မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ပင်လယ်ပျော်ဆလုံတို့ပျော်မွေ့ရာ

 

မော်ကင်း ခေါ် ဆလုံတို့၏ရိုးရှင်းသောဘဝပုံရိပ်ကို  ပြည်ပနိုင်ငံများ  ပိုမိုသတိပြုမိခဲ့ခြင်းသည်  ပြည်ပမှ  လာရောက်လေ့လာသူများနှင့် ပြည်တွင်းမှ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြတ်နိုးသူ တိုင်းရင်းသားတို့၏ ကြိုးပမ်းဖော်ဆောင်မှုကြောင့်ဖြစ်သည်။  ကော့သောင်းဆိပ်ကမ်းသည် သာယာလှပပြီး  အက်ဒမန်ပင်လယ်ပြင်တစ်ဖက်ရှိ ဘင်္ဂလားပင်လယ်အော် မိုးကုပ်စက်ဝိုင်း အဆုံးစွန်ထိ ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးနှင့်   အပြာရောင်ကောင်းကင်တို့ကို မျက်စိတစ်ဆုံး တွေ့ရလျက် ဟိုတစ်စု သည်တစ်စု  တိမ်စိုင်များ  လေစီးကြောင်းနှင့်အတူ ရွေ့လျားနေသည်မှာ ကော့သောင်းဆိပ်ကမ်းနှင့်   လိုက်ဖက်ညီလျက်ရှိရာ   သဘာဝပန်းချီကားချပ်ကြီး ရေးဆွဲထား သည့်ပမာ လှပနေသည်။ ဆလုံတို့၏  ဘဝဖြတ်သန်းမှုပုံရိပ်ကို ၁၉၄၀ ပြည့်နှစ်တွင် ကမ္ဘာက သတိပြုမိစေခဲ့သည့်စာအုပ်ကို   ထုတ်ဝေခဲ့သူမှာ ပြင်သစ်နိုင်ငံသား ပီဘီအီဗင်နော့ဖြစ်ပြီး ဆလုံ တို့ကို ကမ္ဘာကြီးနှင့် ဦးစွာ မိတ်ဆက်ပေးခဲ့သူမှာလည်း ၎င်းင်းပင်ဖြစ်သည်။ ပီဘီအီဗင်နော့၏ သားဖြစ်သူ  ဂျက်ဖ်အီဗင်နော့က ကမ္ဘာ့နိုင်ငံများ ပိုမိုစိတ်ဝင်စားစေခဲ့သည့်  ဆလုံတို့၏ ရိုးရာက ဗန်းလှေများအကြောင်းကို ပြည့်စုံစွာရေးသား၍ ထပ်မံမိတ်ဆက်ခဲ့ပြန်သည်။ ယင်းနောက် ဆလုံတို့၏ ရိုးရှင်းသောဘဝဖြတ်သန်းမှုနှင့် ဆန်းကြယ်စွာနေထိုင်တတ်သော  ရိုးရာဓလေ့တို့ကို ပြည်ပနိုင်ငံများ ထပ်မံသတိပြုမိစေရန်   ပြုလုပ်ခဲ့သူမှာ  ပြည်တွင်းရှိ စာပေ၊ ပန်းချီ၊ ဓာတ်ပုံ ပညာရှင်များတွင်   တစ်ဦးအပါအဝင်ဖြစ်သော ထားဝယ်မှ ပန်းချီပညာရှင် ဦးပြည်စိုးထွန်းဖြစ် သည်။ ပီဘီအီဗင်နော့၏    ဆလုံတို့အကြောင်းရေးသားထားသောစာအုပ်နှစ်အုပ်မှ ဓာတ်ပုံများ ကို ပန်းချီအဖြစ်ကူးဆွဲခွင့်ရခဲ့ပြီး ထိုပန်းချီကားများကို ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် မကြုံဂ လက်ရွာ (ဗိုလ်ချိုကျွန်း) ၌ ကျင်းပသည့် ဆလုံရိုးရာပွဲတော်ကြီးတွင် မြန်မာနိုင်ငံတောင်ဘက် စွန်းက  ပင်လယ်အလှ တစ်ကိုယ်တော်ပန်းချီပြပွဲမှ  ဆလုံတို့၏ပင်ကိုသဘာဝနှင့်  ရိုးရှင်းသော နေထိုင်မှုကို  ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ပင်လယ်ပြင်ရှိကျွန်းများတွင် နေထိုင်ကြသော ဆလုံတို့ ၏ ရိုးရာယဉ်ကျေးမှုနှင့် ဘဝဖြတ်သန်းမှုပုံရိပ်တို့ကို ပိုမိုသိရှိနိုင်ရန် ၎င်းင်းတို့နေထိုင်ရာ

ပင်လယ်ပြင်ရှိ ကျွန်းများသို့ သဘာဝအခက်အခဲများကို ကျော်ဖြတ်ကာ သွားရောက်၍  ဆလုံတို့ ၏  ဘဝပုံရိပ်ဓာတ်ပုံတို့ကို ထုတ်ဖော်ပြသနိုင်ခဲ့ရာ   နိုင်ငံအတွက် ဂုဏ်တက်စေခဲ့သည်။ ဆလုံ တို့သည်   ဂျလန်းကျွန်းတွင်လည်း ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးလက် ကျန်းမာရေးဌာနတို့ဖြင့် ပင်လယ်ပျော်ဆလုံတို့၏ လွတ်လပ်သောလူမှုဘဝကို ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေသည်။ ၂၀၀၈ ခုနှစ်တွင် ဆရာတော် အရှင်ကောသလဇောတိ(ဓမ္မာစရိယ B.A ၏စိတ်ရှည်သည်းခံ  ဇွဲသန်မှုဖြင့် ဆလုံကျွန်းများတွင်     ဘာသာသာသနာရောင်ဝါထွန်းလင်းခဲ့သည်။ သို့သော်လည်း ဆလုံကျွန်းတချို့၌  နတ်ကိုးကွယ် သောရိုးရာဓလေ့ဖြင့် ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။  ဂျက်ဖ်အီဗင်နော့ ဆလုံကျွန်းများသို့ရောက်ရှိခဲ့ပြီး ဆလုံတို့၏ရိုးရာလှေများ တည်ဆောက်ပုံနည်းလမ်းများ စာအုပ် ကို ဖခင်ထုတ်ဝေခဲ့သော ဆလုံတို့ဘဝပုံရိပ်များစာအုပ် အရွယ်အစားပုံစံအတိုင်း ထပ်မံထုတ်ဝေခဲ့ သည်။  ထိုစာအုပ်ကို ယခင်အတိုင်း ပြင်သစ်နှင့်အင်္ဂလိပ် နှစ်ဘာသာဖြင့်ထုတ်ဝေခဲ့ပြီး ရိုးရာလှေ တည်ဆောက်ပုံတို့ကို လှေကြိုးချည်နည်းပါမကျန်  ဓာတ်ပုံ၊ ပန်းချီများဖြင့်  ရေးသားဖော်ပြခဲ့ သည်။ ယခုအခါ ဆလုံတို့၏ရိုးရာ၊  ဓလေ့တို့ကို  မြန်မာနိုင်ငံမှ ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်သည်။

ဆလုံတို့သည် ပင်လယ်ပြင်ထွက်၍ ငါးဖမ်းသည်ဖြစ်စေ၊ လှေအသစ်ထွင်းသည်ဖြစ်စေ၊ တောလိုက်သည်ဖြစ်စေ နတ်ကိုတိုင်တည်ဆုတောင်းလေ့ရှိသည်။ အမျိုးသမီးများနှင့်ကလေးများ ကအစ မှိန်းတစ်ချောင်းကိုကိုင်၍ ငါးနှင့်ကင်းမွန်များဖမ်းဆီးလေ့ရှိသည်။ လှေဦးတွင် မှိန်းကိုင် လျက် ခန္ဓာကိုယ်ကို ၄၅ ဒီဂရီစောင်း၍ ရေထဲတွင်ရှိသော ငါးနှင့်ကင်းမွန်တို့ကိုဖမ်းဆီးရာတွင် ထူးချွန်ကြသည်။ ရေငုပ်ကိရိယာမပါဘဲ ပင်လယ်ပြင်၌ရေငုပ်ကြဆဲဖြစ်သည်။ ဆလုံတို့သည် ခုနစ်ပေခန့်ရှည်သော ရိုးရာကဗန်းလှေနှင့် ၂၅ ပေရှည်သော ကဗန်းအဒတ်လှေကြီးများကို အိမ်သဖွယ်ပြု၍ ပင်လယ်ပြင်တွင် မိသားစုလိုက် နေထိုင်လေ့ရှိသည်။ မုန်တိုင်းကြောင့် ပင်လယ် သို့မဆင်းနိုင်သောအချိန်များတွင် ကျွန်း၏ကုန်းတွင်းပိုင်း၌   အမဲလိုက်လေ့ရှိသည်။ အထူးသဖြင့် ယခုကဲ့သို့ မိုးရာသီတွင်ဖြစ်သည်။

ကျွန်းပေါ်တွင် ဆောက်လုပ်နေထိုင်သော ခြေတံရှည်အိမ်ထက် ပင်လယ်ပြင်တွင် မိသားစုနေ ထိုင်အသုံးပြုသော ကဗန်းအဒတ်လှေကို ဦးစားပေးပြုပြင်ကာ တန်ဖိုးထားလေ့ရှိသည်။   ပင်လယ်ပြင်ထွက်၍   ကင်းမွန်ဖမ်းသော လှေအသေးကို ကဗန်းဟုခေါ်ကြသည်။ ငါးဖမ်း၊ ကင်းမွန်ဖမ်းထွက်သော ကဗန်းအဒတ်လှေကြီးနောက်တွင် ရိုးရာသစ်ထွင်းလှေ ကဗန်းလှေငယ် များ အတန်းလိုက်ပါလေ့ရှိသည်။ မည်မျှပင် လှိုင်းထန်သော်လည်း ခုနစ်ပေအရှည်သာရှိသော ရိုးရာသစ်ထွင်းလှေကို ပင်လယ်ပြင်တွင် မနစ်မြုပ်အောင်စီးနိုင်ခြင်းသည် ဆလုံတို့၏ထူးခြား သော ဘဝပေးလက်ဆောင်တစ်ခုဖြစ်သည်။

ဆလုံတို့သည် ကဗန်းသစ်ထွင်းလှေဖြင့် ပင်လယ်တွင်းရှိ ကျွန်းများကြားမှ စီးဆင်းလျက်ရှိသော ရေစီးကြောင်းများ၊  လှိုင်းဂယက်များ၊ ရေဝဲကြီးများနှင့် ရေအောက်ကျောက်ဆောင်များ အန္တရာယ်ကိုလည်း ဖြတ်သန်းလှော်ခတ်သွားလာနိုင်ကြသည်။ ထိုသို့ ပင်လယ်ပြင်တွင် အထောက်အကူပစ္စည်းများမပါဘဲ လှည့်လည်သွားလာ၍ ရေငုပ်နိုင်ခြင်းသည် ရှားပါးသော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားရှိခြင်းဖြစ်သည်။

ပင်လယ်ပြင်ရှိ  ဆလုံကျွန်းတချို့တွင်ယနေ့တိုင် ဝိညာဉ်ပူဇော်မှုအပြင် ကတွိုင်းနတ်နှင့်  တူးဒါး နတ်ကိုးကွယ်ပသမှုများလည်းရှိသည်။ ဆလုံတို့သည် တစ်ဦးနှင့်တစ်ဦး မှိန်းတစ်ချောင်း၊    လှော်တက်တစ်ချောင်းအတွက်ဖြစ်စေ စကားများအငြင်းပွားပါက အော်ဟစ်ပြောဆိုခြင်းမရှိဘဲ သီချင်းကြီးသီဆိုသောပုံစံဖြင့် ဖြေရှင်းကြလေ့ရှိသည်မှာ ထူးခြားသောဓလေ့တစ်ခုအဖြစ်တွေ့ မြင်ရသည်။ ပင်လယ်ပြင်နှင့်မြင်တွေ့ရသော သဘာဝအလှတို့အား ဗုံတီးပြီး တေးသီချင်း တို့ကို လက်တန်းသီဆိုလေ့ရှိကာ ကလေးများကို အမည်ပေးရာတွင်လည်း ချစ်စနိုးဖြင့် ပင်လယ် သတ္တဝါတို၏ အမည်များကိုပေးလေ့ရှိသည်။  ရေသူမ၊ ရေသူထီးကို ရေငန်နတ်ဟုခေါ်လေ့ရှိကာ ကြောက်ရွံ့ကြသည်။     သေဆုံးသူကိုပို့ဆောင်ရာတွင်လည်း သင်္ချိုင်းသို့ တိုက်ရိုက်မသွားဘဲ ကတွိုင်းနတ် မိဘရိုးရာနတ်နန်းသို့ အရင်သွားရောက်ကာ ပြောဆိုတိုင်တည်လေ့ရှိသည်။ မြှုပ်နှံ မည့်နေရာတွင် သေသူသက်ရှိထင်ရှားရှိစဉ်က သုံးစွဲခဲ့သောပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာ၍ မရသောပစ္စည်းမှလွဲ၍ ပစ္စည်းအားလုံးမှ တစ်ဝက်ကို သေသူနှင့်အတူမြှုပ်နှံပေးလေ့ရှိသည်။ ယခုတိုင်ထိုရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်ဆဲဖြစ်သည်။

ကော့သောင်းမြို့မှ ၆၆ မိုင်ဝေးကွာသော အောင်ဘာစံပြကျေးရွာမှ ပင်လယ်ပြင်ရှိ ဆလုံကျွန်း များကို တွေ့မြင်ရမည်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတစ်လျှောက်ရှိ ဆလုံကျွန်းများတွင် ဆလုံတို့သည် လှိုင်း၊ လေအကာအကွယ်ရှိသောကျွန်းများတွင်သာ နေထိုင်လေ့ရှိသည်။ ဆလုံတို့ သည်   လမ်းလျှောက်တတ်စအရွယ်မှ အိုမင်းမစွမ်းအချိန်ထိ  ဝမ်းစာအတွက်  ကျွမ်းကျင်စွာ     ရှာဖွေစားသောက်ကြသည်။  ပင်လယ်ရေအကျဆုံးအချိန်တွင် ပင်လယ်ကြမ်းပြင်၌ နေထိုင်ကြ သည့် ရေသတ္တဝါများကို ဖမ်းဆီးလေ့ရှိပြီး မိသားစုလိုက် ဘဝကို  ပင်လယ်ပြင်ကြီးတွင် မြှုပ်နှံ ထားကာ မွေးဖွားချိန်မှသေဆုံးချိန်အထိ  ပင်လယ်ပြင်ရှိ ကျွန်းများကို ဝမ်းစာစားကျက်နယ်ပယ်  အဖြစ် သတ်မှတ်၍ နေထိုင်လျက်ရှိသည်။ဆလုံတို့သည်  လောတ  (Lawata)၊ လဘီ(Lbi)၊ ဂျအိ (Jait)၊ ဒန်း(Dubg) ဘာသာစကားဖြင့်‌ပြောဆိုကြသည်။  ထိုဘာသာစကားလေးမျိုးတွင်   ဒန်း ဘာသာစကားကို အဓိကထား၍ ပြောဆိုကြသည်။  အထူးသဖြင့်  မလေးရှားနှင့်   အဆက် အသွယ်ရှိသောဆလုံများက    လောတစကား၊   လန်ပိကျွန်းနှင့်  ဘုတ်ပြင်းမြို့နယ်တို့တွင် ဂျအိ စကား၊ မြိတ်ခရိုင်တွင် ဒန်းစကားနှင့် ကော့သောင်းခရိုင်ရှိကျွန်းများတွင် နေထိုင်သော ဆလုံများ က လဘီစကားကိုပြောဆိုကြသည်။

မြန်မာနိုင်ငံတောင်ဘက်စွန်းတွင်ရှိသော ကော့သောင်းမြို့၏ ကပ္ပလီပင်လယ်ပြင်တွင် ဆလုံ ကျွန်းများစွာရှိပြီး ပင်လယ်ပျော်ဆလုံတို့မှာ ရိုးရှင်းသောဘဝရပ်တည်မှုနှင့်  ဆန်းပြားသော  သက်ဝင်ယုံကြည်မှုတို့ဖြင့် လှည့်လည်သွားလာလျက်ရှိသည်။ မြန်မာ့ပင်လယ်ပြင်သည် သဘာဝ ကျွန်းတန်းများဖြင့် လှပလျက်ရှိပြီး ပြည်တွင်း ပြည်ပခရီးသွားများကို လန်ပိကျွန်းတန်းရှည်တွင် ရှိသည့်   အာဆီယံအမွေအနှစ်ဥယျာဉ်ကြီးကလည်း  ဆွဲဆောင်လျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံတောင်ဘက်စွန်းမှ ပင်လယ်ပျော်ဆလုံတို့ပျော်မွေ့ရာ ဆလုံကျွန်းများသည် ထာဝရသာယာလှပလျက်ရှိပြီး ကမ္ဘာက စိတ်ဝင်စားရာနေရာတစ်ခုအဖြစ် တွေ့မြင်ရခြင်းသည်  မြန်မာနိုင်ငံအတွက်  ဂုဏ်ယူဖွယ်ပြယုဂ်တစ်ခုအဖြစ်  ရှိနေပါကြောင်းရေး သားဖော်ပြလိုက်ပါသည်။