးတဲ့ပစ္စည်းပဲသယ်ခဲ့လို့ပြောလိုက်ရင် လဲမှို့တောင်းကြီးရွက်လာတာမျိုးပေါ့။ ဒါကြောင့် အခုခေတ်တော့  ကြိုတင်ဇာတ်တိုက်ထားခြင်းတွေလေ့ကျင့်ထားကြပါတယ်။ငလျင်လှုပ်ရင်  စားပွဲအောက်ပုန်း၊ တံခါးကျည်းပေါင်အောက်နေဆိုတာတွေက  မမှန်ဘူးလို့ပြောပါတယ်။ Doug Copp ရဲ့ The Triangle of Life ဆိုတဲ့ဆောင်းပါးမှာ ကိုယ်ကအဆောက်အအုံထဲ ရောက်နေပြီဆိုရင် အပြင်ထွက်ပြေးဖို့ကလည်း မဖြစ်တော့ဘူးဆိုရင် ဆိုဖာကြီးကြီး  ဒါမှမဟုတ်   ဗီရိုကြီးကြီးလို ခိုင်ခံ့မှုရှိတဲ့ပရိဘောဂရဲ့ဘေးမှာ ခွေခေါက်ပြီး နေလိုက်ပါတဲ့။ ခွေးတွေ၊  ကြောင် တွေ၊  ကလေးငယ်တွေ၊ သန္ဓေသားလောင်းပုံစံအတိုင်း ခွေအိပ်နေသလိုပေါ့။ ခွေခေါက်နေတော့ ထိခိုက်ဒဏ်ရာရဖို့အခွင့်အရေး နည်းသွားပါတယ်။ ပြီးတော့ ဒေါက်တာကော့ပ်ပြောတဲ့ မျက်နှာ ကြက်ပြိုကျမှု၊ နံရံပြိုကျမှုဖြစ်တဲ့အခါ ခိုင်ခံ့တဲ့ပရိဘောဂပစ္စည်းရဲ့   တောင့်ခံမှုကနေပေါ်ပေါက် လာတဲ့   အသက်ကယ်တြိဂံလေးထဲမှာ ဝင်ထိုင်၊ ဝင်ခွေနေနိုင်ပါတယ်။ ဘေးအန္တရာယ်ကျရောက် တော့မယ်ကို ကြိုတင်သိနိုင်ရင်တော့ ဘေးအန္တရာယ်ကင်းတဲ့နေရာကို ပြောင်းရွှေ့ရမှာပေါ့။ ပြောင်းရွှေ့ဖို့ မလွယ်ကူဘူး၊ ဒါမှမဟုတ်မလိုဘူးဆိုရင်တော့ မိမိအိမ်ရဲ့အခိုင်မာဆုံး နေရာမှာ မိသားစုတွေအကုန်လုံး စုရုံးနေထိုင်ပါ။ သွယ်တန်းထားတဲ့ လျှပ်စစ်မိန်းခလုတ်ချထားပါ။  ဂက်အိုးတွေကိုရောပေါ့။ မိုးလေဝသသတင်းများ၊ ဘေးအန္တရာယ်သတိပေးချက်များနဲ့ ကျန်းမာ ရေးသတိပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ပါ။ ဘေးအန္တရာယ်မကျရောက်ခင်က တည်းက အစားအစာ၊ သောက်သုံးရေနဲ့ပုံမှန်သောက်နေကျ ဆေးဝါးများ၊ ပဋိသန္ဓေတားဆေး များကို အသင့်ကြိုတင်စုဆောင်းထားပါ။

ရေမျောစာ၊ အမှည့်လွန်စာ၊ ယင်နားစာများကိုမစားပါနဲ့။ အစားအစာများကို ယင်မနားစေရန်ဖုံး အုပ်ထားပါ။ ရေသန့်ဆေးထုပ်၊  ကလိုရင်းဆေး ခပ်ထားတဲ့ရေ ဒါမှမဟုတ် ကျိုချက်ထားတဲ့ရေ ကိုသာသောက်သုံးပါ။ ယင်လုံအိမ်သာကိုစနစ်တကျသုံးစွဲပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။ အစာမစားမီ၊ အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီ၊ အိမ်သာ သွားပြီးတိုင်း၊ အညစ်အကြေးကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်ဆေးပါ။ အမှိုက်များကိုစနစ်တကျစွန့်ပစ်ပါ။ ခြင်ကိုက်မခံရအောင်ခြင်ထောင်ဖြင့်အိပ်ပါ၊ ပိုးလောက်လမ်း နှိမ်နင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ပါ။ မြွေဆိုးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှု၊ ထိခိုက်ဒဏ်ရာရရှိမှု ဂရုပြုပါ။ ဘေးအန္တရာယ်ကျရောက်ပြီးနောက်  အဆုတ်ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ မြွေဆိုးအန္တရာယ်၊ ထိခိုက်မှုအန္တရာယ်စတဲ့ကျန်းမာရေး ပြဿနာများဖြစ်ပွား နိုင်ပြီးတကယ်လို့ဖြစ်ပွားရင်လည်း ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းသို့ ကုသမှုခံယူသင့် ပါတယ်။

တကယ်လို့ရေကြီး၊ ရေဝင်၊ မုန်တိုင်းလို မိုးနဲ့လေနဲ့ ဒဏ်ခံရရင် ဝတ်စရာ အဝတ်အစားမရှိ၊ ခြုံစရာစောင်မရှိ၊  ရေစိုပျက်စီးကုန်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုဘေးအန္တရာယ်ရှိနိုင် တဲ့ဒေသကပြည်သူတွေအနေနဲ့ အဝတ်အစား၊ စောင်၊ ခြင်ထောင်တွေကိုရေစိုခံအိတ်ထဲ၊ ရေလုံ သေတ္တာထဲသီးသန့်ထည့်ထားသင့်ပါတယ်။ ထောက်ပံ့တဲ့ပုဂ္ဂိုလ်များအနေကလည်း သန့်ရှင်းနွေး ထွေးတဲ့ အဝတ်အစားတွေကို ပေးေ၀သင့်ပါတယ်။ အစားအစာတွေ၊ သောက်ရေတွေကို ပေးဝေတဲ့အခါမှာလည်း သန့်ရှင်းတဲ့၊ အာဟာရဖြစ်မယ့်၊ လတ်ဆတ်တဲ့အစားအသောက်တွေ ဖြစ်စေချင်ပါတယ်။ အဆင့်ဆင့်သယ်ဆောင်ရမယ်ဆိုရင် အညစ်အကြေးတွေမကူးစက်အောင်  သေချာထုပ်ပိုးထားသင့်ပါတယ်။

လူတွေဘေးအန္တရာယ်ရောက်သလို  ပိုးဟပ်တွေ၊ ကြွက်တွေ၊ မြွေတွေစတဲ့အကောင်ပလောင် တွေလည်း ဒုက္ခရောက်ကြပါတယ်။ ဒီတော့ ဘေးလွတ်ရာကိုရှာဖွေကြရင်း လူတွေကို  ဒုက္ခထပ် ပေးသလိုဖြစ်သွားပါတယ်။ ဒါကြောင့် တိရစ္ဆာန်ကနေ ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း ကြိုတင်သတိထားရမှာပါ။ အဓိကကတော့ “လက်သန့်၊ အစာသန့်၊ ရေသန့်၊ အိမ်သာသန့်” ဆိုတဲ့သန့်လေးသန့်ရှိကြဖို့ပါပဲ။ မြွေအန္တရာယ်ကလည်း အရေးကြီးပါတယ်။ လမ်းပန်းဆက်သွယ် ရေးတွေပြတ်တောက်၊  ဘေးအန္တရာယ်ကျရောက်နေချိန်မှာ  အသုံးပြုနိုင်ဖို့ မြွေဆိပ်ဖြေဆေးတွေ ကိုလည်း ကြိုတင်စုဆောင်းထားသင့်ပါတယ်။ ပြည်သူများအနေနဲ့ကလည်း မိမိနေအိမ်အတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ဖို့၊ အမှိုက်ပုံ၊ ထင်းပုံတွေကို သယ်ယူပြောင်းရွှေ့မှု မလုပ်ခင် ရိုက်ပုတ် အသံပေးဖို့၊ ညဘက်အပြင်သွားတဲ့အခါ ဓာတ်မီး၊ မီးအိမ်နဲ့သွားလာဖို့၊ လည်ရှည်ဖိနပ်စီးကြဖို့၊ တွင်းခလောင်း၊ အပေါက်တွေထဲကို   လက်နဲ့အရမ်းမနှိုက်ကြဖို့ လုပ်ဆောင်ထားသင့်ပါတယ်။

မြို့ရွာတိုင်းမှာ     ရှေးဦးသူနာပြုသင်တန်း တက်ရောက်ထားတဲ့   စေတနာ့ဝန်ထမ်းတွေရှိဖို့လို ပတယ်။  မြွေကိုက်လူနာတစ်ယောက်ကိုတွေ့ရင် ဒဏ်ရာကိုရေနဲ့ဆေး  ဒါမှမဟုတ်  အဝတ်သန့် နဲ့ သန့်စင်ပေးရပါမယ်။ ဒဏ်ရာပေါ်ကို အဝတ်ခေါက်ထူထူ ဒါမှမဟုတ် ပတ်တီးခေါက်တင်ပြီး တင်းရုံပတ်တီးစည်းပေးပါ။ ဒဏ်ရာရှိတဲ့ခြေ၊ လက်ကိုမလှုပ်နိုင်အောင်သစ်သားချောင်းခံပြီး ကျပ်စည်းထားပါ။ မြွေဆိပ်ဖြေဆေးရှိတဲ့ ဆေးရုံဆေးခန်းကို လူနာကိုငြိမ်သက်စွာထားပြီး အမြန်ဆုံးခေါ်ဆောင်သွားဖို့လိုပါတယ်။

ထိခိုက်ဒဏ်ရာရထားတဲ့လူနာကလည်း သွေးထွက်လွန်ပြီး၊ အနာထဲပိုးဝင်ပြီး အသက်အန္တရာယ် ရနိုင်ပါတယ်။ အရိုးကျိုးဒဏ်ရာရရှိထားတဲ့သူတွေရှိခဲ့ရင် အနာကိုသန့်စင်ဆေးကြောပြီး ပတ်တီး ခေါက်ထူထူနဲ့ ဒဏ်ရာကိုခပ်တင်းတင်းလေး ပတ်တီးစည်းပေးရမှာပါ။ ကျိုးတဲ့အရိုးက အပြင်ကို ဖောက်ထွက်လာရင် အထဲပြန်သွင်းဖို့မကြိုးစားသင့်ပါဘူး။ သန့်ရှင်းရေးကို ဦးစားပေး လုပ်ဆောင်ပေးရမှာပါ။   မလှုပ်ရှားအောင်ကျပ်စည်းပေးရပါမယ်။   သောက်နိုင်ရင် ဓာတ်ဆား ရည်တိုက်သင့်ပါတယ်။ ဆေးရုံဆေးခန်းကို အမြန်ဆုံး ခေါ်သွားရပါမယ်။

ဘေးအန္တရာယ်တွေတွေ့ကြုံရတဲ့သူတွေက စိတ်ကျရောဂါလိုမျိုး   စိတ်ကျန်းမာရေး  ပြဿနာ တွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ကူညီပံ့ပိုးတဲ့သူတွေ၊ တာဝန်ရှိသူတွေ၊  ကျန်းမာရေးဝန်ထမ်း တွေအနေနဲ့ နားလည်ပေးရမှာပါ။ နှစ်သိမ့်ဆွေးနွေးပေးရမှာပါ။ ဘေးအန္တရာယ်တွေက ရှောင်လွှဲ လို့မရဘူးဆိုရင်တောင်  အချိန်မီသိရှိဖို့၊   လမ်းညွှန်ချက်တွေကိုလက်တွေ့လိုက်နာဖို့၊   အန္တရာယ် ကျရောက်ပြီးရင် အမြန်ဆုံးနဲ့အကောင်းဆုံး   ပြန်လည်ထူထောင်ဖို့လိုအပ်ပါကြောင်း ရေးသား လိုက်ပတယ်။