တိုက်ခိုက်မှုများနှင့် ဆက်လက် တွေ့ကြုံရဖွယ်ရှိသည့် ဆီးရီးယားရှိ အမေရိကန် ညွန့်ပေါင်းတပ်ဖွဲ့

တိုက်ခိုက်မှုများနှင့် ဆက်လက် တွေ့ကြုံရဖွယ်ရှိသည့် ဆီးရီးယားရှိ အမေရိကန် ညွန့်ပေါင်းတပ်ဖွဲ့

ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန်ဦးဆောင်သည့်   ညွန့်ပေါင်းတပ်ဖွဲ့၏ စစ်အခြေစိုက် စခန်းတစ်ခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည် ဆီးရီးယား အရှေ့မြောက်ပိုင်း   အယ်လ်ဆာဒါဒီမြို့အနီးရှိ   အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့၏   အခြေစိုက်စခန်း၌ ဖြစ်ပွားခြင်းဖြစ်ပြီး   တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည်တစ်ဦးမျှ ဒဏ်ရာရရှိခြင်းမရှိကြောင်း၊ သို့သော် အနီးအနားရှိ အရပ်သားများ ထိခိုက်မှုရှိကြောင်း အမေရိကန်စစ်ဘက်က   ဆက်လက်ထုတ်ပြန်သည်။

ညွန့်ပေါင်းတပ်ဖွဲ့အနေဖြင့် ၎င်းတို့အပေါ် ကျရောက်လာနိုင်သည့် တိုက်ခိုက်မှုများကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် အထိအခိုက် မရှိခဲ့ခြင်းဖြစ်ပြီး   မိမိကိုယ်မိမိ ကာကွယ်ခွင့်ကို  ဆက်လက်ထိန်းသိမ်းကာ    တိုက်ခိုက်မှုများအပေါ် တုံ့ပြန်မည်ဟု  အမေရိကန်စစ်ဘက်မှ   အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

ဆီးရီးယားရှိ အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့၏ စစ်အခြေစိုက်စခန်းများကို အများအားဖြင့် အီရန်က ထောက်ခံထားသော  ပြည်သူ့စစ်အဖွဲ့ သို့မဟုတ် လက်နက်ကိုင်အဖွဲ့က    တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။  သို့ရာတွင်   ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်းကို အတိအကျမသိရသေးပေ။

ဆီးရီးယားနိုင်ငံအတွင်း ပြည်ပတပ်များ တပ်စွဲထားခြင်းကို   ဆီးရီးယား အစိုးရက ဆန့်ကျင်ထားသော်လည်း   အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့မှာ နိုင်ငံအတွင်း   ဆက်လက် တပ်စွဲထားခြင်းဖြစ်သည်။   ဆီးရီးယားမြေ၌   အမေရိကန်

တပ်များ  တပ်စွဲထားခြင်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို  ချိုးဖောက်ခြင်းဖြစ်သည့်အပြင် နိုင်ငံအတွင်းရှိ သဘာဝ အရင်းအမြစ်များကို သိမ်းယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဆီးရီးယား အစိုးရကစွပ်စွဲထားသည်။

အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့သည်   အကြမ်းဖက် တိုက်ဖျက်ရေးအတွက်  ဆီးရီးယားသို့  ဝင်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ  ဆီးရီးယားနိုင်ငံအတွင်း ထကြွသောင်းကျန်းခဲ့သည့် စစ်သွေးကြွအဖွဲ့များမှာ အင်အားချည့်နဲ့ကာ   တခြားနိုင်ငံများသို့   ထွက်ပြေး တိမ်းရှောင်သွားပြီဖြစ်သည်။ သို့ရာတွင် အမေရိကန်စစ်ဘက်မှာ    ဆီးရီးယား၌ ဆက်လက် တပ်စွဲထားဆဲဖြစ်သည်။

ဆီးရီးယားစစ်ပွဲအတွင်း အမေရိကန်က  လုပ်ဆောင်ခဲ့သည့်   လေကြောင်းမှ တိုက်ခိုက်မှုများအတွင်း အရပ်သားအများအပြား သေဆုံးခဲ့ခြင်းကြောင့် နိုင်ငံအတွင်း ၎င်းတပ်များ တပ်စွဲထားခြင်းကို ဆီးရီးယားက   လိုလားခြင်းမရှိပေ။    အထူးသဖြင့်

အမေရိကန်စစ်ဘက်သည်   ဆီးရီးယား အစိုးရအားဖြုတ်ချရန်   ကြိုးပမ်းသည့် သူပုန်အဖွဲ့ကို  ယခင်က  လက်နက်နှင့် ငွေကြေးများ    ထောက်ပံ့ခဲ့ခြင်းကြောင့် ဆီးရီးယားစစ်ပွဲမှာ သက်ဆိုးရှည်ခဲ့ရခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အလားတူပင်  အမေရိကန်တပ်များသည် ဆီးရီးယားအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ယင်းနိုင်ငံအတွင်း တပ်ဖြန့်ထားခြင်းသည် ဆီးရီးယားနိုင်ငံ၏ အချုပ်အခြား အာဏာကို  ချိုးဖောက်ခြင်းဖြစ်သည်ဟု  ရုရှားက အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ဆီးရီးယားနိုင်ငံ၏ ပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ  ဆက်လက် တပ်ဖြန့်ထားခြင်းသည် ဆီးရီးယား၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ချိုးဖောက်ခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါ ညွန့်ပေါင်းတပ်ဖွဲ့သည်  ဆီးရီးယားအစိုးရကို  ဆန့်ကျင်၍  နိုင်ငံပိုင်နက်အတွင်း တပ်စွဲထားခြင်းကြောင့်   လာမည့် အနာဂတ်ကာလတွင် အီရန်က ထောက်ခံထားသည့်   လက်နက်ကိုင် တပ်ဖွဲ့၏  တိုက်ခိုက်မှုများနှင့် ဆက်လက် တွေ့ကြုံရဖွယ် ရှိလာနိုင်သည်။