နယူးကာဆယ်အသင်း၌ ကစားသမား လုံလောက်မှု မရှိတော့သည့်အတွက် နယူးကာဆယ်နှင့် ဆောက်သမ်တန် အသင်းတို့ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း အတည်ပြု

နယူးကာဆယ်အသင်း၌ ကစားသမား လုံလောက်မှု မရှိတော့သည့်အတွက် နယူးကာဆယ်နှင့် ဆောက်သမ်တန် အသင်းတို့ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း အတည်ပြု

နယူးကာဆယ်အသင်း၌   ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူများနှင့်  ဒဏ်ရာရရှိသူ များပြားနေ၍ ပွဲစဉ်ကစားရန်  ကစားသမား လုံလောက်မှု မရှိတော့သည့်အတွက် ဇန်နဝါရီ  ၂  ရက်တွင် ကစားရမည့် ဆောက်သမ်တန်နှင့် နယူးကာဆယ်အသင်းတို့ ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။

နယူးကာဆယ်အသင်း၌  အစောပိုင်းကတည်းက  ကိုဗစ်-၁၉  ရောဂါကူးစက်မှုများ ဖြစ်ပွားနေပြီး ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ  ၂၈  ရက်က  မန်ယူအသင်းနှင့် ပွဲစဉ်ကို ကစားခဲ့သော်လည်း အဆိုပါပွဲစဉ်အပြီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူများ   ဆက်လက်မြင့်တက်ခဲ့သည့် အပြင် ဒဏ်ရာရ ကစားသမားများပါ ထပ်မံတိုးမြင့်လာပြီးနောက်  ဒီဇင်ဘာ  ၃၁  ရက်က အဲဗာတန်အသင်းနှင့် ကစားရမည့်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ရပြီး ယခုအခါ ဆောက်သမ်တန် အသင်းနှင့်ပွဲစဉ်ကိုပါ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ကိုဗစ်-၁၉  ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲဝင် အသင်းများတွင် ကစားသမား လုံလောက်မှု မရှိတော့သည့်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် အများအပြားကို ရွှေ့ဆိုင်းခဲ့ရကာ ယခုအခါ နယူးကာဆယ် အသင်းအတွက် ဒုတိယမြောက်ပွဲစဉ်  ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင်ကစားမည့် အက်ဖ်အေဖလား ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းရဖွယ်ရှိနေကာ  ဆောက်သမ်တန် အသင်းအတွက်လည်း ဒုတိယမြောက်ပွဲစဉ် ရွှေ့ဆိုင်းရခြင်း ဖြစ်ကြောင်း သိရသည်။